SSPP နဲ့ TNLA ကြား အငြင်းပွားမှု FPNCC ဖြေရှင်းပေးဖို့ စောင့်ဆိုင်းနေ
2024.07.12

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး" ကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေတာကြောင့် ကန့်ကွက်ကြောင်းနဲ့ ဒီလုပ်ရပ်တွေကို ထိန်းသိမ်းပေးဖို့ တောင်းဆိုကြောင်း ဇူလိုင်လ ၈ ရက်နေ့က TNLA က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဆင်ရေးကို SSPP နှောင့်ယှက်နေတာကြောင့် ကန့်ကွက်တာလို့ TNLA ပြောခွင့်ရ သတင်းပြန်ကြားရေးဌာနမှူး လွေးယေဦးက ပြောပါတယ်။
"SSPP က ကျွန်မတို့ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကို သူက လိုက်လံနှောင့်ယှက်နေတယ်ပေါ့နော်၊ နှောင့်ယှက်နေတဲ့ နောက်တစ်ခုက ကျွန်မတို့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့အင်အားအလုံးအရင်းနဲ့ ကျွန်မတို့ကို ကြားဖြတ်တိုက်ခိုက်တာမျိုးပေါ့နော်၊ သုံ့ပန်းခေါ်ဆောင်လာတဲ့ကားတွေကိုလည်း တိုက်ခိုက်တယ်၊ တိုက်ခိုက်မှုကြောင့် အရာရှိတွေ ကနဦး သေဆုံးသွားတယ်၊ ပြီးတော့ တပ်သားနှစ်ဆယ်ကိုလည်း ဖမ်းသွားတယ်၊ ကျောက်မဲခရိုင်မှာရှိတဲ့ PDF တွေရဲ့လက်နက်တွေကိုလည်း ယူသွားတယ်။ ဒါတွေဟာ စစ်ကောင်စီကို ကူညီပြီးတော့မှ ကျွန်မတို့ကို နွေဦးတော်လှန်ရေးမှာ ပါဝင်လို့မရအောင် စစ်ကောင်စီကို တိုက်လို့မရအောင် ကူညီနေတာဖြစ်ပါတယ် အဲဒါကြောင်မို့ ဒီကိစ္စကို ကန့်ကွက်တယ် ရပ်တန့်ဖို့လည်း တောင်းဆိုနေတာ ဖြစ်ပါတယ်"
TNLA စွပ်စွဲချက်တွေနဲ့ "ဝ" တပ်ဖွဲ့ကို အကူအညီတောင်းတာနဲ့ ပတ်သက်ပြီး SSPP တာဝန်ရှိသူတွေကို ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
ဇူလိုင်လ ၉ ရက်နေ့က SSPP ထုတ်ပြန်ချက်မှာတော့ TNLA ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူတို့အနေနဲ့ ခုခံမှုတွေသာ ပြုလုပ်တယ်လို့ ရေးသားထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းနိုင်ငံရေးလေ့လာသူတစ်ဦးကတော့ SSPP က စစ်ကောင်စီကို ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
"အနိမ့်ဆုံးအနေနဲ့တော့ သူက စစ်တပ်က တပ်တွေဖြည့်လို့မရအောင်၊ ထောက်ပို့လမ်းကြောင်းတွေ သုံးလို့မရအောင်၊ လေယာဉ်ဆီတွေ သွားလို့မရအောင်လို့ သူပိတ်ထားပေးတဲ့ သဘောမျိုးရှိတယ်၊ တစ်ဖက်မှာလည်း သူက UWSA အတိုင်းပဲ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့အဖွဲ့ဖြစ်တယ်၊ ဒါပေမဲ့ တစ်ဖက်မှာတော့ သူနယ်မြေသုံးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF တွေကို တိုက်ခိုက်လို့မရအောင်ဆိုတဲ့ လမ်းတွေပိတ်ဆို့ထားပေးတာမျိုးရှိတော့ စွပ်စွဲချက်ကကြည့်ရင် တော်တော်လေး မဆီလျော်တာမျိုး ဖြစ်တာပေါ့နော်"
လက်ရှိမှာ နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးပြောဆိုနေတာတွေ့ရှိသလို့ FPNCC မှာ နှစ်ဖက်ထိတွေ့မှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး ဘယ်လို ဖြေရှင်းဆောင်ရွက်သွားမလဲဆိုတာ ပြန်လည်အကြောင်းပြန်တာ မရှိသေးဘူးလို့လည်း လွေးယေဦးက ပြောပါတယ်။
ဇူလိုင်လ ၅ ရက်နေ့က ကျောက်မဲမြို့နယ်မှာ SSPP တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် TNLA ပထမတန်း စစ်ဦးစီးအရာရှိအပါအဝင် တပ်ရင်းမှူးနှစ်ဦးနဲ့ တပ်သားသုံးဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
SSPP ခေါင်းဆောင်တွေကို တစ်ကျောပြန် "၁၀၂၇ စစ်ဆင်ရေး" မတိုင်ခင်က အစည်းအဝေးတွေလုပ်ပြီး စစ်ဆင်ရေးမှာပါဝင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အဆင့်သင့်မဖြစ်သေးကြောင်း ပြောဆိုခဲ့တယ်လို့လည်း TNLA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
