တရုတ် နယ်စပ်ကုန်သွယ်ရေး ပိတ်ထားလို့ ဒေသခံနဲ့ ကုန်သည်တွေ အခက်ကြုံ

RFA Burmese
2024.10.02
တရုတ် နယ်စပ်ကုန်သွယ်ရေး ပိတ်ထားလို့ ဒေသခံနဲ့ ကုန်သည်တွေ အခက်ကြုံ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
The KoKang

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၉ ဘီလီယံဖိုး ကုန်သွယ်ခဲ့တဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ် ခြောက်ခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်လိုက်တဲ့နောက်ပိုင်း တရုတ်ဘက်က လုံးဝ ပိတ်ထားပါတယ်။

ဒါကြောင့် ကုန်သည်တွေ၊ စိုက်ပျိုးရေးသမားတွေ၊ ကုန်ကားပိုင်ရှင်တွေ၊ ကားမောင်းသမားတွေနဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေကသာမက တရုတ်ပစ္စည်းကို အဓိကသုံးစွဲနေရတဲ့ ပြည်သူတွေလည်း အခက်အခဲဖြစ်ကြတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ကုန်ကားတွေ သွားမရတော့ လုပ်ငန်းတွေ ခက်ခဲကုန်တယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်းလမ်းမှာ သွားလာနေတဲ့ ကုန်ကားမောင်းသမားတစ်ဦးက ပြောပါတယ်။

“ကားသမား တော်တော်များများပေါ့။ အကျပ်အတည်းတွေတော့ ရိုက်ကုန်တာပေါ့။ အရင်တုန်းက ခေါက်ရေတွေ ရတယ်။ အခု အခေါက်ရေကလည်း မရ။ အကျပ်အတည်းတွေလည်း ဖြစ်ကြတော့ အုံနာတွေကလည်း ကားသမားတွေ ငဲပြီး မြဝတီ သွား၊ မိုင်းလားသွားပေါ့၊ အဲဒီလိုမျိုးပေါ့”

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံးကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်း စတဲ့ တရုတ်နယ်စပ်ဂိတ်ငါးခုကို TNLA/AA/MNDAA ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်က လွယ်ဂျယ် နယ်စပ်ဂိတ်ကို KIA က သိမ်းထားတာပါ။

“ဒေသခံထွက်ပစ္စည်းတွေလည်း တရုတ်ကို ရောင်းမရတော့တဲ့အတွက် အခက်အခဲဖြစ်နေပါတယ်”

အဲဒီဂိတ်ခြောက်ခုရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ ဒီနှစ် ၂၀၂၄ ဇွန်လအထိ အမေရိကန်ဒေါ်လာ ကိုးဘီလီယံဖိုးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မူဆယ်ဂိတ် တစ်ခုတည်းကတင် တစ်နေ့ကို အမေရိကန်ဒေါ်လာ ခြောက်သန်းခွဲဝန်းကျင်ရှိခဲ့ပြီး MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်စခန်းက ဒေါ်လာ တစ်သန်းရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ 

ဒီနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ၁၀၂၇ စစ်ဆင်ရေး ပထမတစ်ကြိမ် ပြီးခဲ့တုန်းက တရုတ်နားလည်မှုနဲ့ ပြန်ဖွင့်ခဲ့ပေမဲ့ ၁၀၂၇ ဒုတိယအကြိမ်မှာ လုံးဝပိတ်လိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က ကံပိုင်တည် နယ်စပ်ဂိတ်နဲ့ ရှမ်းမြောက်က မူဆယ်ဂိတ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပေမဲ့ အရင်လို ကုန်သွယ်တာ မရှိတော့ဘူးလို့ ပြောကြပါတယ်။

ဒီအခြေအနေကြောင့် ဒေသခံထွက်ပစ္စည်းတွေလည်း တရုတ်ကို ရောင်းမရတော့တဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ပန်ဆိုင်း (ကြူကုတ်) မြို့ခံတစ်ဦးက ပြောပါတယ်။

“ကျွန်မတို့ အဲဒီဂိတ်ကိုပဲ မှီခိုပြီး အသီးအရွက်တွေ သွားရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုကြတာ။ တချို့က တရုတ်က ကုန်ယူပြီး ပြန်ရောင်းတာလည်း ရှိတယ်။ အခုဂိတ် ပိတ်လိုက်တော့ အကုန်လုံး ခက်ခဲနေကြတယ်။ အလုပ်လက်မဲ့တွေလည်း တအားများလာတယ်”

