ရွှေနဒီအမြန်ရေယာဉ်ပေါ်က ဖမ်းခေါ်လာသူတွေကို ရှာဖွေဆဲလို့ AA ပြော

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်လာပြီး လမ်းမှာ ပျောက်ဆုံးသွားသူတွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ ရွှေနဒီအမြန်ရေယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေ ကြားထဲက ၅၈ ဦးကို ဖမ်းဆီးခေါ်ဆောင်တဲ့ဖြစ်စဉ်မှာ တပ်မတော် ရဟတ်ယာဉ်တွေ ရောက်လာ ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်နေဆဲဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ပြောပါတယ်။

ဖမ်းဆီးထားသူဘယ်လောက်ရှိတယ်၊ ဖမ်းဆီးတဲ့နေ့က သေဆုံးသူ ဘယ်လောက်ရှိတယ်၊ အသက်ရှင်လျက်ရှိနေသူတွေကို ဘာဆက်လုပ်မယ်ဆိုတာနဲ့ပတ်သက်လို့ RFA က မေးမြန်းရာမှာ AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခက အခုလိုတုံ့ပြန်ပါတယ်။

"အခုလက်ရှိ လူဘယ်နှစ်ယောက် ထိန်းသိမ်းထားသလဲ၊ အစိုးရတပ်က အဲဒီမှာလေယာဉ်နဲ့ပစ်တဲ့ အခါမှာ ဘယ်လောက်သေသွားသလဲ၊ ထိန်းသိမ်းထားတဲ့သူတွေကို ဘာဆက်လုပ်မလဲဆိုတဲ့ ဥစ္စာကတော့ လောလောဆယ်တော့ ပြောလို့မရသေးဘူးဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် ကျွန်တော်တို့က ရှာဖွေကယ်ဆယ်ရေးတွေ ဆက်ပြီးတော့ လုပ်နေတဲ့ကာလမို့လို့ အားလုံးပြီးစီးသွားမှပဲ တိတိကျကျ ထုတ်ပြန်နိုင်မယ်ဗျ။ အခုလောလောဆယ်တော့ တိတိကျကျ ထုတ်ပြန်လို့မရသေးဘူးဖြစ်နေတယ်"

အေအေ အဖွဲ့က ဖမ်းဆီးထားသူတွေကို လူသားမဆန်တဲ့ ရိုက်နှက်စစ်ဆေးတာမျိုးမလုပ်ဘဲ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ခိုင်သုခ က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ တပ်မတော်အနေနဲ့ ဖမ်းဆီးခံရသူတွေကို အမြန်ဆုံး ကယ်ဆယ်နိုင်ရေးအတွက် ရဟတ်ယာဉ်တွေ၊ မြေပြင်စစ်ကြောင်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆက်လက်ဆောင်ရွက်နေတယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်က ဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေကို သိနိုင်ဖို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း လက်ခံဖြေကြားခြင်း မရှိပါဘူး။

အောက်တိုဘာ ၂၆ ရက်နေ့က စစ်တွေကနေ ဘူးသီးတောင်ကိုသွားတဲ့ အမြန်ရေယာဉ်ပေါ်က နေ အေအေ အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အထဲမှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အရပ်သား ၁၃ ဦး ပါဝင်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း အောက်တိုဘာ ၂၇ ရက်နေ့မှာ အဲဒီအထဲက လူ ၁၄ ဦးကို နေရာအသီးသီးကပြန်လည် ကယ်တင်နိုင်ခဲ့သလို နောက်တစ်နေ့မှာလည်း လွတ်မြောက်လာတဲ့ ရဲတပ်သား တစ်ဦးကို ပြန်ရှာတွေ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကနဦး ပြန်လည်ကယ်တင်ခဲ့သူ ၁၄ ဦးထဲမှာ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အရပ်သား ဘယ်နှစ်ဦး ပါတယ် ဆိုတာကို တိတိကျကျ ဖော်ပြထားခြင်းမရှိပါဘူး။

အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ AA ရဲ့ကြေညာချက်ထဲမှာတော့ ရွှေနဒီအမြန် ရေယာဉ်ပေါ်မှာ အရပ်သားဟန်ဆောင်ပြီး စီးနင်းလိုက်ပါလာတဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေနဲ့ အခြားမသင်္ကာသူတွေကို စစ်ဆေးဖို့ ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သူတို့တွေကို ဆက်လက်စစ်ဆေးဖို့ လုံခြုံတဲ့နေရာကို စက်လှေနဲ့ ခေါ်ဆောင်နေစဉ်မှာပဲ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ခေါ်ဆောင်လာသူ အများအပြားနဲ့ အေအေအဖွဲ့ဝင် အချို့ သေဆုံးခဲ့ရတယ်လို့ ပါရှိပါတယ်။

ဒါတွေဟာ မြန်မာ့တပ်မတော်ဘက်က မဆင်မခြင် ပစ်ခတ်တဲ့လုပ်ကြောင့်လို့ အေအေ အဖွဲ့က ပြောဆိုထားပါတယ်။

တပ်မတော်ပြောခွင့်ရသူတွေကတော့ အေအေအဖွဲ့က ပစ်ခတ်လို့ သေဆုံးတာလို့ ပြန်လည်စွပ်စွဲထား ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အေအေ အဖွဲ့ရဲ့လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

"အေအေကိုတော့ လုံးဝမကျေနပ်ဘူးဗျနော်။ ဒါကိုစကားချပ်အနေနဲ့ပြောချင်တယ်။ ရတဲ့နည်းလမ်းနဲ့ သမမယ် လုံးဝမကျေနပ်ဘူး။ သူတို့ ဟိုတစ်နေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်ခုရှိတယ်။ ရဟတ်ယာဉ်နဲ့ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်တဲ့အပေါ်မှာ ပစ်လို့ခတ်လို့သေတယ်လို့ ဝါဒဖြန့်ထား တယ်။ အဲဒါ ကျွန်တော် လုံးဝကန့်ကွက်တယ်။ ဒီကောင်တွေပစ်လို့ သေတာ။ သူတို့ပစ်လို့ သေတာ။ ကျွန်တော်တို့ ရဟတ်ယာဉ် နှစ်စီးတောင်မှ အပစ်ခံရသေးတယ်"

အရေအတွက် အတိအကျအတည်မပြုနိုင်သေးတဲ့ သေဆုံးမှုတွေကို တပ်မတော်ရဟတ်ကနေ ပစ်ခတ်လို့ သေတယ်၊ အေအေ အဖွဲ့က ပစ်ခတ်လို့သေတယ်လို့ အပြန်အလှန်စွပ်စွဲနေချိန်မှာပဲ အောက်တိုဘာ ၂၈ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ရဲတပ်သား စိုင်းနိုင်အောင် ရဲ့ ရုပ်သံအင်တာဗျူးတစ်ခုဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မနေ့ညနေပိုင်းက ပျံ့နှံ့လာခဲ့ပါတယ်။

Wai Phyo Hlaing ဆိုတဲ့ Facebook အသုံးပြုသူထံကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီရုပ်အသံအင်တာဗျူးမှာ ရဲတပ်သား စိုင်းနိုင်အောင် ဆိုသူက အခုလိုပြောထားပါတယ်။

"စက်လှေပေါ် ကျွန်တော်တို့ သုံးယောက်တက်နေတဲ့အချိန်မှာ စက်လှေနဲ့ကမ်းပါးနဲ့က တွန်းကန်ထားလို့ ကွာနေတယ်ဗျ။ ကျွန်တော်တို့သုံးယောက်က ရောက်ပြီ။ အဲဒီနောက်နှစ်ယောက်ကို သူတို့က ဟေ့ကောင် မင်းတို့မတက်သေးဘူးလားဆိုပြီး တက်မယ့်အချိန်ထလာတယ်။ အဲဒီအခါမှာ အပေါ်ကလေယာဉ်က ပစ်ပလိုက်တယ်။ ဖောင်းဖောင်းဖောင်းဖောင်းဆို ပစ်ချတယ်။ ကျွန်တော်တို့ စက်လှေနဲ့အတူ ကုန်းပေါ်ကိုပစ်တာနေမှာ။ ပစ်ချလိုက်တာ။ ပစ်ချလိုက်တဲ့အချိန်လည်းကျရော အပေါ်က အေအေက ကောင်တွေကထပြီးတော့ ကျွန်တော်တို့ ငါးယောက်စလုံးကိုပစ်တာ"

