အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမတွေ လုံခြုံမှုကင်းမဲ့နေ

2022.06.23
အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမတွေ လုံခြုံမှုကင်းမဲ့နေ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောက်တက်နေ သူများကို ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် တွေ့ရစဉ်
Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် (PDF) တွေရဲ့ လက်ချက်ကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမတွေရော CDM မှာ မပါဝင်သူတွေပါ သေဆုံးနေရတယ်လို့ လေ့လာစောင့်ကြည့်သူ တွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်အချက်အရ အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့အထိ အသတ်ခံရတဲ့ ပညာရေးဝန်ထမ်း ၄၀ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာမလုပ်ဖို့ အတိအလင်း ညွှန်ကြားထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ရေးပစ်မှတ်တွေ သတ်မှတ်တဲ့အခါမှာ စစ်ရေးကိစ္စရပ်တွေကိုပဲ သတ်မှတ်ဖို့ဆိုတာ အတိအလင်း ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ ဒလန်ဆိုပြီးတော့လည်း လက်လွတ်စပယ် သတ်တာမျိုးတွေကို ကျနော်တို့ လုံးဝ လက်မခံပါဘူး။ တကယ့် စစ်ရေးအရပေါ့နော် အရေးယူဖို့သင့်တယ်ဆိုတဲ့ ကိစ္စရပ်တွေမှာပဲ ဆောင်ရွက်ဖို့၊ ဒီလို ဆောင်ရွက်တဲ့အခါမှာလည်း တစ်ယောက်တည်းက ဆုံးဖြတ်တာမဟုတ်ဘဲ အစုအဖွဲ့နဲ့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ဆုံးဖြတ်ဖို့ဆိုတာကို ဒါကျနော်တို့ ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်ခင်ဗျ”

စစ်ကောင်စီအနေနဲ့ သူတို့ရဲ့လက်ချက်နဲ့ သေဆုံးသွားရသူတွေကို ပြည်သူတွေ အထင်လွဲ အောင် လုပ်ပြ နေတာကြောင့် ပြည်သူတွေအနေနဲ့ ဒီအပေါ်မှာလည်း အထူးသတိထားဖို့ လိုမယ်လို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။

Save the Children အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း စာသင်ကျောင်း တွေ အပါအဝင် ပညာရေး အဆောက်အအုံ ၂၆၀ တိုက်ခိုက်ခံရတာ၊ ပေါက်ကွဲမှု အကြိမ် ၁၉၀၊ မီးရှို့မှု ၃၃ ကြိမ်နဲ့ တိုက်ခိုက်ခံရတဲ့ ဆရာဆရာမ ၁၀ ဦးအထိ ရှိခဲ့တာကြောင့် ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ အခု ဇွန်လထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

လက်ရှိ CDM လုပ်ထားတဲ့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာမတစ်ဦး ကတော့ ကလေးတွေရဲ့ ပညာသင်ကြားခွင့်ကို အဖွဲ့အစည်းတွေအနေနဲ့ လေးစားဖို့လိုတယ် လို့ ပြောပါတယ်။

“ဒီလိုမျိုးတွေရှိတဲ့အတွက်ကြောင့် ကလေးတွေကို ထိခိုက်မှာကတော့ ကျမကတော့ မလိုလားပါဘူး။ ပြီးတော့ ဘယ်သူပဲ လုပ်သည်ဖြစ်စေပေါ့နော်။ ကလေးတွေကို ထိခိုက်တဲ့လုပ်ရပ်အတွက် သူတို့မှာလည်း Child Law လည်းရှိတယ်။ Child Right လည်းရှိတယ်။ ဒီအခွင့်အရေးတွေ ကလေးသူငယ် အခွင့်အရေးတွေ ဘယ်သူပဲ တက်တက်ပေါ့နော် ကလေးကတော့ သူ ပညာသင်ခွင့်ကတော့ ရှိနေမှာပဲလေ။ ထားတာကတော့ ဘယ်လိုမျိုး နည်းမျိုးစုံပဲထားထား ဒီစာသင်ကျောင်းတွေမှာ ဗုံးပေါက်တယ်ဆိုတဲ့ ကိစ္စကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ ကျမ ထင်ပါတယ်ရှင့်”

