တော်လှန်ရေးအင်အားစု လက်နက်ထုတ်လုပ်မှု အဆင့်မြင့်လာ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.01.24
တော်လှန်ရေးအင်အားစု လက်နက်ထုတ်လုပ်မှု အဆင့်မြင့်လာ မေတီတာ လက်နက်ထုတ်လုပ်ရေး ပြည်သူ့တပ်ဖွဲ့ကထုတ်လုပ်သော လက်နက်ကြီးကျည်များကို တွေ့ရစဥ်။
Photo:MTT Production

အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားရေးအတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရက တိုက်ရိုက်ဖွဲ့ထားတဲ့ PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မိမိတို့ကိုယ်တိုင် ဖွဲ့စည်းထားတဲ့ PDF ခေါ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ လက်ရှိ အဓိကရင်ဆိုင်နေရတာကတော့ လက်နက်အလုံအလောက်မရှိသေးတဲ့ ပြဿနာပါ။

ဒါပေမဲ့ တော်လှန်ရေးကာလ တစ်နှစ်အတွင်းမှာပဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ တူမီးထက် သာလွန်ကောင်းမွန်တဲ့ သေနတ်နဲ့ လက်နက်တွေကို စတင်သုံးစွဲလာနေကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ စစ်တပ်အရာရှိဟောင်းတွေ၊ စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေးပစ္စည်း စက်ရုံတွေမှာ တာဝန် ထမ်းဆောင်ခဲ့သူတွေ၊ ကျွမ်းကျင် ပညာရှင်တွေ ပူးပေါင်းပြီး လက်နက်မျိုးစုံကို တီထွင်ထုတ်လုပ်နေပါတယ်။ အဲဒီလို လက်နက်ထုတ်လုပ်ရေး လုပ်ငန်းမှာ ပါဝင်နေသူတစ်ဦးကတော့ CDM ဗိုလ်ကြီး ညီသုတ ဖြစ်ပါတယ်။

နိုင်ငံတကာ စစ်တပ်တွေ သုံးနေတဲ့ M15 တို့ AF 47 တို့လို တိုက်ပွဲဝင် သေနတ်တွေကို လောက်လောက်ငှငှ အသုံးမပြုနိုင်ခင်မှာ တူမီးထက်အဆင့်မြင့်တဲ့ တစ်တောင့်ထိုး သေနတ်တွေကို ဒီရက်ပိုင်းအတွင်း သူတို့ထုတ်လုပ်နေပြီလို့ ဗိုလ်ကြီးညီသုတ က RFA ကိုပြောပါတယ်။

“ကျနော်တို့ project တွေ အများကြီးရှိတာပေါ့၊ ရှေ့ထွက်မိုင်းတွေ ထုတ်နိုင်နေပြီဖြစ်သလို ၁ တောင့်ထိုး သေနတ်ကိုလည်း စပြီး ပေးနိုင်ပါပြီ။ တချို့ဒေသတွေမှာ PDF တွေ LDF တွေက တူမီးလောက်နဲ့ တိုက်ပွဲဝင်နေတာရှိတယ်။ သူတို့တွေအတွက် ရည်ရွယ်ပြီးတော့ မြန်မြန်ဆန်ဆန် ထုတ်နိုင်တဲ့ သေနတ်အဖြစ် ရွေးချယ်ထားတာပေါ့။ တစ်တောင့်ထိုးက 12 Volt Gun ကို အခြေခံထားတာ။ လက်ရှိ ထုတ်လုပ်ပြီးတာက ရာချီရှိပြီ။ ဒါ ပထမအသုတ်အနေနဲ့ပါ။ ဒီဟာတွေကို ဘယ်တပ်ဖွဲ့ဝင်တွေအတွက် ဘယ်လောက် ရောက်သွားမယ်ဆိုတာ ကျနော်တို့ လတ်တလော လုံခြုံရေးအရ မပြောနိုင်ပါဘူး။ လက်ရှိအနေအထားမှာ ဒီတစ်တောင့်ထိုးကို စပြီး ဖြန့်ဖြူးဖို့ လုပ်နေတဲ့အပြင် Submachine gun ဆပ်မရှင်းဂန်း အတွက်ပါ ပြင်ဆင်နေတာ ရှိပါတယ်။ ဒါ့အပြင် လုံခြုံရေးအရ ထုတ်ဖော် ပြောလို့မရတဲ့ တခြားလက်နက်ကြီးတွေ စမ်းသပ်ထုတ်လုပ်နေတာလည်း ရှိပါတယ်။ Mass production အမြောက်အမြား ထုတ်နိုင်ဖို့ဆိုရင် ဘတ်ဂျက်တွေ ထပ်ပြီး လိုလာမှာရှိပါတယ်။ အဲဒီအချိန်ကျရင် ပြည်သူလူထုဆီမှာ ပွင့်ပွင့်လင်းလင်း ကျနော်တို့ အကူအညီ တောင်းခံပါ့မယ်ခင်ဗျ။”