လက်ရှိစစ်ဆင်ရေးမှာ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီက SSPP အဖွဲ့ကို တပ်စခန်းလွှဲပေးတာ၊ စကစ တပ်ဖွဲ့ဝင်တွေကို သယ်ယူပို့ဆောင်ပေးတာနဲ့ ထွက်ပေါက်လမ်းကြောင်းတွေ ဖွင့်ပေးတာတွေလုပ်တာတွေကြုံရတယ်လို့လည်း TNLA ထုတ်ပြန်ချက်မှာ စွပ်စွဲပြောဆိုထားပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ ညနေမှာပဲ သီပေါမြို့နယ်မှာ စစ်သုံ့ပန်းတွေကို သွားရောက်ပို့ဆောင်တဲ့ TNLA ကားကို SSPP ဘက်က ပစ်ခတ်တာကြောင့် TNLA သီပေါမြို့နယ်မှူးနဲ့ စစ်သုံ့ပန်းတစ်ဦး သေဆုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
SSPP အနေနဲ့ ဒီလုပ်ရပ်တွေမရပ်တန့်ဘဲ TNLA နဲ့ ပူးပေါင်းအဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်နေမယ်ဆိုရင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးလုပ်ငန်းတွေ ပိုမိုနှောင့်နှေးသွားစေမယ်လို့လည်း ဆိုပါတယ်။
SSPP ကလည်း TNLA တပ်ဖွဲ့ဝင်တွေကို ကူညီထိန်းကြောင်းပေးဖို့ "ဝ" တပ်ဖွဲ့ကို အကူအညီတောင်းတဲ့စာကို ဇူလိုင်လ ၆ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားတာ အွန်လိုင်းမှာ ပျံ့နှံနေပါတယ်။ TNLA တပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၅ ရက်နေ့ကစပြီး အစီအစဉ်ရှိရှိနဲ့ တစ်ဇွတ်ထိုးဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့လည်း ရေးသားထားပါတယ်။
SSPP နဲ့ TNLA တို့ဟာ မဟာမိတ်တွေဖြစ်တာကြောင့် တွေဆုံညှိနှိုင်းမယ်ဆိုရင် အဆင်ပြေသွားမယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
"ကျွန်တော်တို့ နားလည်တာကတော့ SSPP နဲ့ TNLA ဆိုတာက မဟာမိတ်ကောင်းတွေအနေနဲ့ နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်လာကြတာဖြစ်တယ်၊ သမိုင်းကြောင်းတစ်လျှောက်လည်း လက်တွဲဆောင်ရွက်လာတဲ့ မဟာမိတ်အဖွဲ့အစည်းလည်း ဖြစ်တဲ့အတွက် အဲဒီအဖွဲ့အစည်းတွေကြားမှာ ဒီလိုပြဿနာတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်နိုင်မယ် ဆောင်ရွက်မှုတွေကလည်း အောင်မြင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်"
နှစ်ဖက်ထိတွေ့မှုတွေကို ဘက်မလိုက်ဘဲ သေချာရှင်းပေးဖို့လိုတယ်လို့ ရှမ်းနိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
"အမျိုးသားရေးအရ Idenity Politist ကလည်း အားကောင်းတယ်၊ တစ်ဖက်မှာလည်း နိုင်ငံရေးအရတို့ စစ်ရေးအရတို့ စီးပွားရေးအရတို့ အရေးပါတဲ့နယ်မြေတွေ ထိန်းထားချင်တာ၊ သိမ်းထားချင်တာ အဲလိုမျိုးကိစ္စတွေလည်း ရှိတဲ့အခါကျတော့ အမျှော်အမြင်ရှိရှိနဲ့တော့ ရှင်းပေးဖို့ လိုမယ်လို့ထင်တယ်၊ ဘက်မလိုက်ဘဲ သေချာထိန်းညှိရှင်းပေးဖို့တော့ လိုတယ်"
နှစ်ဖက် ထိတွေ့မှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး FPNCC အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်ပေးနေလဲဆိုတာနဲ့ ပတ်သက်ပြီး UWSA "ဝ" တပ်ဖွဲ့ရဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နှစ်ဖက် ထိတွေ့မှုဖြစ်နေတဲ့ TNLA နဲ့ SSPP အဖွဲ့တွေဟာ UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ (FPNCC) မှာပါတဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
FPNCC အဖွဲ့မှာ "ဝ" တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မိုင်းလားတပ်မတော် (NDAA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပါဝင်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့ SSPP တို့ကြား နယ်မြေအငြင်းပွားပြီး ထိတွေ့ တိုက်ခိုက်တာတွေ မကြာခဏ ရှိနေပါတယ်။