စာသင်ကျောင်းတွေလည်း ဘယ်ဘက်ကဖြစ်ဖြစ် မတိုက်ခိုက်သင့်သလို လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင် အခြေအနေအရ CDM မှာ မပါဝင်ခဲ့ရသူတွေကိုလည်း အပြစ်မတင်သင့်တာကြောင့် အသတ်ခံရတဲ့ သတင်းတွေအပေါ် စိတ်မကောင်းဖြစ်ရ တယ်လို့ CDM ဆရာမက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ဘိုတဲရွာမှာ အလယ်တန်း ကျောင်းအုပ်ဆရာမ ဒေါ်မိုးမိုးခိုင်နဲ့ ညီမဖြစ်သူ ဒေါ်ကေဇာခိုင်တို့ဟာ နေအိမ်မှာရှိနေချိန် ပစ်သတ်ခံခဲ့ရပါတယ်။

ဒီလူသတ်မှုကို ဒေသခံကာကွယ်ရေးတပ် (PDF) တွေဘက်က လုပ်တာလို့ စစ်ကောင်စီ ဘက်က စွပ်စွဲပေမယ့် ဝက်လက် PDF ရဲ့ ပြောခွင့်ရသူကတော့ ဘယ်အဖွဲ့အစည်းကမှ နာမည်ထုတ်ဖော်တာ မရှိသေးတဲ့အတွက် စွပ်စွဲရခက်တယ်လို့ ဆိုပါတယ်။

အခုလို CDM မလုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်တာမျိုးကို လုံးဝလက်မခံနိုင်ဘူးလို့လည်း ဝက်လက် PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သတင်းပေးတယ်၊ မပေးတယ်ဆိုတာကတော့ အဲဒီ အသတ်ခံရတဲ့သူတွေ အပေါ်မှာ တော့ မသိဘူး။ ဒါပေမဲ့ သတ်တဲ့ လူတွေကတော့ ဒလန်ဆိုပြီးတော့ သတ်တာလား မသိဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျနော်တို့က ရှုတ်ချတယ်။ ကျနော်တို့က ပညာရေးဝန်ထမ်းပဲဖြစ်ဖြစ်၊ CDM မလုပ်ထားလို့ ဒလန်ဆိုပြီး စွပ်စွဲသတ်ဖြတ်တာ မျိုးတော့ ကျနော်တို့က လက်သင့်မခံဘူး။ တော်လှန်ရေးလုပ်တာ လုပ်တာပဲ။ အဲဒီ ကိစ္စတော့ လက်သင့်မခံဘူး။ နိုင်ငံတကာ ဥပဒေနဲ့လည်း မညီဘူး။ ဒီမိုကရေစီလိုချင် လို့သာ ကျနော်တို့က တော်လှန်ရေး လုပ်နေကြတာကိုး။ မဖြစ်မနေ လက်နက်ကိုင် လမ်းစဉ်အရ လျှောက်လမ်းရလို့မို့။ ကျနော်တို့ကို နိုင်ငံတကာက အကြမ်းဖက်အဖွဲ့လို့ မြင်သွားမှာပေါ့”

အခုလို လုပ်ရပ်မျိုးကိုဆောင်ရွက်ဖို့ NUG ကလည်း ခိုင်းထားတာမရှိသလို တကယ်လို့ လုပ်တဲ့အဖွဲ့အစည်းကို တိတိကျကျ သတင်းပေးနိုင်ရင်၊ စုံစမ်းလို့ မှန်ကန်တယ်ဆိုရင် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

အခုလိုတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းက စစ်တပ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ပြည်သူ့အာဏာကို အတင်းရယူပြီး လည်ပတ်ဖို့ ကြိုးစားတဲ့အခါမှာ မအောင်မြင်တဲ့ အကျိုးဆက်တွေပဲလို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောပါတယ်။

"ဘယ်သူပဲ တက်တက်ပေါ့နော်၊ ကလေးကတော့ သူ ပညာသင်ခွင့်ကတော့ ရှိနေမှာပဲလေ"

လက်နက်ကိုင် မဟုတ်တဲ့သူကို တိုက်ခိုက်သတ်ဖြတ်တာဟာ ရာဇဝတ်မှုမြောက်တယ်လို့ နိုင်ငံတကာက လက်ခံထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည် ဇင်စိုး က ပြောပါတယ်။

