မကွေးလေတပ်စခန်းဘေးက အိမ် ၁၀၀ ခန့်ဖယ်ရှားဖို့ စစ်ကောင်စီ အမိန့်ထုတ်
မကွေးမြို့ လေတပ်စခန်းနဲ့ကပ်နေတဲ့ နေအိမ်တွေကို မေလ ၂၀ ရက်နေ့ အပြီးပြောင်းရွှေ့ဖို့ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
-
RFA Burmese
2023-04-07 -
-
-
မကွေးတိုင်း၊ မကွေးမြို့ လေတပ်စခန်းနဲ့ကပ်နေတဲ့ နေအိမ်တွေကို မေလ ၂၀ ရက်နေ့ အပြီးပြောင်းရွှေ့ဖို့ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကနေ ဧပြီလ ၃ ရက်နေ့က သတိပေး ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေအိမ်တွေကို ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်မှာ ပထမအကြိမ် အကြောင်းကြားလာခဲ့ပြီး မတ်လ ၃၀ ရက် မနက်ပိုင်းမှာတော့ စည်ပင်အဖွဲ့က အဲဒီမှာနေသူတွေကို မြို့နယ်ခန်းမမှာ ခေါ်ယူတွေ့ဆုံပြီး မေလ ၂၀ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
မကွေးမြို့ အောင်မင်္ဂလာအုပ်စု၊ အောင်ဇေယျာရပ်ကွက်က နေအိမ် ၉၈ လုံး ပြောင်းရွှေ့ ရမှာဖြစ်ပြီး အဲဒီနေအိမ်တွေဟာ မကွေးမြို့ အမှတ် (၂) ရဲစခန်းရဲ့ အရှေ့ဘက်၊ လေတပ် စခန်းခြံစည်းရိုးနဲ့ ကပ်နေသလို အောင်ဇေယျာ (၁) လမ်းထိပ်ကနေ မကွေးလေတပ် စခန်းအဝင် တောင်ဘက်ဂိတ်ပေါက်ဝအထိရှိပါတယ်။
"ဒီနေရာကထွက်သွားရင် သူတို့ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းတွေကအစ ရပ်သွားမယ်ပေါ့"
အခုပြောင်းရွှေ့ပေးရမယ့်သူတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်း အဲဒီမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး သုံးဘီးမောင်းသူ၊ လက်သမား၊ ပန်းရန်စတဲ့ လက်လုပ် လက်စားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမှာ သုံးပင်အိမ်လေးတွေ၊ နှစ်ထပ်အိမ်လေးတွေနဲ့ လူတစ်ထိုင်လွတ်ရုံ မြေစိုက် အိမ်လေးတွေများပြီး အိမ်ကြီးကြီးမားမားက ဆယ်အိမ်ခန့် ပါဝင်တယ်လို့ ရပ်ကွက်မှာ နေသူတွေက ပြောပါတယ်။
အဲဒီနေထိုင်သူတွေထဲမှာ တပ်ကြပ်ကြီးရာထူးကနေ အငြိမ်းစားယူထားသူတွေနဲ့ အခြားစစ်မှုထမ်းဟောင်း ၁၅ ဦး ခန့် ပါဝင်သလို သားသမီးတွေတပ်ထဲမှာရှိလို့ အဲဒီမှာဝယ်ပြီး နေထိုင်သူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
ဆိုလာလျှပ်စစ်မီးပဲရတဲ့ အဲဒီနေရာမှာ တရားဝင်နေထိုင်ခွင့်ရတဲ့ နေအိမ်သုံးအိမ်ခန့်က တူးထားတဲ့ရေတွင်းတွေကနေ သောက်သုံးရေကို ရေစည်လက်တွန်းလှည်းလေးတွေနဲ့ ဝယ်သုံးရတယ်လို့ ပြောပါတယ်။