ဒီလက်နက်တွေဟာ တော်လှန်ရေးအင်အားစုတွေအတွက် လတ်တလော လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်မယ်လို့ သူက ယုံကြည်ပါတယ်။

“တချို့ဒေသတွေမှာ လက်နက်ဝယ်ဖို့ လွယ်ကူတဲ့ နေရာတွေရှိတယ်။ တချို့မှာ လက်နက်ဝယ်ဖို့ ခက်တယ်။ ဒါ့အပြင်ကိုမှ သူ့တို့ကိုယ်ပိုင်အနေနဲ့ ရန်ပုံငွေ အတွက်ကလည်း အင်မတန် အခက်အခဲ ရှိတယ်။ လူအယောက် ၁ဝဝ လောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့က တစ်ယောက်အတွက်ကို သိန်း ၅ဝ လောက်သုံးမယ်ဆိုရင် သိန်း ၅ဝဝဝ လောက်ဖြစ်နေပြီ။ ကျနော်တို့ အခုထုတ်လိုက်တဲ့ သေနတ်တွေက ၂ သိန်းတောင် မပြည့်ဘူး။ တပ်ဖွဲ့ဝင် အယောက် ၁ဝဝ ရှိရင် အလွန်ဆုံးကုန်မှ သိန်း ၂ဝဝ လောက်ပဲ ကုန်တဲ့ သဘောမျိုးဆိုတော့ အားလုံးလဲ တတ်နိုင်တယ်ပေါ့ဗျာ။ ဒါကတော့ ချေမှုန်းရေး ရိုင်ဖယ်တွေ မကိုင်နိုင်ရင် စပ်ကြားမှာ တော်လှန်ရေးကို အရှိန်အဟုန်နဲ့ ထိန်းထားနိုင်မဲ့ နည်းလမ်းတခုအနေနဲ့ ကြံဆပြီး ကြားကာလမှာ တောင့်ခံထားဖို့ ရည်ရွယ်ပြီး ထုတ်လုပ်တာဖြစ်ပါတယ်ခင်ဗျ”

အလားတူ လက်နက်ထုတ်လုပ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အကြီး အဖွဲ့ငယ်တွေလည်း အများအပြားရှိတဲ့အနက် အဖွဲ့တခုကတော့ မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ Force for Federal Democracy- FFD လို့အတိုကောက်ခေါ်တဲ့ ပညာရှင်တွေ ဦးဆောင်တဲ့အဖွဲ့တခုပါ။ အဖွဲ့တာဝန်ခံက ကိုအောင်အောင်ဆိုသူ ဖြစ်ပါတယ်။ သူတို့အဖွဲ့က ထုတ်လုပ်တဲ့ ဒရုန်းမောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်တွေကို စစ်ပွဲတစ်ခုမှာ မကြာခင်က အောင်မြင်စွာ စမ်းသပ် သုံးစွဲနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။

2d09a10f-e951-4226-922b-216cf4068bb8.jpeg
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အခြေစိုက် YOMA Fighter PDFအဖွဲ့ကထုတ်လုပ်တဲ့ လက်လုပ်သေနတ်များကို တွေ့ရစဥ်။(Photo: YOMA Fighter PDF -Yinmabin)

