အညာဒေသ မဟာဗျူဟာထိုးစစ် အရှိန်မြင့်လာ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဖော်ဆောင်နေတဲ့ အညာဒေသ မဟာဗျူထိုးစစ် စစ်ရေးအရှိန်ဟာ မန္တလေးတိုင်းအပြင် စစ်ကိုင်းတိုင်းကိုပါ ပျံ့နှံ့လာနေပါတယ်။
-
RFA Burmese
2024-08-20 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဖော်ဆောင်နေတဲ့ အညာဒေသ မဟာဗျူထိုးစစ် စစ်ရေးအရှိန်ဟာ မန္တလေးတိုင်းအပြင် စစ်ကိုင်းတိုင်းကိုပါ ပျံ့နှံ့လာနေပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့ကို တိုက်ခိုက်သိမ်းယူနိုင်ဖို့ သြဂုတ် ၁၆ ရက်နေ့ကစပြီး မြို့ပတ်ပတ်လည်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း အင်းတော်မြို့အတွင်းမှာ အင်အားနှစ်ရာကျော်နဲ့ ခံစစ်ပြင်ထားပြီး လေကြောင်းကနေလည်း အပြင်းအထန် ခုခံနေပါတယ်။
“အခုချိန် ဒုက္ခတွေကြုံနေရပေမဲ့ စနစ်ဆိုးအဆုံးသတ်ဖို့အတွက် ခါးစည်းခံပြီး တော်လှန်ရေးကို ထောက်ခံအားပေးတယ်”
စစ်ကောင်စီက အင်းတော်မြို့ကို လက်မလွှတ်ရဖို့အတွက် လေကြောင်းသုံး ခုခံနေတာကြောင့် နေအိမ်ပျက်စီးတာ၊ ဒေသခံတွေ သေဆုံးတာတွေရှိတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ရှိ မြို့တွင်းကို စစ်ကောင်စီတပ်က မီးရှို့နေတာရှိတယ်။ နောက်လေယာဥ်နဲ့ကြဲလို့ မီးလောင်ပျက်စီးတာတွေ ရှိတယ်။ မြို့ပေါ်က ပြည်သူကတော့ ပထမရက်မှာတော့ နည်းနည်းများသေးတယ်။ အဲဒီအတွက် ပြည်သူ အထိအခိုက်တွေရှိတယ်။ မြို့ပေါ်ကနေပြီးတော့။ ဒုတိယရက်ကတော့ အကုန်လုံးက ထွက်နိုင်လိုက်ပြီးပေါ့။ မြို့ထဲမှာတော့ ပြည်သူက ကျန်တာတော့ မရှိတော့ဘူး”
မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာကြောင့် အင်းတော်မြို့ပေါ်က ဒေသခံတွေနဲ့ ကျေးရွာတွေက ဒေသခံနှစ်သောင်းခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။
အင်းတော်မြို့နယ် နဘားလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သြဂုတ် ၁၇ ရက်နေ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့က သိမ်းယူလိုက်ပြီးနောက် မြို့ကို ဆက်ပြီးထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
သုံးနှစ်အတွင်း အညာဒေသမှာ တိုက်ပွဲ နှစ်သောင်းကျော် ဖြစ်ပွား
မန္တလေးကို ဦးတည်လာတဲ့ မဟာဗျူဟာထိုးစစ်
၁၀၂၇ စစ်ဆင်ရေး ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာသူတွေ သုံးသပ်
အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ မိုင်လေးဆယ်ဝန်းကျင် အကွာမှာရှိတဲ့ ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သြဂုတ် ၁၈ ရက်နေ့မှာ မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် မြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ ကာကွယ်ရေးတပ်တွေ ကြိုးစားနေတာကြောင့် မြို့အနီး တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
မြေပြန့်အညာဒေသ ထိုးစစ်အတွင်းမှာ စစ်ကောင်စီက မြို့အပါအဝင် တပ်စခန်းတွေ ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေရပြီး စစ်ကောင်စီတပ်ရဲ့ စစ်ရေးစွမ်းရည် အကြီးအကျယ် ပြိုလဲနေပြီလို့ အမျိုးသားညီညွတ်ရးအစိုးရအဖွဲ့ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။
