ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ငှက်ဖျားရောဂါအတွက် ဆေးဝါးလိုအပ်နေ

2022.11.04
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ငှက်ဖျားရောဂါအတွက် ဆေးဝါးလိုအပ်နေ တိုက်ပွဲတွေကြောင့် သံလွင်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: STR/AFP

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်ဒေသမှာ အခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုဟာ အရင်နှစ် ကထက် ၁၀ ဆ မြင့်တက်လာတယ်လို့ နယ်စပ်မှာရှိတဲ့ စစ်ဘေး ဒုက္ခသည်တွေကို ဆေးဝါးကုသပေးနေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

မြန်မာပြည် အရှေ့တောင်ခြမ်းက ဒီဒေသဟာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံ၊ တိမ်းရှောင်ရာ နေရာဖြစ်သလို အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ကြတဲ့ လူငယ် တွေရှိရာ ဒေသလည်း ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ မယ်တော်ဆေးခန်းမှာ အရင်နှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ တစ်နှစ်လုံးမှာမှ ၂၀ ကျော်သာ ကုသခဲ့ရပေမယ့် အခု ၂၀၂၂ နှစ်မှာတော့ စုစုပေါင်း လူ ၂၀၀ ကျော်ကို ကုသပေးနေရတယ်လို့ မယ်တော်ဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

''နိုဝင်ဘာလအထိမှာ သူတို့ အခုအချိန်အထိ ချောင်းကမ်းနားမှာပဲ ဖြစ်သလို နေရတယ်။ အဲဒါကြောင့်မို့ ငှက်ဖျားပိုးဝင်ပြီး လူနာပိုများလာတာဖြစ်တယ်”

အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလကုန်အထိ ကိုးလအတွင်းမှာ စုစုပေါင်း လူနာ ၂၀၀ ကျော် သူတို့ဆေးခန်းကို လာရောက်ခဲ့ပြီး စက်တင်ဘာတစ်လတည်းမှာတင် ငှက်ဖျားရောဂါ ခံစားရသူ ၃၀ ကျော်လောက် ရှိတယ်လို့ မယ်တော်ဆေးခန်းက ဆရာဝန် တစ်ဦးက RFA ကို ပြောပါတယ်။

“ဘယ်နှခုလောက် များလာလဲဆိုရင် ပြီးခဲ့တဲ့နှစ်ကဆို တစ်နှစ်လုံးမှာမှ လူနာ ၂၀ ဝန်းကျင်၊ အဲဒီ လောက်ပဲရှိတာပေါ့။ Positive Cases (ငှက်ဖျား ဖြစ်ပွားမှု) က။ ဥပမာ - ဒီနှစ် စက်တင်ဘာလကုန်ဆို ၂၀၀ ကျော်လောက် တိုးလာတယ်။ Positive Rate က။ အခုထိလည်း ရှိနေတုန်းပဲ။ ပြီးခဲ့တဲ့လ ကိုးလပိုင်းကဆိုရင် ၃၀ ကျော်လောက်တော့ ရှိတယ်။ လစဉ်လိုလိုတော့ တက်နေတာပါပဲ”

ဒါဟာ သူတို့ဆေးခန်းကို လာရောက်ကုသတဲ့ လူနာအရေအတွက်သာ ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ သူတို့ လက်လှမ်းမမီနိုင်တဲ့ လူနာအတော်များများ ရှိနေနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ်နေရာအနှံ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး တပ်မဟာ ၅ ဖာပွန်မြို့နယ်နဲ့ တပ်မဟာ ၆ ထိန်းချုပ်ရာ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ မြိုမြဝတီမြို့နယ်တွေကနေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော် (၁၈၆,၄၇၁) ရှိတယ်လို့ KNU က ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ဘေးဒုက္ခသည်တွေ တော၊ တောင်တွေမှာ ဖြစ်သလို တိမ်းရှောင်နေရတာ၊ ခြင်ထောင်နဲ့ ဆေးဝါးလုံလောက်မှု မရှိတာတွေကြောင့် အခုလို ငှက်ဖျားရောဂါကူးစက်ခံရသူ ၁၀ ဆ ထိ တိုးလာတာလို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုရဲ့ တာဝန်ခံ က ပြောပါတယ်။

“ဘယ်လိုကြောင့် များလာလဲဆိုတော့ စစ်ဘေးဒုက္ခသည်ဆိုတာ စစ်ပြေးနေရတယ်လေ။ သူတို့က အိမ်ပေါ်မှာ မနေရဘူး၊ ဝါးရုံအောက်မှာတို့၊ ချောင်း၊ ကမ်းနားမှာတို့ နေရတယ် လေ။ စစဖြစ်ချင်းကဆို ခြင်ထောင်တွေ ဘာတွေမရှိတော့ အဲဒီ မိုးတွင်းပိုင်း ဟို ဧပြီလက နေ စပြီးတော့ တစ်မိုးတွင်းလုံး၊ အခု ဒီနိုဝင်ဘာလအထိမှာ သူတို့ အခုအချိန်အထိ ချောင်းကမ်းနားမှာပဲ ဖြစ်သလို နေရတယ်။ အဲဒါကြောင့်မို့ ငှက်ဖျားပိုးဝင်ပြီး လူနာ ပိုများလာတာဖြစ်တယ်”

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက သူတာဝန်ယူထားတဲ့ ဒီစစ်ဘေးဒုက္ခသည်စခန်း မှာဆိုရင် လူဦးရေ ၁,၁၄၀ နေထိုင်ပြီး လစဉ် စခန်းတစ်ခုလုံးရဲ့ ၅ ရာခိုင်နှုန်းခန့်ရှိတဲ့ လူ ၅၅ ဦးခန့်ဟာ ငှက်ဖျားရောဂါ ခံစားနေရတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို ပြည်တွင်းမှာ အလွယ်တကူ ဝယ်လို့မရအောင် စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ငှက်ဖျားရောဂါအတွက် ဆေးဝါးတွေကို ထိုင်း နိုင်ငံကနေပဲ မှာယူနေရတယ်လို့ သူက ဆိုပါတယ်။

နယ်စပ်တစ်လျှောက်မှာ ငှက်ဖျားရောဂါ ကုသပေးတဲ့ Shoklo Malaria Research Unit (SMRU) အဖွဲ့ထံကနေ ဆေးဝါးတချို့ ရရှိပေမယ့် လုံလောက်မှု မရှိဘူးလို့လည်း အဲဒီ စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံက ဆက်ပြောပါတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံနေတဲ့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တောနက် ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ငှက်ဖျားရောဂါဒဏ်ကို စစ်ဘေးဒုက္ခသည် တွေထက် သူတို့လို PDF တပ်ဖွဲ့တွေက ပိုခံစားရတယ်လို့ ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက သူဟာ ရှေ့တန်းထွက်ရင်း ငှက်ဖျားရောဂါဖြစ်လာခဲ့ပေမယ့် ဆေးဝါးမလုံလောက်တာကြောင့် အပြင်းအထန် ခံစားခဲ့ ရတယ်လို့ ပြောပါတယ်။

“ကျနော် ပထမဦးဆုံး ငှက်ဖျားဖြစ်တာက မစ်ရှင်တစ်ခုအနေနဲ့ သွားရင်းနဲ့ လမ်းမှာ ဖြစ်တာပေါ့နော်။ တစ်ပတ်လောက်ကို ကျနော်နားလိုက်ရတယ်ပေါ့။ ဒါပေမဲ့ အဲဒီ အချိန်က ငှက်ဖျားဆေးလည်း မသောက်လိုက်ရဘူး။ ဆေးလည်းမရှိဘူး။ အခြေအနေ အဆိုးဆုံးကတော့ ဂယောက်ဂယက် ဖြစ်သွားတာပေါ့နော်။ အဖျားက ၁၀၅ လောက် အထိ တက်သွားပြီးတော့ ပါးစပ်က တောက်လျှောက်တွေ အဲဒီလိုမျိုး ကြောင်သွားတဲ့ပုံစံ မျိုးပေါ့ အဲဒီလိုဖြစ်သွားတာ။ ပြီးတော့ အဖျားကျသွားမှပဲ ပြန်ပြီး ပုံမှန်ပြန်ဖြစ်သွား တာပေါ့”