အခု ပြောင်းရွှေ့ပေးရတော့မယ့် အခြေအနေဖြစ်လို့ စားဝတ်နေရေးကအစ အကျပ်အတည်းတွေ ရင်ဆိုင်နေရတယ်လို့ နေအိမ်ပြောင်းရွှေ့ခံရတော့မယ့်သူရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
"အဲဒါကတော့ဗျာ။ သူတို့မှာ နေဖို့ထိုင်ဖို့ အခက်အခဲ လုံးဝရှိသွားတော့တာပေါ့။ အဆောက်အအုံက ဆောက်ထားတယ်။ အဲဒီ အဆောက်အအုံကလည်း ဖျက်ပြီးထွက်သွားရမယ်။ နေခဲ့တာလည်း ဒီနားလေး ဆယ်နှစ်ကျော် နေခဲ့ပြီးပြီ။ အဲဒီအတွက် ဒီနေရာလေးက သူတို့ လုပ်ကိုင်စားသောက်ဖို့ လွယ်ကူတယ်ပေါ့ဗျာ။ မြို့ထဲသွားလိုက် ပြန်လိုက်၊ ဝင်လိုက်ထွက်လိုက်ဆိုတဲ့ ဟာမျိုးလေးနဲ့ဆိုတော့ ဒီနေရာကထွက်သွားရင် သူတို့ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းတွေကအစ ရပ်သွားမယ်ပေါ့၊ ရပ်သွားမှာဖြစ်တဲ့အတွက် သူတို့ စားဝတ်နေရေးက အခက်အခဲ တော်တော်ဖြစ်သွားမယ်"
စည်ပင်ဘက်က အကြောင်းကြားစာထဲမှာ ဒီအိမ်တွေဟာ လမ်းနယ်နိမိတ်ကို ကျူးကျော် ထားလို့ လမ်းပိတ်ဆို့မှုဖြစ်တာ၊ မြို့အင်္ဂါရပ်နဲ့ညီညွတ်မှု မရှိတာနဲ့ မီးဘေးအန္တရာယ် ဖြစ်ပေါ်မှုတွေ စိစစ်တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဖယ်ရှားရှင်းလင်းသွားမှာဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက မကွေးတိုင်း ဒေသကြီး စည်ပင်သာယာရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
မကွေးလေတပ် အနီးမှာရှိတဲ့ မြေယာအချို့ဟာ အရင်ကတည်းက မြေယာအငြင်းပွားမှုတွေ ရှိခဲ့ပြီး လေတပ်စဆောက်တဲ့ အချိန်ကလည်း အဲမှာရှိတဲ့ရွာတွေရဲ့ လယ်ယာမြေတွေ အပါအဝင် မြေတွေကိုသိမ်းယူခဲ့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေသိမ်းစဉ်ကလည်း ခေတ်ကာလနဲ့ အညီထိုက်တန်တဲ့ လျော်ကြေးငွေ မရခဲ့တာကြောင့် မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ အိုးအိမ်တွေ ဖယ်ရှားခိုင်းတာဟာ ပြည်သူလူထုကို ထပ်ဆင့်ညှဉ်းပန်းနှိပ်စက်တာလို့ မကွေးမြို့ခံ တစ်ဦးက ပြောပါတယ်။
"အခု ဒီလိုမျိုး အာဏာသိမ်းပြီးတဲ့နောက် အားလုံးအထွေထွေ ကျပ်တည်းမှု၊ စားဝတ်နေရေး အဆင်မပြေမှုတွေရှိနေတဲ့ အချိန်မှာ အခုလို ကျားကုတ်ကျားခဲ နေနေတဲ့ မြေနေရာတွေ ဖယ်ရှားပေးရမယ်ဆိုတာ ပြည်သူတွေကို ထပ်ဆင့်ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဒီလိုမခြေအနေမှာ ရှင်းရှင်းလေး စဉ်းစားလိုက်ရင် ကိုယ်နေထိုင်တဲ့ နေရာကနေ မည်သို့သော အကြောင်းကြောင့်မှ ရွှေ့ချင်ပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ လက်ရှိနေရာကနေ တခြားနေရာကို ပြောင်းဖို့ရွှေ့ဖို့က မြေနေရာ ရှာဖွေရတာတွေ၊ ဆောက်လုပ်ရေးတွေ၊ ဒါတွေကလည်း ကုန်ကျငွေတွေ ထပ်မံရှိနိုင်ပါတယ်။ ဒါကြောင့်မိုလို့ ပြည်သူတွေကို ဒီလိုမျိုး အာဏာသိမ်း စစ်အုပ်စုက နောက်ထပ်ညှဉ်းပန်း နှိပ်စက်မှု တစ်ခုနဲ့ နှိပ်စက်လိုက်တဲ့ လုပ်ရပ်လို့ပဲ ကျနော့်အနေနဲ့တော့ သုံးသပ်ပါတယ်"
နောက်ထပ်မကွေးမြို့ခံတစ်ဦးကလည်း ဒီနေရာမှာ လာခိုပြီး လေတပ်ကို ဒုံးနဲ့ပစ်ခတ်မှာ စိုးလို့ ဖယ်ရှားတာဖြစ်တယ်လို့ ပြောပါတယ်။
"သူတို့က မြို့အစွန်ပေါ့။ မြို့အစွန်ကျူးကျော် ပုံစံမျိုးလိုဖြစ်နေတာ။ တရားဝင်လည်း မဟုတ်၊ ကျူးကျော်လည်း မဟုတ်ပေါ့လေ၊ အဲပုံစံမျိုး ရှိတယ်။ ကျနော် သိသလောက် ကတော့လေ အဓိကကတော့ လေတပ်ကို ကျနော်ထင်တာ ပြောရရင်တော့ လေတပ်ကို ခဏခဏဒုံးနဲ့ ပစ်ခံရတာမို့လို့ အဲနားလေး လာခိုမှာစိုးလို့ ဖယ်ခိုင်းတာလို့ ယူဆရတာ ပေါ့ဗျာ"
မကွေးလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာ ရှိခဲ့သလို တိုက်ခိုက်မှုနှစ်ကြိမ်မက ရှိခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က မကွေးလေတပ်စခန်းက လက်နက်သိုလှောင် ရုံ ဗုံးခွဲတိုက်ခိုက်ခံရသလို ၂၀၂၁ ဧပြီလ ၂၉ ရက်နေ့ကလည်း လေတပ်စခန်းကို ရှော့တိုက် ဒုံးတွေ ပစ်ခံခဲ့ရပါတယ်။
အခုလိုနေအိမ်တွေ ဖယ်ရှားခိုင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
နေအိမ်တွေ ကျူးကျော်နေထိုင်တဲ့ ကိစ္စတွေကို အရင်အစိုးရတွေက လက်ရှောင်ခဲ့တာ ကြောင့် စစ်ကောင်စီက တရားဥပဒေစိုးမိုးရေးအတွက် အဓိကထား လုပ်ဆောင်နေရတာလို့ RFA ကို အရင်က ဖြေဆိုထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကလည်း မန္တလေးတိုင်းက အိမ်ခြေတစ်ထောင် ကျော်၊ ရပ်ကွက်ပေါင်း ၁၃ ခု၊ လူငါးသောင်းဝန်းကျင် နေထိုင်တဲ့ မြစ်ငယ်တစ်မြို့လုံးနီးပါး ကိုလည်း ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်အုပ်စုမှာရှိတဲ့ မြေဧကငါးရာကျော်က အဆောက်အအုံ လေးထောင်ကျော်နဲ့ မန္တလေးတိုင်း အောင်မြေသာစံ၊ ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည်မြို့နယ်တွေက နေအိမ်တွေကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ အင်အားသုံး ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။