ထွက်ပြေးလွတ်မြောက်လာတဲ့ ရဲတပ်သား စိုင်းနိုင်အောင်ဆိုသူက ရေယာဉ်ကို ရပ်တန့်စေခဲ့တဲ့ အေအေတပ်ဖွဲ့ ဝင်တွေဟာ အားကစား အကျီၤနဲ့ ဘောင်းဘီတွေ ဝတ်ဆင်ထားပြီး အရာရှိလို့ထင်ရသူ တစ်ဦးဟာ အေအေရဲ့ ယူနီဖောင်းကို ဝတ်ဆင်ထားတယ်လို့ သူ့ရဲ့ ရုပ်သံအင်တာဗျူးမှာ ပြောထား ပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဖုံးဖိဖို့အတွက် ရဲတပ်သား စိုင်းနိုင်အောင်ကို သူတို့အလိုကျပြောခိုင်းတဲ့ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇောဦးက ရေယာဉ်ပေါ်လိုက်ပါလာသူ အချို့ကို မေးမြန်းကြည့်ချက်အရ အေအေအဖွဲ့ဝင်တွေအားလုံးဟာ အေအေရဲ့ ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့အတွက် ရဲတပ်သား စိုင်းနိုင်အောင်ပြောဆိုချက်နဲ့ ကွဲလွဲနေတယ်လို့ ပြောပါတယ်။

မနေ့က ထွက်ပေါ်လာတဲ့ ရဲတပ်သား စိုင်းနိုင်အောင်ရဲ့ ရုပ်သံအင်တာဗျူးနဲ့ပတ်သက်လို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက အခုလိုထောက်ပြပါတယ်။

"ဝါဒဖြန့်ချီရေးအတွက် လိုချင်တဲ့အချက်အလက်တွေကို ထည့်ထားပုံရတယ်။ လွတ်မြောက်လာတဲ့ ရဲတပ်သားကို မေးမြန်းသူ ကျွန်တော်တို့ စစ်ဘက်အရာရှိလို့ ထင်ရတယ်ပေါ့နော်။ အဲဒီမေးမြန်းသူက မေးမြန်းစဉ်မှာ ဦးဆောင်မေးခွန်းတွေနဲ့ သူလိုချင်တဲ့ လမ်းကြောင်းပေါ် ဆွဲတင်သွားတာမျိုးတွေကို တွေ့ပါတယ်။ ဥပမာအားဖြင့် လေယာဉ်ပေါ်က ပစ်တဲ့အချိန်မှာ မင်းတို့ကို ပစ်တာမဟုတ်ဘူးမလား၊ အဲဒီကုန်းပေါ်ကလူတွေကိုသာ ပစ်တာမလား အဲလိုမျိုးပေါ့နော် သူလိုချင်တဲ့လမ်းကြောင်းပေါ် မေးတဲ့ဥစ္စာလေးတွေ ခဏခဏ ပါတာတွေ့ရပါတယ်။ နောက်ထပ် တကယ်တမ်းကြုံရတဲ့လူတွေက ဘာပြောဦးမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရဦးမယ်"

ဖမ်းဆီးထားသူတွေ အရေးနဲ့ပတ်သက်လို့ နှစ်ဘက်စလုံးက ဂျီနီဗာ ကွန်ဗင်းရှင်း သဘောတူညီချက်တွေ ကို တိတိကျကျ လိုက်နာဖို့လိုတယ်လို့ သူကထောက်ပြပါတယ်။

RFA က အခင်းဖြစ်နေ့က ရေယာဉ်ပေါ် လိုက်ပါသွားသူတွေနဲ့ အေအေ အဖွဲ့ရဲ့လက်ထဲကနေ လွတ်မြောက်လာသူတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရသေ့တောင်မြို့နယ်အတွင်းမှာ ရွှေနဒီ အမြန်ရေယာဉ်ပေါ်က လူတွေကို အေအေအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့နောက်ပိုင်း တပ်မတော်နဲ့ အေအေ အဖွဲ့တို့ရဲ့ စစ်ရေးအခြေအနေတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။

တိုက်ခိုက်မှုတွေလည်း နေ့စဉ်လိုလိုဖြစ်ပွားနေပြီး အခုရက်ပိုင်းအတွင်းမှာတင် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ကျေးရွာအတော်များများက အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဟာ ၁၀၀၀ ကျော်အထိရှိနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org