“Research နဲ့ Production ပိုင်းမှာ ကျနော်တို့က ပိုပြီး အားစိုက်လုပ်နေကြတယ်။ ကျနော်တို့ ထုတ်နိုင်နေတဲ့ drone အမျိုးအစားတွေ၊ လက်နက်အမျိုးအစား ၃- ၄ မျိုးလောက်ရယ် နောက်ထပ် မိုင်းမျိုးစုံ ကျနော်တို့ ထုတ်နေတာတွေ ရှိပါတယ်။ ဒီဟာတွေကို ဘယ်လောက်အသုံးချနိုင်တယ်ဆိုတာလည်း တကယ့် စစ်ဆင်ရေးမှာ သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးရဲ့ Result တွေ နဲ့ ဒီစစ်ဆင်ရေးမှာ ကျနော်တို့လုပ်ခဲ့တဲ့ mission တွေအကြောင်းကို မကြာခင်မှာ ထုတ်ပြန်သွားပေးဖို့ ရှိပါတယ်။ အခုတော့ လုံခြုံရေး အခြေအနေကြောင့် ဆိုင်းငံ့ထားပါတယ်။ ကျနော်တို့ ထုတ်တဲ့ လက်နက်တချို့က မြို့ပေါ်တိုက်ပွဲအတွက် အကောင်းဆုံးလို့ ယူဆတယ် မြို့ပေါ် တိုက်ပွဲအတွက် ဦးတည်ပြီးတော့ ဈေးတော်တော် သက်သက်သာသာနဲ့ ထုတ်နိုင်တဲ့ လက်နက်ကို ကျနော်တို့ ထုတ်နေတာ ရှိတယ်။ EAOs နယ်မြေတွေ အတွင်းမှာ သုံးနိုင်တဲ့ သေနတ် အမျိုးအစားတွေအတွက်လည်း ကျနော်တို့ စဉ်းစားထားတာတွေ ရှိတယ်။ ဒါပေမဲ့ ဒါတွေကို ကျနော်တို့ လက်တွေ့ သုံးမကြည့်ရသေးပါဘူး။ တစ်တောင့်ထိုးတွေ စမ်းသပ်ထားတာတွေ ရှိပါတယ်။ ကျနော်တို့ ထုတ်နိုင်နေတဲ့ drone တွေဆိုရင်လည်း Operation တခုမှာ ကောင်းကောင်း အသုံးချနိုင်တာ ရှိပါတယ်၊ ဒီ Operation ရဲ့ result ကို ကျနော်တို့ မကြာခင်မှာ ထုတ်ပြန်ပေးပါ့မယ်”

မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေက PDF တွေဟာ လပိုင်းအတွင်း အထူးတိုးတက်လာနေတယ်လို့ သုံးသပ်ပါတယ်။

“စစချင်း ချင်းပြည်နယ်မှာ တူမီးလို့ခေါ်တဲ့ သားကောင်ပစ်တဲ့ မုဆိုးကိုင်လက်နက်ကို ရသလောက်တွေ သုံးကြရတယ်။ အဲဒီအဆင့်ကနေ ဒီကနေ့ တိုးတက်လာတာကတော့ သေချာတယ်။ ဒီတိုးတက်လာမှုက နိုင်ငံတကာအဆင့်မီ စစ်တပ်က Professional လက်နက်တွေကိုတော့ မမှီသော်လည်းပဲ၊ တီထွင်ကြံဆမှုက ကျနော်တို့ ဗမာတွေက တီထွင်ကြံဆမှု တကယ်တော်တယ် တတ်တယ်၊ လက်နက်ကိစ္စတွေကို တီထွင်နေကြတာ ကျနော်တော့ တကယ်အားရတယ်။ ချီးကျူးပါတယ်ခင်ဗျ”

PDF တွေကို လက်နက်တပ်ဆင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ NUG အစိုးရခေါင်းဆောင်တွေကတော့ သူတို့ အစွမ်းကုန်ကြိုးစားနေပြီး တိုးတက်မှုတွေကို ဒီနှစ်အတွင်း အထင်အရှားမြင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။