ကျောင်းသားသပိတ်နဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲအပေါ်လေ့လာသူတွေရဲ့ သုံးသပ်ချက်
ဒီမိုကရေစီပညာရေးအတွက် ခရီးရှည်ချီတက်နေတဲ့ ကျောင်းသားသပိတ်နဲ့ ဒီနေ့ပြုလုပ်မယ့် အစိုးရနဲ့ ဆွေးနွေးပွဲ အပေါ် လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်ဦးဆောင်တဲ့ ဒီမိုကရေစီပညာရေးခရီးရှည် သပိတ်စစ်ကြောင်း ကို ပြည်တွင်း ပြည်ပမြန်မာတိုင်းရင်းသားတွေအထူးစောင့်ကြည့်နေကြပါတယ်။
ဒီသပိတ်နဲ့ ပတ်သက်လို့ ၁၉၆၂ ခုနှစ် တကသ အမှုဆောင်တစ်ဦးဖြစ်တဲ့ ရခိုင်အမျိုးသား ဦးသာဘန်းက ကျောင်းသား သမဂ္ဂစိတ်ဓါတ်ကို ဘယ်လိုမှဖြိုခွဲလို့မရသလို၊ စနစ်ကျပြီးညီညွတ်ရင် အောင်မြင်လိမ့်မယ်လို့ပြောပါတယ်။
ဦးသာဘန်း။ ။၁၉၂ဝ သပိတ်ပုံစံမျိုးပဲဗျ၊ ကျောင်းသားမှာ ဘာတာဝန်လဲဗျ၊ ထီး၊ ဖိနပ်နဲ့ ဘောပင်လေးရှိရင် တဲ့ ကျောင်းသားပဲဗျာ ဘာရှုံးမှာလဲ၊ ကျောင်းသားမှာ ဘာမှမရှုံးဘူး တိုက်မှာပဲ ကျောင်းသားကတော့၊ ဒါကျောင်းသား ရဲ့သတ္တိပဲ၊ ကျနော်တို့ပြောချင်တာက ကျောင်းသားသမဂ္ဂရဲ့ စိတ်ဓါတ်ကို ဖြိုဖျက်လို့မရဘူးဆိုတာ သမ္မတလည်း သိဖို့ လိုတယ်၊ ဦးရွှေမန်းကတော့ နည်းနည်းနားလည်တယ်လို့ ကျနော်ထင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းသား သမဂ္ဂရဲ့ အစဉ်အလာဟာ ဘယ်တော့မှ ဖြိုဖျက်လို့မရခဲ့တဲ့အစဉ်အလာ၊ ကျောင်းသားသမဂ္ဂရဲ့ အစဉ်အလာ၊ လွတ်လပ်ရေးရဲ့အစဉ်အလာ၊ ကျနော် ဗကသ စကားပြောနေတာ မဟုတ်ဘူး၊ ကျနော် ပြည်သူတွေရဲ့ ဆန္ဒကိုပြောနေ တာ၊ အဲ့ဒီတော့ ကျနော်တို့က တိုက်ပွဲဝင်မှာပဲ၊ တိုက်ပွဲကိုစနစ်တကျတိုက်ရင် အောင်ပွဲခံမှာပဲ။
ဒါ့အပြင် ကျောင်းသားသမဂ္ဂဆိုတဲ့အမည်နဲ့ ကျောင်းသားအဖွဲ့တွေ ဖွဲ့ခွင့်ပြုရမယ့်အစား ကျောင်းသား ယူနီယံဆိုတဲ့အမည်နဲ့ တက္ကသိုလ်တွေမှာ ဖွဲ့စည်းဖို့ကြိုးစားလာနေတဲ့ကိစ္စကိုလည်း ဦးသာဘန်းက အခုလိုဆိုတယ်။
ဦးသာဘန်း။ ။သမဂ္ဂဆိုတာဟာနော် ယူနီယံမဟုတ်ဘူးဆိုတာကို မှတ်ထားကြပါလို့ ကျောင်းသားအားလုံး ၊ ပြည်သူအားလုံးကိုပြောချင်တယ်၊ သမဂ္ဂဆိုတာက ဘုရားလက်ထက်က ပေါ်ခဲ့တဲ့ ပါဠိစကားဗျ၊ အဲ့ဒါကိုအခုမှ သမဂ္ဂဆိုတာ ယူနီယံပါလို့လုပ်လို့မရဘူး၊ ယူနီယံဟာ ယူနီယံပဲ၊ ဒါအင်္ဂလိပ်စကားပဲ၊ ကျောင်းသားသမဂ္ဂသည် သမဂ္ဂပဲ၊ အဲ့ဒါကိုစွဲမြဲမှတ်ထားပါလို့ ကျနော် ရဲဘော်ကျောင်းသားတွေကို မှာချင်တယ်ဗျာ။
