အာဏာသိမ်းပြီးနောက် လိင်အကြမ်းဖက်မှု ၁၁၇ ကြိမ်ဖြစ်ပွားခဲ့

RFA Burmese
2023.06.23
အာဏာသိမ်းပြီးနောက် လိင်အကြမ်းဖက်မှု ၁၁၇ ကြိမ်ဖြစ်ပွားခဲ့ လက်ပံတောင်းတောင်ဒေသခံများနှင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပူးပေါင်းစစ်ကြောင်းတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။
Chaw Su San

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၁၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်နေ့က  ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားတွေက အများဆုံးကျူးလွန်ခဲ့ပြီး ၁၀၈ ကြိမ်အထိရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နောက်ထပ် ကိုးကြိမ်ကိုတော့ အရပ်သားအချင်းချင်း ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိင်ပိုင်းအကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ဆီ တိုင်ကြားထားသလို NUG တရားရေးဝန်ကြီးဌာနကိုလည်း မှတ်တမ်းပို့ထားတယ်လို့ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးက RFA ကို ပြောပါတယ်။

"ကျုးလွန်မှုတွေကို အခုကတော့ ချက်ချင်း ကုလသမဂ္ဂရဲ့ ယန္တရား (IIMM) ကို ကျွန်မတို့ ပို့ပေးတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ NUCC၊ NUG က ချမှတ်ထားတဲ့ အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှု ဖြစ်စဉ် (Transitional justice) မှာလည်း ပြန်လည်ဖော်ထုတ် အရေးယူဖို့ စီစဉ်ထားပါတယ်။ NUG ရဲ့ တရားရေးဌာနကိုလည်း မှတ်တမ်းတွေ ပို့ထား ပါတယ်"

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခံရသူ ကာယကံရှင်တွေနဲ့ မိသားစုဝင်တွေရဲ့ တိုင်ကြားချက်တွေကို အခြေခံထားပြီး မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

"အမျိုးသမီးတွေအနေနဲ့ စိတ်လုံခြုံမှုက မရှိဘူး၊ ပြောမယ်ဆိုရင် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ၈ဝ ရာခိုင်နှုန်းလောက်ထိ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုမရှိဘူး"

ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်နက်ကိုင်တော်လှန်သူတွေက ကျူးလွန်ခဲ့ တယ်လို့ တိုင်ကြားထားတဲ့ စာ ၁၃ စောင် လက်ခံရရှိထားပြီး အဲဒီအမှုတွေကို စုံစမ်း စစ်ဆေးနေဆဲဖြစ်တဲ့အတွက် အခု စာရင်းမှာ ထည့်သွင်းမထားဘူးလို့ ဒေါ်ဆူဇန်နာ လှလှစိုးက ပြောပါတယ်။

အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေဟာ စစ်ရေးပဋိပက္ခပြင်းထန်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တွေမှာ ပိုပြီးဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီထဲမှာမှ အထူးသဖြင့် စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတွေဘဝဟာ အစစ အရာရာ လုံခြုံမှုမရှိဘူးလို့ စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ်မှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် မခင်မျိုးက ပြောပါတယ်။

"ကျွန်မတို့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုတွေကတော့ ဘယ်နေရာမှာမဆို လုံခြုံမှုမရှိဘူး။ တချို့ဆိုရင်လည်း စစ်ကြောင်းတွေက ဝင်ထွက်နေတော့ ကိုယ့်ရွာကိုယ် မနေထိုင်ရဘူး ပေါ့။ အဲဒီတော့ တောတွေ ထဲမှာ နေရတယ်။ အမျိုးသမီးတွေအနေနဲ့ စိတ်လုံခြုံမှုက မရှိဘူး၊ ပြောမယ်ဆိုရင် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ၈ဝ ရာခိုင်နှုန်းလောက်ထိ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုမရှိဘူး။ ကျွန်မတို့မြို့နယ်မှာဆိုရင် လိင်ပိုင်းဆိုင်ရာ ဖြစ်ပွားမှု များတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေရော၊ အရွယ်ရောက်ပြီးသား လူငယ် တွေရော ကြုံတွေ့နေရတာ"

စစ်ကြောရေးတွေနဲ့ ပဋိပက္ခပြင်းထန်တဲ့ဒေသတွေဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကား ရာ နေရာတွေ ဖြစ်လာနေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (Photo: RFA)
ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (Photo: RFA)

ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုကို ရှာဖွေဖို့ စစ်ကောင်စီလက်အောက်မှာ မဖြစ်နိုင်ဘူးလို့ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ် လူငယ်များသပိတ်ကော်မတီက မဂျူဝယ်လ်က ပြောပါတယ်။

"တိုင်းပြည်က ဥပဒေမဲ့နေတာလေ၊ အုပ်ချုပ်တဲ့သူကလည်း လူစိတ်မရှိတော့ ဒီလိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လိုပုံစံမြင်ရလဲဆိုတော့ စုတ်ပြတ်သတ်နေတဲ့ ဥပဒေပဲလေ။ အဲဒီလို ဆိုတော့ ဥပဒေအထက်မှာ သူတို့ ရှိနေတာ ဆိုတော့ ဘယ်လိုအလိမ်အညာမျိုးပဲဖြစ်ဖြစ် သူတို့ပါးစပ်က ထွက်မှ အမှန်ဖြစ်နေ တာဆိုတော့ တော်လှန်ရေး မအောင်မချင်း၊ မပြီးမချင်း ရှိနေတဲ့ ဥပဒေတွေဟာ သုံးစားလို့ မရတဲ့ ဥပဒေတွေလို့ပဲ မြင်ပါတယ်"

လိင်အကြမ်းဖက်မှုအများစုကို စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ပြောရေးဆိုခွင့်ရှိသူ မနန်းမို့မို့ကတော့ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု မဖော်ဆောင်ပေးနိုင်တာကြောင့် စစ်ကောင်စီတပ်က လိင်အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးချနေတယ်လို့ ပြောပါတယ်။

"လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို လက်နက်သဖွယ် အသုံးပြုပြီးတော့ Rape လုပ်တာ၊ သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာကို တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေသလိုမျိုးပေါ့။ ကျူးလွန်ခံရသူတွေကို တရား မျှတမှု မဖော်ဆောင်ပေးနိုင်တာ၊ ကျူးလွန်သူတွေကို အချိန်မီအပြစ်ပေးအရေးယူ မဆောင်ရွက်နိုင်သေးလေလေ အမျိုးသမီးတွေရဲ့ လုံခြုံရေးက ခြိမ်းခြောက်မှု ပိုဖြစ်လေလေပေါ့"

အမျိုးသားညီညွတ်ရေးအစိုးရကတော့ လိင်အကြမ်းဖက်မှုအမျိုးမျိုးကို ကာကွယ်နိုင်ဖို့ အတွက် လမ်းညွှန်ချက်၊ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပြီး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အမျိုးသမီးတွေကတော့ စစ်အာဏာသိမ်းထားတဲ့ ဒီကာလတွေမှာ လုံခြုံမှုကင်းမဲ့စွာ နေထိုင်နေရဆဲဖြစ်တယ်လို့ ပြောပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။