“ရှမ်း-မန်း စစ်ဆင်ရေးက မန္တလေးတိုင်းအတွင်းက စစ်ဆင်ရေးတွေမှာဆိုရင် မဟာမိတ်တော်လှန်ရေး အင်အားစုတွေရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေရယ်က အရှိန်အဟုန်နဲ့ကို အကြမ်းဖက်စစ်ကောင်စီရဲ့ မြို့တွေ၊ စခန်းတွေကို သိမ်းပိုက်ခဲ့နိုင်တယ်ဆိုတာ ကျွန်တော်တို့ ပြည်သူလူထုလည်း မျက်ဝါးထင်ထင် တွေ့မှာပါ။ အဲဒါက ဘာကိုပြနေလဲဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ မယုံကြည်နိုင်လောက်အောင်ကို ပြိုလဲနေမှုတွေက လုံးဝအဖတ်မဆည်နိုင်တာကို ပြနေသလို နွေဦးတော်လှန်ရေးကလည်း တော်တော်လေးကို နီးလာပြီဆိုတာကို ပြနေပါတယ်”
ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်နေ့ကစပြီး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မန္တလေးမြို့အထက်ပိုင်းမှာ နေ့စဥ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲတစ်လကျော်အတွင်းမှာ စဥ့်ကူးနဲ့ တကောင်း မြို့နှစ်မြို့အပါအဝင် မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော်ကိုလည်း ကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးမြို့အောက်ပိုင်း မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေ သြဂုတ် ၁၀ ရက်နေ့ကစပြီး ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နွားထိုးကြီးမြို့ကိုပါ ထိန်းချုပ်လိုက်နိုင်ပေမဲ့ စစ်ကောင်စီက လေကြောင်းနဲ့ အပြင်းအထန် တန်ပြန်တိုက်ခိုက်လာတာကြောင့် မြို့ကနေ ပြန်ဆုတ်ပေးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
လက်ရှိအချိန်ထိလည်း မြင်းခြံနဲ့ တောင်သာမြို့နယ် ပတ်ပတ်လည်က စစ်ကောင်စီနဲ့ ပျူစောထီး တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း နေ့စဥ်နီးပါး လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ အလယ်ပိုင်းတိုင်းဒေသမှာ ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်ကို စစ်ရေးအရ တန်ပြန်ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရောက်ရှိနေပြီလို့ မြင်းခြံခရိုင်တပ်ရင်း (၃) ပြန်ကြားရေး တာဝန်ခံ ဗိုလ်မူတူးက RFA ကိုပြောပါတယ်။
“တော်တော်လေးကို သူတို့ဘက်က စိုးရိမ်စရာတော့ဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ အလယ်ပိုင်းလေ၊ အလယ်ပိုင်းကိုတောင်မှ ကျွန်တော်တို့က နွားထိုးဆိုရင် နွားထိုးကို လုပ်ချင်သလို လုပ်ပြီးမှ ပြန်ပတ်သွားတယ်။ တောင်သာဆိုလည်း စက်ရုံတွေ၊ ပိုက်လိုင်းဂိတ်တွေ၊ ဝင်းလောင်က ခွဲရုံတွေဆို ကျွန်တော်တို့ လုပ်ချင်သလို ဝင်လုပ်သွားတယ်။ အခုလုပ်နေတဲ့လှုပ်ရှားမှုတွေက ဘယ်လိုပဲဖြစ်နေ ဖြစ်နေ သူတို့ ထိန်းရခက်တယ်။ တစ်နေရာချင်း လုပ်တာမဟုတ်ဘူး။ တစ်ပြိုင်နက် နေရာအနှံ့ လုပ်တာဆိုတော့။ သူတို့ပျာတာတော့ သူတို့ အတော်လေး ပျာတောက်နေပြီ”
မြင်းခြံခရိုင်အတွင်းက မြို့တွေကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းယူနိုင်တဲ့ အခြေအနေရှိပေမဲ့ ပထဝီအနေအထားအရ အဘက်ဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်တာကြောင့် မြို့ကို ထိန်းချုပ်နိုင်ဖို့တော့ ခက်ခဲသေးတယ်လို့ သူက ဆိုပါတယ်။
“ဒေသခံအများစုဟာ ဘေးလွတ်ရာနဲ့ မန္တလေးမြို့ကို တိမ်းရှောင်နေကြရတယ်”
လက်ရှိအချိန်အထိလည်း မြင်းခြံခရိုင်အတွင်းမှာ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေသလို သြဂုတ် ၁၉ ရက်နေ့ကလည်း မြင်းခြံ-ငါန်းဇွန်မြို့ကို သွယ်ထားတဲ့လမ်းပိုင်းမှာရှိတဲ့ ငါန်းမြာကြီးရွာ ရဲစခန်းကိုလည်း ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူထားပါတယ်။
