ထိုင်းမြောက်ပိုင်းနဲ့ လာအိုက မီးခိုးမြူပြဿနာ
2023.04.19

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ရဲ့ ညသန်းခေါင်မှာ လပြည့်ဝန်းကြီး သာနေပေမဲ့ ဝါကြန့်ကြန့် လမ်းမီးရောင်အောက်မှာတော့ မီးခိုးမြူတွေ ဆိုင်းနေပါတယ်။
မျက်ရည်တွေ နှာရည်တွေကျ၊ လည်ချောင်းတွေ နာနေကြတယ်။ ဖေဖော်ဝါရီလကတည်းက အဲဒီလို ဖြစ်နေတာ… လို့ နှာခေါင်းစည်းနှစ်ထပ်ဝတ်ပြီး သံဃာတော်တွေကို ဆွမ်းလောင်းဖို့ တန်းစီစောင့်နေတဲ့ မယ်ဆိုင်မြို့က Phattanik Masa က ပြောပါတယ်။
“ဒီဗုဒ္ဓဘာသာရေးပွဲက ထူးခြားတယ်။ ကံကောင်းအောင်လုပ်တဲ့ ပွဲ။ ဒါကြောင့် ကျွန်မတို့အားလုံး မီးခိုးတွေကြားထဲမှာပဲ ထွက်လာကြတာ” လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟာ ဒီနှစ်ပိုင်းတွေအတွင်း အဆိုးရွားဆုံး မီးခိုးမြူတွေရဲ့ဒဏ်ကို ခံနေရတာ နှစ်လလောက် ရှိနေပါပြီ။
အသက်ရှူကျပ်တာကြောင့် လူပေါင်းထောင်နဲ့ချီ ဆေးရုံတက်ခဲ့ရပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လူတွေကို အလုပ်မသွားဘဲ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားချက် ထုတ်ခဲ့ရပါတယ်။ မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ ချင်းမိုင်ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တွေ စာရင်းမှာ ပါလာပါတယ်။
တချို့နေရာတွေမှာ ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံတဲ့အဆင့်ထက် ၁၆ ဆ လောက်အထိ လေထုက ညစ်ညမ်းနေတာပါ။ အခုလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ တောမီးတွေ ထိန်းမနိုင်သိမ်းမရ လောင်ကျွမ်းတာ၊ မေလ စိုက်ပျိုးရာသီအတွက် မြေပြုပြင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ရိတ်သိမ်းရာသီအပြီးမှာ ပြောင်းရိုးပြတ်တွေကို အကြီးအကျယ် မီးရှို့တာတွေကြောင့် ဖြစ်ပါတယ်။
ရာသီဥတုက အရင်နှစ်တွေကထက် ပိုပြီးခြောက်သွေ့တဲ့အတွက် တောမီးက ပိုလောင်ပါတယ်။ မီးလောင်တဲ့နေရာအများစုဟာ အရောက်အပေါက်ခက်ခဲတဲ့ တောင်ကုန်းဒေသတွေဖြစ်ပြီး ထိုင်းမီးသတ်အဖွဲ့တွေမှာကလည်း ငွေကြေးအထောက်အပံ့က မလုံလောက်ပါဘူး။
ဒီအတွင်းမှာ တောင်သူတွေကလည်း တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး၊ အထူးသဖြင့် တိရစ္ဆာန်အစာအတွက် ပြောင်းကိုစိုက်ကြပါတယ်။ စျေးကွက်မှာ အသားများများ လိုလေ၊ ပြောင်းစျေးကောင်းပြီး ပိုစိုက်ရလေ၊ တောင်ယာမီးရှို့မှု ပိုများလေ ဖြစ်လာပါတယ်။
