Smart Card က လူမျိုးရေးအငြင်းပွားမှု ဖြေရှင်းပေးနိုင်မလား


2018.11.13
nvc-622.jpg ရခိုင်ပြည်နယ် သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေကို ဇွန်လ ၂၁ ရက်နေ့က NVC ကတ်ထုတ်ပေးစဉ်
Photo: Min Thein Aung/ RFA
နိုဝင်ဘာလ ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အစိုးရက နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို smart card အဖြစ် ပြောင်းလဲတော့မယ်လို့ ပြောလိုက်ပါတယ်။ အဲဒီလိုပြောင်းလဲလိုက်တာဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အငြင်းပွားနေကြတာ လူမျိုရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်မလား ဆိုတာက စဉ်းစားစရာပါ။

RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
Smart Card က လူမျိုးရေးအငြင်းပွားမှု ဖြေရှင်းပေးနိုင်မလား
(ထက်အာကာ)

■ လာမယ့် ၂၀၁၉ ခုနှစ်မှာ နိုင်ငံသားစိစစ်ရေးကတ်တွေကို Smart Card အဖြစ် ပြောင်းလဲတော့မယ်လို့ နိုဝင်ဘာ ၁၀ ရက်နေ့ နေရပ်စွန့်ခွာ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ smart card ကို လူမျိုးသတ်မှတ်မှုပုံစံ အငြင်းပွားစရာမရှိတော့အောင် ဆောင်ရွက်ထားတယ်လို့ သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောပါတယ်။

"အဲဒီ smart card မှာ လူမျိုးကိုးကွယ်မှု ဘာသာတွေမပါဘူး၊ အဲလိုမပါတော့ လူမျိုးရေး အငြင်းပွားမှုတွေလဲ မဖြစ်တော့ဘူး"

ဘင်္ဂလားဒေရှ်နိုင်ငံကို နေရပ်စွန်ခွာထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ရောက်လာတာနဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတာ လူမှုဝန်ထမ်းနဲ့ ပြန်လဲနေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။

"NVC ကတ်ထုတ်ပေးပြီးတာနဲ့ နိုင်ငံသားဖြစ်ခွင့်ကို လျှောက်ခွင့်ရမယ်၊ နိုင်ငံသားဖြစ်ခွင့်ကတော့ ဥပဒေအတိုင်းပေါ့"

အဲဒီ NVC ကတ်တွေမှာလဲ လူမျိုး ကိုးကွယ်သည်ဘာသာတွေကို ထည့်သွင်းဖော်ပြထားမည် မဟုတ်ပါဘူး။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ကိစ္စတွေထဲမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးမရှိဘူးရှိတယ် ဆိုတဲ့အငြင်းပွားမှုတွေကလည်း အဓိကပါဝင်နေပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာလူမျိူးဆိုတာ မရှိကြောင်း နိုင်ငံတကာအသိုင်းဝိုင်းနဲ့ အငြင်းပွားနေကြပြီး လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတော့ နိုင်ငံတော်အတိုင်ပင်ခံက ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းဝိုင်းဆိုတဲ့ အသုံးနှုန်းကိုသုံးဖို့ ပြောဆိုခဲ့ပါတယ်။

အဲအသုံးနှုန်းကို နှစ်ဖက်လူ့အဖွဲ့စည်းဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေက လက်မခံခဲ့ကြပါဘူး။

အစိုးရအနေနဲ့လည်း အဲဒီအသုံးနှုန်းကို အစိုးရထုတ်ပြန်စာတွေနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ အချိန်ပိုင်းတွင်းမှာသာ အသုံးပြုခဲ့ပြီး လက်ရှိချိန်မှာ ဘင်္ဂလီလူမျိုးဟုသာ သုံးစွဲနေပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို နိုင်ငံပိုင်သတင်းမီဒီယာတွေသာမက ပြည်တွင်းသတင်းမီဒီယာတွေကိုပါ မသုံးဖို့ ဖိအားပေးထားပါတယ်။