တရုတ်ကိုရောင်းဖို့ ရည်ရွယ်ပြီး သီးနှံစိုက်တဲ့တောင်သူတွေလည်း အခု နောက်ပိုင်း သိပ်မရှိတော့သလို ကားသမားတွေလည်း အလုပ်မရှိကြတဲ့အတွက် ရွာပြန်ပြီး ရွာမှာရှိတဲ့အလုပ်တွေ လုပ်နေကြတယ်လို့ ပြောကြပါတယ်။

ရှမ်းမြောက်မှာ တစ်ခုတည်းဖွင့်ထားတဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ်မှာလည်း အချိန်အကန့်အသတ်နဲ့ သွားခိုင်းသလို မြန်မာဘက်က အကောက်အခွန်တွေလည်း စစ်ဆေးကန့်သတ်တာတွေ များနေပါတယ်။


ဆက်နွှယ်သောသတင်းများ

တရုတ်နဲ့ စစ်ကောင်စီတို့ ပိတ်ဆို့မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေ

ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ကချင်နယ်စပ်ကုန်သွယ်ရေး ခက်ခဲနေ

မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မှုစတင်


ဒါကြောင့် ကုန်သွယ်ရေး ကြန့်ကြာသလို ကုန်ပစ္စည်းတချို့လည်း ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအပြင် တရုတ်ဘက်က ပစ္စည်းတွေလည်း စျေးကြီးနေတယ်လို့ ပြောပါတယ်။

အခုဆို မိုင်းလားဘက်ကနေ ကုန်သွယ်နေရတယ်လို့ မူဆယ်ဘက်ကို ကုန်ကူးနေခဲ့တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

“(မိုင်းလား) ဘက်က အများကြီး မသွားကြတော့တာပေါ့နော်။ ခရီးသည်ကား နည်းနည်းပါးပါးလောက် အရေးကြီးတဲ့ ပစ္စည်းတွေဆိုလည်း အဲဒီလိုမျိုးပဲ သွားရတာပေါ့။ အခက်အခဲတွေကတော့ အများကြီးပါပဲ။ မြန်မာပြည်ဘက်က လူတွေပေါ့ဗျာ။ ကုန်သည်တွေလည်း နစ်နာတယ်။ ကားသမားတွေလည်း နစ်နာတယ်။ လုပ်ကိုင်စားသောက်ဖို့ကလည်း တော်တော် ခက်ခဲသွားတယ်။ နောက်ပြီးတော့ ကျွန်မတို့ လုံခြုံမှုတွေလည်း မရှိတော့ဘူးလေ”

မိုင်းလားဘက်က ကုန်သယ်ရင် ကားသေးတွေနဲ့ပဲ သယ်ရပြီး လမ်းခရီး ကြန့်ကြာသလို ကုန်ကျစရိတ်ကလည်း အရင်ကထက် ပိုများတယ်လို့ ပြောပါတယ်။

၂ဝ၁၉ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရသည့် တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းဂိတ် မြင်ကွင်း။ (RFA Photo)
၂ဝ၁၉ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရသည့် တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းဂိတ် မြင်ကွင်း။ (RFA Photo)

အခုအခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိခဲ့ပါ။

ကချင်ပြည်နယ် လွယ်ဂျယ်ဘက်ကို ကုန်ကူးခဲ့တဲ့ ကုန်ကားပိုင်ရှင်တစ်ဦးကလည်း သူ့လုပ်ငန်းက ကုန်ကားတွေ အကုန်ရပ်ထားရတယ်လို့ ပြောပါတယ်။

“လောလောဆယ်တော့ ဘယ်မှ ပြေးလို့မရဘူးပေါ့။ လက်ရှိက နားထားရတယ်။ နားထားပြီးတော့မှ တခြားအလုပ်တွေ လုပ်ပေါ့။ တော်တော်များများ အလုပ်မရှိဘဲ ဖြစ်သွားတာ။ ရှိတဲ့ဟာတွေလည်း ပြေးလို့မရ။ ကား တော်တော်များများက ရပ်ထားတာဗျ။ သူများတွေတော့ မသိဘူး။ ကျွန်တော့်ဆီမှာ သုံးစီးရပ်ထားတာ။ ဒီတိုင်း ရပ်ထားတာ ဘယ်မှမပြေးတော့ဘူး”

ကချင်ပြည်မှာ တရားဝင်ကုန်သွယ်ရေး နယ်စပ်ဂိတ်နှစ်ခုဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကံပိုင်တည် နယ်စပ်ဂိတ် နှစ်ခုမှာ လွယ်ဂျယ် နယ်စပ်ဂိတ်ကို KIA က သိမ်းယူထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မူဆယ်စခန်းကနေ ကုန်သွယ်မှုတန်းဖိုး အမေရိကန်ဒေါ်လာ ၃၄၉ သန်းရှိပြီး ကံပိုင်တည် စခန်းကနေ ၁၁၄ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။