“လက်နက်ကိုင် မဟုတ်ဘူး ရန်သူမဟုတ်တဲ့သူကို အဲလိုမျိုး သတ်ဖြတ်နေတယ် ဆိုတဲ့ဟာက လုပ်ကိုလုပ်လို့ မရဘူး။ နိုင်ငံတကာနဲ့ ကမ္ဘာအရပ်ရပ်ကလည်း Crime အဖြစ် သတ်မှတ်ထားတာ။ ရာဇဝတ်မှုပေါ့နော်။ အဲလို သတ်မှတ်ထားတာ။ အဲဒီ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ဥစ္စာကြီးက တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ပြန်ပြီး တာဝန်ခံဖို့အတွက် လုပ်ကိုလုပ်ရမယ်။ မလုပ်နိုင်ရင်လည်း ဒီတရားမျှတမှု မတည် ဆောက်နိုင်တဲ့ လူမှုအသိုင်းအဝိုင်းက ဘယ်တော့မှ သာယာစရာမရှိဘူးဆိုတဲ့ဟာက ကမ္ဘာ့သမိုင်း အတွေ့အကြုံတွေ ရှိထားပြီးသား”

ဘဝကို ရင်ဆိုင်ဖြတ်သန်းရာမှာ လိုအပ်တဲ့အသိပညာဉာဏ် ရှိရမှာဖြစ်ပြီး အဲဒီလို အခြေအနေတွေပေးနိုင်တဲ့ ကျောင်းတွေဆီကို မသွားနဲ့လို့ပြောတာဟာ လက်ရှိ လူမှုအသိုင်းအဝိုင်းကိုတင် ဖျက်ဆီးရုံသာမက နောင်အနာဂတ်ကိုပါ ဖျက်ဆီးနေတယ် ဆိုတာ မြင်တတ်ဖို့လိုတယ်လို့လည်း ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

ဘယ်သူပဲ တက်တက်ပေါ့နော် ကလေးကတော့ သူ ပညာသင်ခွင့်ကတော့ ရှိနေမှာပဲလေ"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပညာရေးဝန်ထမ်းတွေကို PDF တွေက နှောင့်ယှက်သတ်ဖြတ်ခဲ့တာလို့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ဒီလို ကျောင်းတွေ ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး NUG နဲ့ PDF အမည်ခံ အကြမ်းဖက် သမားတွေနဲ့ ပြည်ဖျက် မီဒီယာတွေက ကျောင်းတွေမဖွင့်နိုင်အောင် ခြိမ်းခြောက် နှောင့်ယှက်တာတွေကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်မှာတော့ အကြမ်းဖက်သမားများရဲ့ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် မိုင်းထောင်၊ မိုင်းခွဲ မီးရှို့ ဖျက်ဆီးခံရတဲ့ စာသင်ကျောင်းပေါင်း ၅၀၄ ကျောင်း ရှိပါတယ်။ ဆရာ၊ ဆရာမ ၃၇ ဦး သေဆုံးခဲ့ပါတယ်”

စစ်ကောင်စီရဲ့ ထုတ်ပြန်အချက်တွေအရ အာဏာသိမ်းတစ်နှစ်ကျော် အခုနှစ် မေလ ၂၇ ရက်နေ့အထိ ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်း စုစုပေါင်း ၄၀ ဦးကို PDF တွေက သတ် ဖြတ်ခဲ့ပြီး ဒီအထဲမှာ စစ်ကိုင်းတိုင်းက ၁၈ ဦးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာ ၁၁ ဦး၊ မန္တလေးတိုင်းမှာ ခုနစ်ဦး၊ ရန်ကုန်တိုင်းမှာ နှစ်ဦးနဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ တစ်ဦးစီ တို့ ပါဝင်ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ပညာရေးဝန်ထမ်း ၁၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၁ ဦးရှိတယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ ကျောင်းသားမိဘတစ်ဦးကတော့ လက်ရှိ ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ သားသမီး တွေကို ကျောင်းမလွှတ်ရဲသေးဘူးလို့ RFA ကို ပြောပါတယ်။