တဖက်နိုင်ငံသို့ ထွက်ပြေးစွန့်ခွာသွားသူတွေကတော့ သူတို့ကို ရိုဟင်ဂျာလူမျိုးအဖြစ် သတ်မှတ်ပေးမှ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ ပြောဆိုထားပါတယ်။

အဲဒီ smart card နဲ့ ပတ်သက်ပြီး ရှင်းပြတာကတော့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင် ပါ။

"လူတစ်ယောက်ကို smart card နံပါတ်တစ်ခုစီရမယ် အဲနံပါတ်နဲ့ လူမှုရေး ကျန်းမာရေး စီးပွားရေးတွေကို ဆောင်ရွက်နိုင်မယ်"

တကယ်လို့ အဲဒီ smart card တွေကို တဖက်နိုင်ငံကပြန်လာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပေးမယ်ဆိုရင် နှစ်ဖက်လူ့အဖွဲ့စည်းရဲ့ သဘောဆန္ဒတွေက ဘယ်လိုရှိကြမလဲဆိုတာက စိတ်ဝင်စားစရာကိစ္စတစ်ခုပါ။

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုစာထဲမှာလဲ အဆိုပါကိစ္စကို လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။

အဲဒီ smart card က အဆင်ပြေနိုင်မလားဆိုတာကို ကိုဖီအာနန်ကော်မရှင်မှာလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးတဲ့ အစ္စလာမ်ဘာသာဝင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာဂျီဦးအေးလွင်က အခုလိုသုံးသပ်ပါတယ်။

"နိုင်ငံတကာမှာလည်း အဲလိုပဲ ကျနော်တို့အစောထဲက အဲဒီလိုလုပ်ဖို့ ပြောနေတာကြာပြီ ဖြစ်နေတဲ့အငြင်းပွားမှုတွေကို အများကြီး အဆင်ပြေနိုင်မှာပါ

အစိုးရကလည်း ကိုဖီအာနန်ရဲ့အကြံပြုချက် ၈၈ ချက်ထဲက ၈၁ ချက်ကို အကောင်ထည်ဖော်ပြီးကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့အောက်တို ၂၅ ရက်နေ့က နေရပ်စွန့်ခွာသူတွေကို ဘင်္ဂလားဒေရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အကြံပြုချက်၅ချက်နဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်အချက်တွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေရှ်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sharif Mahmood Apu က ထုတ်ဖော်ပြောကြားခဲ့တာရှိပါတယ်။

ရခိုင်ပြည်နယ်က မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးသာပွင့်ကတော့ အဆိုပါ Smart Card ကို ရခိုင်တိုင်းရင်းသားတွေက လက်ခံမှာမဟုတ်တဲ့အကြောင်း အခုလိုပြောပြပါတယ်။

"လူမျိုး ကိုးကွယ်တဲ့ ဘာသာ မပါတာဟာ ဥပဒေကိုချိုးဖောက်တာဘဲ လက်မခံနိုင်မှာ မဟုတ်ပါဘူး"

ရိုဟင်ဂျာမွတ်စလင်တွေကကော ဒီ Smart Card ကို လက်ခံနိုင်ခြေရှိပါသလားဆိုတာကို ဦးသာအေး က သုံးသပ်ပြပါတယ်။

"တစ်နိုင်ငံလုံးအနေထားနဲ့ဆို လက်ခံကြမှာပါ ရခိုင်ပြည်နယ်တစ်ခုထဲဆို အဆင်ပြေမှာမဟုတ်ဘူး"

ဒီလို smart card ကို ပြောင်းလဲမယ့်ကိစ္စကို လူအခွင့်ရေးလေ့လာသူအတော်များများက ကြိူဆိုကြပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံမှုအရ လူဦးရေ ၅၁ သန်းရှိပြီး နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်)ကတ် ကိုင်ဆောင်ထားသူ ၃၈ သန်း ရှိပါတယ်ခင်မျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။