သူ့အနေနဲ့ လစဉ် တစ်ရက်ကို ငါးကြိမ်လောက်အထိ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ ဝမ်းသွားတာတွေ ကြုံခဲ့ရပြီး ငှက်ဖျားဖြစ်ကြောင်း စစ်ဆေးနိုင်ခဲ့ပေမယ့် ဆေးဝါးမရှိတာ ကြောင့် သာမန် အဖျားပျောက်ဆေးတွေကိုသာ သောက်ခဲ့ရတယ်လို့လည်း သူ့ အတွေ့ အကြုံကို ပြောပြပါတယ်။

000_9WA4UC.jpg
တိုက်ပွဲတွေကြောင့် သံလွင်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်သားအမိကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: STR/AFP)

ငှက်ဖျားရောဂါဟာ တစ်ကြိမ်ရောဂါပိုး စတင်ကူးစက်ခံရပြီးရင် လစဉ်လတိုင်း အဖျားတက်လေ့ရှိပြီး လုံးဝပျောက်ကင်းဖို့ကို ဆေးဝါးအလုံအလောက်နဲ့ အတော်အချိန်ယူ ကုသရတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။

နောက်တစ်ကြိမ် အဖျားတက်လာတဲ့အခါမှာတော့ ဆေးဝါး မှာယူနိုင်ခဲ့ပေမယ့် လုံလောက်မှုမရှိတာကြောင့် ကိုယ်ခံအားမြင့်မားအောင် အစာများများစားတာ၊ ဓာတ်ဆားရေသောက် တာတွေကိုပဲ လုပ်နေရတယ်လို့ အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

သူတို့နေထိုင်ရာ ဒေသတစ်ဝိုက်မှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူ မတွေ့ရသေးပေမယ့် ငှက်ဖျားတစ်ကြိမ်ထက်မနည်း ဖြစ်ဖူးသူ၊ ငှက်ဖျားဆေး မသောက်နိုင်တာကြောင့် စိတ်မူမမှန် ဖြစ်သွားရသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ PDF တပ်ဖွဲ့ဝင် ဘယ်လောက်များများ ရှိသလဲဆို တာကို‌တော့ လုံခြုံရေးအခြေအနေကြောင့် သူက အတိအကျ ထုတ်မပြောပါဘူး။

PDF တပ်ဖွဲ့ဝင်တွေ ရှေ့တန်းက ပြန်လာရင် ၁၀ ဦးမှာ ကိုးဦးလောက်က ငှက်ဖျားရောဂါပိုး ပါလာတက်ပြီး ရွာသားတွေမှာတော့ ၁၀ ဦးမှာ နှစ်ဦးနှုန်းလောက် ငှက်ဖျားဖြစ်လေ့ ရှိတယ် လို့ နယ်စပ်တစ်လျှောက်မှာ လက်နက်ကိုင် တိုက်ပွဲဝင်သူတွေ၊ ရွာတွေထဲက အရပ်သားတွေ ကို ဆေးကုသပေးနေတဲ့ ဆေးမှူးတစ်ဦးက ပြောပါတယ်။

ငှက်ဖျားဆေး ရရှိနိုင်ဖို့ ခက်ခဲတဲ့ အခုလိုအခြေအနေမျိုးမှာ ငှက်ဖျားဖြစ်တာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခြင်အကိုက် မခံရအောင် ကြိုးစားနေထိုင်ဖို့ပဲ ဖြစ်တယ်လို့ အဲဒီဆေးမှူးဖြစ်သူက အကြံပြုတိုက်တွန်းပါတယ်။ ‌