ဒီနေ့ဆိုရင် ကျောင်းသားတွေ တောင်းဆိုထားတဲ့ အစိုးရ၊ လွှတ်တော်၊ NNER ခေါ် မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်နဲ့ ကျောင်းသားကိုယ်စားလှယ် ၁၅ ဦးတို့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ စတင်ပြုလုပ်မှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း မနေ့ကထိ ချီတက်သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ရောက်ရာ အရပ်ဒေသတိုင်းက ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေက မြို့လုံးကျွတ်၊ ရွာလုံးကျွတ်ကြိုဆိုကြပြီး ကျောင်းသားတွေနဲ့ အတူရပ်တည် ပြနေတာတွေ့ရပါတယ်။ ဒါကြောင့် အစိုးရဘက်ကလဲ သပိတ်ရပ်ပေးဖို့ တောင်းဆိုထားပါတယ် ။ ကျောင်းသားတွေဘက်က သပိတ်ရပ်ဖို့ဆိုရင် သူတို့တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အစိုးရဘက်က အမြန်ဆုံးညှိနှိုင်းဆောင်ရွက် ပေးမှရနိုင်မယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်းက သုံးသပ်ပါတယ်။
ဒေါက်တာရန်မျိုးသိန်း။ ။ကျနော်အမြင်အားဖြင့် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER လေးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲမှာ ကျောင်းသားတွေတောင်းဆိုထားတဲ့ ၁၁ ချက်ကို အမြန်ဆုံး လိုက်လျောနိုင်ဖို့အတွက် ဆွေးနွေးပွဲတွေကို ဆက်တိုက်လုပ်သင့်တယ်၊ အဖြေတစ်ခုရတဲ့အထိ မနားတမ်းလုပ်သင့်တယ်လို့ ကျနော်က တိုက်တွန်းချင်တယ်၊ ကျနော် ဆိုလိုတဲ့သဘောက ကျောင်းသားတွေ သပိတ်ရပ်ရေးဟာ တနည်းအားဖြင့် သပိတ်လှန်ရေးဟာ အစိုးရကနေ ပြီးတော့ ကျောင်းသားတွေ တောင်းဆိုထားတဲ့ ၁၁ ချက်ကို ဘယ်လိုပုံစံနဲ့ညှိနှိုင်းပြီး အဖြေရှာနိုင်တဲ့အပေါ်မှာ မူတည် တယ်လို့ ကျနော်ကယုံကြည်တယ်ဗျ။
ကျောင်းသားနဲ့ ပြည်သူတွေဘက်က စိုးရိမ်တဲ့အချက်တွေနဲ့ အစိုးရရဲ့တာဝန်ပိုင်းကိုလည်း ဒေါက်တာရန်မျိုးသိန်းက အခုလိုပြောပါတယ်။
ဒေါက်တာရန်မျိုးသိန်း။ ။ကျောင်းသားတွေဘက်ကရော၊ ပြည်သူတွေဘက်ကရော စိုးရိမ်တာက ဘာလဲဆိုတော့ ဆွေးနွေးပွဲတွေကို အချိန်ဆွဲမှာ၊ လမ်းကြောင်းလွဲမှာ၊ နောက်ပြီးတော့ လိုရင်းမရောက်အောင်လုပ်မှာ ဒီအပိုင်းတွေကို စိုးရိမ်မှုတွေ မြင့်မားနေတဲ့အခါကျတော့ အစိုးရအနေနဲ့ ဒီကိစ္စကို ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာနိုင် ခဲ့သည်ဆိုရင်တော့ ကျနော်အမြင်က ဒီသပိတ်စစ်ကြောင်းကြီးကို ကျောင်းသားတွေဘက်က လှန်လိမ့်မယ်လို့မြင်တယ်၊ အဲ့ဒီတော့ အဲ့လိုလုပ်ဖို့အပိုင်းမှာ အစိုးရဘက်မှာ အဓိကတာဝန်ရှိတယ်လို့မြင်တယ်။
ဒေါက်တာရန်မျိုးသိန်း သုံးသပ်သလို ပြည်သူတွေကြား စိုးရိမ်မှုတွေရှိနေတာကို ကြားသိနေရပြီး၊ တဘက်မှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ်တွေက ဆွေးနွေးပွဲပြုလုပ်မယ့် စိန်ရတုခန်းမရှေ့ကိုသွားပြီး စောင့်ကြည့်ကြမယ် လို့ ပြောဆိုနေကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ပွင့်လင်းမြင်သာမှုရှိအောင် ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပေးသင့်တယ်ဆိုတဲ့ အမြင်တွေကိုလည်း ဖေ့စ်ဘွတ်လူမှုရေး စာမျက်နှာတွေမှာ ရေးသားနေကြတာ တွေ့ရပါတယ်။