“ဒါက နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ စိုက်စနစ်အမှားတွေရဲ့ ရလဒ်လေ။ အခု မီးခိုးမြူတွေက ၁၀ နှစ်ကျော်ကာလအတွင်းမှာ အဆိုးဆုံးပဲ” လို့ Greenpeace စားနပ်ရိက္ခာနဲ့ ဂေဟဗေဒ ဆော်ဩရေးသမား Rattanasiri Kittikongnapang က ပြောပါတယ်။
ဘာအရေးယူမှုမှ မရှိ
ဒေသတစ်ခုလုံးမှာ ပြောင်းခင်းတွေက တိုးပွားလာနေတာပါ။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အကြားမှာ သစ်တောတွေကနေ ပြောင်းခင်းဖြစ်သွားတဲ့ မြေဟက်တာပေါင်း ၁.၇ သန်းရှိခဲ့တယ်လို့ Rattanasiri ကပြောပါတယ်။
ထိုင်းအစိုးရက တောင်ယာမီး လုံးဝမရှို့ရ မူဝါဒကို အခုနှစ်မတ်လက ကြေညာခဲ့ပေမဲ့ ဥပဒေအာဏာတည်အောင် မလုပ်နိုင်သေးပါဘူး။ အာဏာပိုင်တွေက “ရွေးကောက်ပွဲနဲ့ အလုပ်ရှုပ်နေကြတာကြောင့် ဒီကိစ္စက သူ့ဘာသာ ပြီးသွားလိမ့်မယ်လို့ပဲ မျှော်လင့်ထားကြတယ်” လို့ Rattanasiri က ပြောပါတယ်။

ချင်းရိုင်ခရိုင် ဒွိုင်ဆငို (Doi Sa-Ngo) ရွာက ထိုင်း ပြောင်းစိုက်တောင်သူအမျိုးသမီး Achoo ကတော့… “မီးရှို့တာကို ပြဿနာလို့ မမြင်ပါဘူး။ ဒါဟာ လုပ်နေကျပဲ။ ပြောင်းဖူးခူးမယ်။ ကျန်တာကို မီးရှို့မယ်။ လူတိုင်း ဒီလိုလုပ်တာပဲ။ အဲဒီလို လုပ်လာတာလည်း ကြာပြီ” လို့ ပြောပါတယ်။
ဒါပေမဲ့ အခုလိုလုပ်ဖို့ စီးပွားရေးအရ တွန်းအားတွေကလည်း ရှိနေပါတယ်။
အရင်ကဆိုရင် ရွာသားတွေက များသောအားဖြင့် ဟင်းသီးဟင်းရွက်၊ ပီလောပီနံ၊ နာနတ်နဲ့ တခြားစားပင်တွေ စိုက်ခဲ့ကြပါတယ်။ အထူးသဖြင့် တောင်သူတစ်ယောက်က ကြားပွဲစားလုပ်ပြီး တိရစ္ဆာန်အစာကုမ္ပဏီတွေဆီကို ရောင်းပေးခဲ့ပြီးနောက်မှာတော့ သူတို့တစ်တွေ ပြောင်းကို စိုက်လာကြပါတယ်။
“ကျွန်မတို့က ဘာမှ လုပ်စရာ မလိုဘူး။ ကျွန်မတို့မှာ ဝယ်ဖို့ ငွေမရှိတောင် အဲဒီလူဆီကနေ မျိုးစေ့နဲ့ ဓာတ်မြေဩဇာတွေ ရတယ်။ ပြောင်းခူးပြီးရင် သူက ကျွန်မတို့ဆီကကောက်ပြီး မြို့မှာသွားရောင်းတယ်” လို့ Achoo ကပြောပါတယ်။
အန္တရာယ်နေရာတွေလို့ခေါ်တဲ့ မီးလောင်တဲ့ နေရာတွေ၊ ဒါမှမဟုတ် မီးလောင်နိုင်ခြေရှိတဲ့နေရာတွေ တိုးပွားလာနေပြီး အဲဒီနေရာတွေဟာ တောပြုန်းတဲ့နေရာတွေ၊ တိရစ္ဆာန်အစာအတွက် ပြောင်းစိုက်တဲ့နေရာတွေနဲ့ဆက်စပ်နေပါတယ်။ အသားထုတ်လုပ်ငန်း ကြီးထွားလာတာနဲ့အမျှ ပြောင်းလိုအပ်မှု ပိုများလာလိမ့်မယ်လို့ လေထုညစ်ညမ်းမှု လျှော့ချရေး ဆော်ဩနေတဲ့ ထိုင်းနိုင်ငံ Greenpeace အဖွဲ့က Alliya Moun-Ob က ပြောပါတယ်။
အစိုးရကိန်းဂဏန်းတွေအရ ထိုင်းနိုင်ငံဟာ တိရစ္ဆာန်အစာအတွက် အနည်းဆုံးပြောင်းတန်ချိန် ရှစ်သန်း လိုအပ်ပေမဲ့ တန်ချိန်ငါးသန်းသာ ထုတ်လုပ်နိုင်ပါသေးတယ်။ အဓိပ္ပါယ်ကတော့ လိုတဲ့ပမာဏကို ပြည်ပကနေ တင်သွင်းနေရတာပါပဲ။