“ဘယ်သူမဆို အနည်းနဲ့အများတော့ ကိုက်ခံရတာပဲဗျ။ တောထဲဆိုရင် တောထူရင်တော့ ခြင်များတာပဲဗျ။ ဘယ်လိုကာကွယ်မလဲဆိုရင်တော့ ခြင်မကိုက်အောင်နေ။ ရွာသားတွေ မှာ ငှက်ဖျားတစ်ယောက်ဖြစ်ပြီဆိုရင်တော့ ခြင်မကိုက်အောင် အဓိကထားပြီး နေခိုင်း တာပဲ လုပ်လို့ရတယ်ဗျ။ ငှက်ဖျားနဲ့ ပတ်သက်ရင်တော့ Primaquine မရဘူး အဲဒါက တစ်ချက်။ Chloroquine တော့ ပေါတယ်။ Coartem လိုဟာမျိုးလည်း အနည်းငယ် ရှိတယ်။ ဒါပေမဲ့ အဲဒါက မပေါဘူးဗျ။ အားရှိအောင်နေ။ ဒီလိုပဲဗျ။ ငှက်ဖျား ကာကွယ် ဆေးကလည်း ထိုးပေးလို့ မဖြစ်နိုင်လို့ဗျ”

သူ့အနေနဲ့ ငှက်ဖျားကုသရာမှာ လူနာတွေကို Chloroquine ဆေးကို ပထမရက်မှာ လေးလုံး၊ ဒုတိယနဲ့ တတိယရက်မှာ နှစ်လုံးစီ ပေးလေ့ရှိသလို Coartem ဒါမှမဟုတ် အခြား အလားတူဆေးတစ်မျိုးကို ပေးပြီး ကုသနေတယ်လို့ ဆိုပါတယ်။ ငှက်ဖျားရောဂါကို ကုသရာမှာ ၁၄ ရက်ဆက်တိုက် သောက်ရတဲ့ Primaquine ဆိုတဲ့ ဆေးကတော့ ဝယ်ယူရခက်ခဲလို့ မသုံးဖြစ်ဘူးလို့ ဆက်ပြောပါတယ်။

ငှက်ဖျားရောဂါဟာ ရောဂါပိုးကို သယ်ဆောင်လာတဲ့ Anopheles ခြင်အမျိုးအစား အကိုက်ခံရရာကနေ အလွယ်တကူ ဖြစ်တတ်တဲ့ ရောဂါဖြစ်ပြိး လုံလောက်တဲ့ ဆေးကုသမှု မရရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ငှက်ဖျားရောဂါရဲ့ လက္ခဏာတွေကတော့ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်တာတွေကို ရောဂါပိုးရှိထားတဲ့ ခြင်ကိုက်ခံရပြီး ၁၀ ရက်ကနေ ၁၅ ရက်အတွင်းမှာ တွေ့နိုင်သလို ဒီရောဂါဟာ မကုသဘဲထားရင် ၂၄ နာရီ အတွင်း ဖျားနာရာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ WHO က သတိပေးထားပါတယ်။

WHO က ငှက်ဖျားကင်းစင်နိုင်ငံတွေအဖြစ် ကြေညာထားတဲ့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ၁၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှဒေသမှာတော့ မော်ဒိုက်နိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတို့သာ ပါဝင်နေတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာ နယ်စပ်က စစ်ဘေးဒုက္ခသည်တွေဟာ ငှက်ဖျားရောဂါ ကုသဖို့အတွက် ဆေးဝါးတွေ အရေးတကြီး လိုအပ်နေသလို လာမယ့် ဆောင်းရာသီအတွက် အနွေးထည်နဲ့ ခြုံစောင်တွေပါ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီနေသူ တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။