မြင်းခြံမြို့နယ်ကနေ ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ ဒေသခံဒုက္ခသည်တစ်ဦးကတော့ အခုချိန် ဒုက္ခတွေကြုံနေရပေမဲ့ စနစ်ဆိုးအဆုံးသတ်ဖို့အတွက် ခါးစည်းခံပြီး တော်လှန်ရေးကို ထောက်ခံအားပေးတယ်လို့ ပြောပါတယ်။
“အဓိက ကတော့ ဒီအတောအတွင်းမှာ ကျွန်တော်တို့ရည်မှန်းချက်က လောလောဆယ် မသေဖို့နဲ့ အဖမ်းမခံရဖို့ပေါ့။ အဲဒီနှစ်ခုအတွက် လုပ်ရမှာပေါ့။ ကျွန်တော်တို့ဆို ရွာမရှိတော့ဘူး။ ရွာကို သုံးကြိမ်တိုင်တိုင် မီးရှို့ခံရတယ်။ ရွာမှာက ဆေးလိပ်သမအိမ် များတာပေါ့။ တောသူတောင်သားတွေပေါ့ဗျာ။ အခုကျတော့ ရွာအလုပ်တွေလည်း မလုပ်ရတော့ဘူး။ ဆေးလိပ်တွေလည်း မလိပ်ရတော့ဘူး။ ကျွန်တော်တို့နယ်ဘက်က တောသူတောင်သားတွေ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ ကြုံရတာပေါ့။ ဒါပေမဲ့လည်း ခါးစည်းခံကြပါတယ်။ အခု လောလောဆယ်ကတော့ ဒီစနစ်ဆိုးကြီး အမြစ်ပြတ်ဖို့ကိုတော့ အားပေးတယ်၊ ထောက်ခံတယ်”
မြင်းခြံခရိုင်အတွင်း ကာကွယ်ရေးတပ်တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်လာပြီးနောက် ဒေသခံအများစုဟာ ဘေးလွတ်ရာနဲ့ မန္တလေးမြို့ကို တိမ်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
မြင်းခြံခရိုင်အတွင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ တံတားဦးလေတပ်ကို ခြိမ်းခြောက်ချင်တဲ့ ရည်ရွယ်ချက်သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“မန္တလေးရဲ့တောင်ဘက်မှာ ကျောက်ဆည်မြို့ရှိတယ်။ တံတားဦး လေယာဥ်ကွင်းရှိတယ်။ တံတားဦးလေယာဥ်ကွင်းက စစ်ဘက်ရော အရပ်ဘက်ရော သုံးကြတယ်။ ဒါကိုသာက ခြိမ်းခြောက်ခြင်းအားဖြင့် မြို့ကိုလည်း ဖြတ်တောက်ပြီးသား ဖြစ်သွားမယ်။ နောက်ပြီးတော့ တပ်ရဲ့ လေကြောင်းစိုးမိုးမှုကိုလည်း အနှောင့်အယှက်ဖြစ်အောင် ရည်ရွယ်ချက်နဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်ချက်နဲ့ ခြိမ်းခြောက်တာဖြစ်တယ်။ သို့သော်လည်း ခြိမ်းခြောက်နိုင်မှု အတိုင်းအတာကတော့ ကြီးကြီးမားမားတော့ မရှိဘူး။ တပ်လည်း မစွဲနိုင်ဘူး။ သို့သော်လည်းပဲ ဒီလိုလုပ်တယ်ဆိုတာက စိတ်ဓာတ်ပိုင်းအရ စိတ်ထိခိုက်သွားအောင် စိတ်ဓာတ်ကျအောင် လုပ်တဲ့ရည်ရွယ်ချက်ပေါ့နော်။ အဲဒီလိုပဲ မြင်တယ်”
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ကာကွယ်ရေးတပ်တွေဟာ မြို့ကြီးကိုထိန်းချုပ်နိုင်ဖို့ မြို့ငယ်တွေကို အရင်ပစ်မှတ်ထား တိုက်ခိုက်လာတာလို့ သုံးသပ်ပါတယ်။
“မြို့ကြီးတွေကိုမသိမ်းခင်မှာ မြို့ငယ်လေးတွေသိမ်းရမှာ။ သိမ်းပြီးတော့မှ မြို့ကြီးတွေကို သွားပြီးဝိုင်းရမှာပေါ့။ ချက်ချင်းလက်ငင်း မန္တလေးမြို့ထဲ ဝင်ရောက်ဖို့က အကျိုးမရှိဘူးလေ။ မန္တလေးကျတော့ အခိုင်အမာ စစ်ပြင်ထားတာဆိုတော့ မြို့ငယ်တွေကို သိမ်းပိုက်ရတော့မှာ။ သိမ်းပိုက်ပြီးတော့မှ မန္တလေးကို ဝိုင်းပတ်ထား၊ ပြီးတော့မှ အဆင်ပြေတဲ့အခါမှ စိမ့်ဝင်ထိုးဖောက်ရမှာ ဖြစ်တဲ့အတွက် ဒီမြို့ငယ်လေးတွေက အရေးကြီးပါတယ်လို့ ကျွန်တော်က သဘောပေါက်ပါတယ်”
မြေပြန့်အညာဒေသ မဟာဗျူဟာထိုးစစ်အတွင်း စစ်ကောင်စီ လုံခြုံရေးပေးနေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ Alpha ဘိလပ်မြေစက်ရုံနဲ့ တကောင်း နီကယ်စက်ရုံတို့ကိုလည်း ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။
ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာလည်း စစ်ကိုင်းတိုင်းထဲက ခါမ်းပါတ်၊ မြို့သစ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။