လုပ်ငန်းကြီးများ၏ လိုအပ်ချက်
အရင် အနှစ် ၂၀ လောက်ကတော့ ထိုင်းနိုင်ငံဟာ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေရဲ့ နယ်စပ်ကနေ ပြောင်းကို အကောက်ခွန်လွတ် တင်သွင်းခဲ့ပါတယ်။ အဲဒီကစပြီး ရိုးပြတ်တွေ မီးရှို့တဲ့ဓလေ့ဟာ ဒေသတွင်းကို ရောက်လာတာလို့ Alliya က ပြောပါတယ်။
ပြောင်းအလိုအပ်ဆုံးက ကမ္ဘာမှာ တိရစ္ဆာန်အစာ အများဆုံးထုတ်လုပ်တဲ့ ထိုင်းနိုင်ငံရဲ့ CP Group လို့ခေါ်တဲ့ Charoen Pokphand Group ဖြစ်တယ်လို့ Alliya နဲ့ တခြား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ CP Group က တစ်နှစ်ကို တိရစ္ဆာန်အစာ မက်ထရစ်တန် ၂၇,၆၅၀ ထုတ်လုပ်ပါတယ်။

နိုင်ငံမြောက်ပိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ပြောင်းကို ကန်ထရိုက်စနစ်နဲ့ စိုက်ခိုင်းတဲ့ CP ကုမ္ပဏီတစ်ခုတည်းကိုပဲ ထိုင်းအစိုးရက ထောက်ပံ့ပေးနေတာလို့ Rattanasiri က ပြောပါတယ်။
ရှေ့ပြေးအစီအစဥ်အကြောင်း Royal Initiative Discovery Institute မှာ ဒီဇင်ဘာလက ကြေညာတုန်းက စပါးစိုက်တောင်သူတွေ ပြောင်းကို ပြောင်းစိုက်လာအောင် နားချပြီး လိုအပ်ရင် ချေးငွေကို အတိုးမဲ့ကူညီမယ့်အပြင် ထွက်ကုန်ကိုလည်း အာမခံထားတဲ့စျေးနဲ့ ဝယ်မယ်ဆိုပြီး CP ကုမ္ပဏီက ကတိပေးခဲ့ပါတယ်။
တခြား ဘာအရင်းအမြစ်မှလည်း မရှိ၊ ဘာလုပ်နိုင်စွမ်းမှလည်း မရှိတဲ့ တောင်သူတွေဟာ ပြောင်းကို ကန်ထရိုက်စနစ်နဲ့ စိုက်ဖို့ကလွဲလို့ တခြားရွေးစရာ မရှိခဲ့ဘူးလို့ Alliya က ပြောပါတယ်။
“ဥပဒေရေးရာနဲ့ မူဝါဒရေးရာယန္တရားတွေမှာ လိုနေတာက ပြောင်းကနေ အကျိုးအမြတ်တွေ ရနေချိန်မှာ စက်မှုလုပ်ငန်းကဏ္ဍနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေအတွက် ဘယ်လိုတာဝန်ခံရမယ်ဆိုတာ မပါတာပဲ”
တိရစ္ဆာန်အစာအတွက် ပြောင်းထုတ်လုပ်ရာမှာ ရေရှည်တည်တံ့အောင် စိုက်ပျိုးတာမျိုး ရှိ၊ မရှိ ဆိုတာကို တောမပြုန်းသေးတဲ့နေရာတွေရော၊ ရိုးပြတ်တွေ မီးရှို့တာမျိုး မလုပ်သေးတဲ့နေရာတွေ အပါအဝင် ပြောင်းစိုက်တဲ့နေရာတွေကို လေ့လာစိစစ်မယ့် အစီအစဥ်တစ်ရပ် ချမှတ်လုပ်ဆောင်နေတယ်လို့ CP ကုမ္ပဏီက ပြောပါတယ်။
ကုမ္ပဏီ အမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ Paisarn Kruawongvanich က CP group ဟာ ရေရှည်တည်တံ့တဲ့ အစားအစာထုတ်လုပ်မှုစနစ်ကို တည်ဆောက်ဖို့ အမြဲဦးစားပေးတဲ့အပြင်၊ နိုင်ငံဖြတ်ကျော် ဖြစ်ပွားနေတဲ့ မီးခိုးမြူတွေ လျော့ကျအောင်လည်း လုပ်နေပါတယ်လို့ ပြောပါတယ်။