“ဒီလို အန္တရာယ်တွေ များနေတဲ့ကာလကြီးမှာ ကလေးတွေကို ကျောင်းကိုမလွှတ်ရဲဘူး။ ကျောင်းမှာ တစ်ခုခု ဗုံးပေါက်မလား၊ တစ်ခုခု ပစ်မှုခတ်မှုဖြစ်မလား။ ကျောင်းရှေ့ တွေမှာ နောက်ဆုံး ရှင်းရှင်းပြောရင် လက်နက်ကြီးတွေကိုင်ပြီး စောင့်ပေးနေတဲ့ လုံခြုံရေးယူပေးနေတယ်ဆိုတဲ့ဟာကို ကလေးတွေရဲ့မျက်လုံးထဲမှာ ရုပ်ရှင်မှာပဲ မြင်ဖူးတာဗျ။ အပြင်မှာမမြင်ဖူးဘူး။ လက်နက်တွေနဲ့ စစ်သားတွေ၊ ရဲတွေက ကလေးတွေကို စောင့်နေတယ်။ လက်နက်ကြီးတွေ ကိုင်ပြီးသွားလာနေတာကို ကလေးတွေရဲ့ စိတ်ထဲမှာ စွဲသွားမှာ။ အဲဒါမျိုးတွေကို ကျနော်က ကလေးတွေကို မမြင်စေချင်တာ။ အဲဒီအတွက်ကြောင့်လည်း ကျောင်းမထားတာ”

ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကို ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ တွေ့ရစဉ် (Photo: RFA)
ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကို ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ တွေ့ရစဉ် (Photo: RFA)

စစ်ကောင်စီရဲ့ ပညာရေးဟာ အတန်းတင်ပေးတဲ့ ပညာရေးစနစ်တစ်ခုသာဖြစ်ပြီး ပညာအရည်အချင်း တိုးတက်လာတာမျိုး မရှိနိုင်ဘူးလို့ ထင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

တချို့မြို့တွေမှာ စာသင်ကျောင်းအတွင်း ဗုံးတွေ့တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ကျောင်းသားမိဘအချို့ အိမ်မပြန်ဘဲ ကျောင်းအပေါက်ဝ အနားတစ်ဝိုက်မှာ ထိုင်စောင့်နေ တာနဲ့ ကျောင်းမလွှတ်ခင် ကိုယ့်သားသမီးကို ပြန်ခေါ်ဖို့ ကြိုးစားတာတွေအထိ ရှိနေတာပါ။

NUG ရဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကတော့ အခုကာလမှာ ကျောင်းထားဖို့ မိဘတွေ စိတ်ပူနေတာကို သဘောပေါက်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကနေ ကျောင်းတွေမှာ တပ်စွဲထားတဲ့ အနေအထားတွေ၊ ဆရာ၊ ဆရာမတွေကို သူတို့ ဖမ်းဆီးတာ၊ နှိပ်စက်တာ တချို့ ဆရာ၊ ဆရာမတွေဆိုရင် အသက်ဆုံးရှုံးတာ ရှိကြတာပေါ့နော်။ ဒီလိုမျိုး လုံခြုံမှု မရှိတဲ့ ပညာရေးဝန်းကျင်မှာ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းတက်ရမယ့်အချိန်မှာလည်း ဒါစိုးရိမ်ချက်တွေ ရှိကြတာကိုတော့ ကျနော်တို့ ကြားရတယ်ပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစည်း တိုက်ခိုက်တယ်ဆိုတာ ကျနော်တို့ဘက်က တိုက်တယ်ဆိုတာကတော့ တစ်ခါမှ မကြားဖူးပါဘူး။ မည်သို့ပင်ဖြစ်စေ ဆရာ၊ ဆရာမတွေကိုတော့ ဘယ်ဘက်ကမှ တိုက်တာ အဆင်မပြေဘူးပေါ့နော်။ ဒီလိုမျိုးတော့ ကျနော် ပြောချင်တယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လက်ရှိ မြေပြင်မှာ မူလအခြေခံပညာရေး (Home Based Education) နဲ့ လူထုအခြေပြုပညာရေး (Community Based Education) တွေအပြင် အွန်လိုင်းကနေလည်း သင်ကြားရေးတွေလုပ်ပေးနေပြီး ပုဂ္ဂလိက ပိုင်းကနေလည်း စာသင်ကြားခွင့်ရရှိဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။