ရိုးပြတ်တွေကို မီးမရှို့ကြဖို့ ပြောတာကို တောင်သူတွေက မလိုက်နာရင် ဘယ်လိုလုပ်မှာလဲလို့ RFA က မေးရာမှာတော့ CP ကုမ္ပဏီက ပြန်မဖြေပါဘူး။
တိရစ္ဆာန်အစာအတွက် ဝယ်လိုအားတက်နေတာက ပြောင်းစျေးကို တွန်းတင်သလို ဖြစ်နေပါတယ်။ “ပြောင်းကို ပြည်တွင်းမှာ လုံလောက်အောင် မထုတ်လုပ်နိုင်တာရယ်၊ ကမ္ဘာ့ ပြောင်းကုန်သွယ်မှုက မသေချာ မရေရာ ဖြစ်နေတာရယ်ကြောင့်” ဖေဖော်ဝါရီလမှာ ပြောင်းစျေးက အရင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း တက်လာကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တောမီး
ဒါ့အပြင် ဒီနှစ် လာနီညာအပြီး နွေရာသီရောက်လာတာကြောင့် ဒေသအတွင်း နေရာအတော်များများမှာ တောမီးတွေ ထိန်းမနိုင် သိမ်းမရ လောင်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လာနီညာ ရာသီဥတုကာလအတွင်းမှာတော့ ပစိဖိတ်သမုဒ္ဒရာရဲ့ အီကွေတာရပ်ဝန်းမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်လျော့ကျတာကြောင့် အာရှတိုက်နေရာတချို့မှာ အေးမြစွတ်စိုနေတတ်ပါတယ်။
လာအိုနိုင်ငံမှာဆိုရင် သီတင်းလေးပတ်အတွင်းမှာ လေထုအရည်အသွေးက “ကျန်းမာရေးထိခိုက်နိုင်တဲ့ အနေအထား” ကနေ “အန္တရာယ် အနေအထား” အထိ ရောက်သွားပါတယ်။ ဗီယင်ကျန်းမြို့တော်မှာ ဧပြီလ ၁၄ ရက်က လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ လေထဲမှာပါဝင်တဲ့ အမှုန်အမွှားလေးတွေရဲ့ အန္တရာယ်ရှိမှုအဆင့် PM2.5 သိပ်သည်းဆက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ချက်ထက် ၁၁ ဆ ကျော်နေပြီး ၁၅၀ အထိ ရှိနေပါတယ်။
မီးခိုးတွေက အရပ်ရှစ်မျက်နှာစလုံးက လွင့်လာကြောင်း ဒေသခံတွေက RFA လာအိုဌာနကို ပြောပြကြသလို၊ ကျွမ်းကျင်သူတွေကလည်း ရိုးပြတ်တွေမီးရှို့တာနဲ့ ရာသီဥတုအပြောင်းအလဲကြောင့် ဒီနှစ်မှာ တောမီးလောင်တဲ့ ပြဿနာ ပိုဆိုးရကြောင်း ပြောပါတယ်။
“မှုန်မှိုင်းနေတော့ ကောင်းကောင်း မမြင်ရဘူး။ အပြင်သွားရင် နှာခေါင်းစည်း တပ်သွားရတယ်။ ကလေးတွေ နေမကောင်းဖြစ်လာပြီး နှာခေါင်းတွေ၊ မျက်လုံးတွေ ယားလာတယ်” လို့ ဗီယင်ကျန်းမြို့တော်မှာ နေထိုင်သူတစ်ဦးက RFA လာအိုဌာနကို ဧပြီလဆန်းပိုင်းက ပြောပြပါတယ်။
အသက်ရှူကျပ်တဲ့လူနာတွေ အတော်များများ ဆေးရုံကို ရောက်လာတယ်လို့ ဗီယင်ကျန်းဆေးရုံက ဆရာဝန်တစ်ဦးက ပြောပါတယ်။
မတ်လ ၂၄ ရက်က မီးခိုးမြူဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး လေယာဥ်ခရီးစဥ်တွေ ဖျက်သိမ်းခဲ့ရကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲက တာချီလိတ်မြို့ခံတွေက RFA မြန်မာဌာနကို ပြောပြပါတယ်။
အရင်တုန်းကတော့ မြူတွေဆိုင်းရင် နှစ်ရက်လောက်ပဲ ကြာတတ်ပေမဲ့ အခုတစ်ခါမှာတော့ မြူတွေ ပိုထူသလို မြူဆိုင်းနေတဲ့ရက်လည်း ပိုကြာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဆီယံ အထူးပြု ဇလဗေဒဌာန (ASMC) အဆိုအရ အယ်နီညို လို့ခေါ်တဲ့ ပင်လယ်ရေမျက်နှာပြင် ပူနွေးမှုကြောင့် အရှေ့တောင်အာရှဒေသမှာ ရာသီပိုပူလာပြီး တောမီးတွေ ပိုလောင်၊ မီးခိုးမြူတွေ ပိုဆိုင်းလာမယ့် အန္တရာယ် ရှိနေပါတယ်။
“သစ်တောတွေရဲ့ ကျန်းမာရေးကိုထိန်းထားနိုင်ဖို့ မီးလောင်တာကို ထိန်းချုပ်မယ့် စီမံခန့်ခွဲမှုမျိုးလည်း မရှိဘူး။ ဒါကို သေသေချာချာ မစီမံ မခန့်ခွဲရင် မီးသေးသေးလေးကနေ ငြှိမ်းသတ်လို့မရတဲ့ ဧရာမ မီးလောင်တာမျိုး ဖြစ်သွားမယ်” လို့ အာရှ နည်းပညာတက္ကသိုလ်က စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဌာနမှူး ပါမောက္ခ Ekbordin Winijkul က ပြောပါတယ်။

လူအတော်များများကို မီးရှို့မှုနဲ့ ဖမ်းထားပေမဲ့ ဘာကြောင့် တောမီးလောင်တာလဲ ဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်မပြောပါဘူး။
တောမီးလောင်တာဟာ စိုက်ပျိုးမြေသစ်တွေဖော်ဖို့ တောတွေ ရှင်းတာကြောင့်၊ ဒါမှမဟုတ် မှိုရှာကြတာကြောင့်လို့ တက်ကြွလှုပ်ရှားသူတွေက RFA ကို ပြောပါတယ်။ မီးလောင်ပြီးသွားတဲ့ မြေဟာ အာဟာရဓာတ် အလျင်အမြန် ကြွယ်ဝလာတာကြောင့် မှိုတွေပေါက်ပွားလာပြီး အဲဒီမှိုတွေကို တောင်သူတွေက စျေးမှာ သွားရောင်းကြပါတယ်။
မြူခိုးပြဿနာကို မကိုင်တွယ်ရင် လူတွေပိုသေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ လူတွေသေဆုံးရတဲ့ အဓိက အကြောင်းရင်း ဆယ်ခုထဲမှာ လေထုညစ်ညမ်းမှုက တစ်ခုအပါအဝင်ဖြစ်ပြီး လူငါးသိန်းလောက်ဟာ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့ရလို့ မသေသင့်ဘဲ သေခဲ့ရတာဖြစ်ကြောင်း UNEP က Mushtaq Memon က ပြောပါတယ်။
ရိုးပြတ်တွေ မီးရှို့တဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လောလောလတ်လတ် အရေးကြီးတာက လိုအပ်တဲ့ငွေကြေးနဲ့ အရင်းအမြစ်တွေကို တောင်သူတွေဆီ အချိန်မီ လုံလုံလောက်လောက် ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံဖြတ်ကျော် မြူခိုးပြဿနာဟာ နိုင်ငံတစ်နိုင်ငံ၊ ကုမ္ပဏီတစ်ခုရဲ့ ပြဿနာမဟုတ်ဘူးလို့ ပါမောက္ခ Ekbordin က ပြောပါတယ်။
“ဒီပြဿနာကို အားလုံး ဝိုင်းဖြေရှင်းရမယ်။ သေသေချာချာ အရေးတယူ မလုပ်ရင် အခြေအနေ ပိုဆိုးလာလိမ့်မယ်။ အဲဒီလိုဆိုရင် ဒီပြဿနာက နှစ်တိုင်း ဖြစ်လာလိမ့်မယ်”