ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

RFA Burmese
2024.08.17
ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ ဂဠုန်တပ်တော် ဒီပဲယင်းအခြေစိုက် GALON PDF

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ရှိရာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့နဲ့ မိုင်လေးဆယ်ကျော်အကွာမှာရှိတဲ့ ဒီပဲယင်းမြို့ကို ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အခြေချတပ်စွဲထားတဲ့နေရာ ခြောက်ခုဝန်းကျင်ကို ဩဂုတ်လ ၁၅ ရက်နေ့မှာ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာမှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာတော့ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်သားတချို့ အထိုင်ချစခန်းတွေကနေ ထွက်ပြေးသွားပြီးနောက် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်တာလို့ မြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဒီပဲယင်းအခြေစိုက် ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ညတုန်းက နှစ်နာရီလောက်က ကျွန်တော်တို့ အောင်မြင်စွာ သိမ်းနိုင်လိုက်ပြီ၊ မနေ့ညတုန်းကပေါ့။ သူတို့ စခန်းကိုစွန့်ပြီး ထွက်ပြေးတာပေါ့။ အဲလိုထွက်ပြေးသွားပြီးတော့ ကျွန်တော်တို့ တစ်မြို့လုံးကို ထိန်းသိမ်းနိုင်လိုက်တယ်။ ကျွန်တော်တို့ဘက်ကနေပြီးတော့ လေးရက် လေးည ကြာတာပေါ့ တိုက်ရတာ။ ဒီပဲယင်းမြို့မရဲစခန်းနဲ့ သူတို့ တပ်စွဲထားတဲ့ နေရာတွေပေါ့။ စားသောက်ဆိုင်တို့၊ ဘုရားတို့၊ နောက်ပြီးတော့ စာသင်ကျောင်းတို့ ဝန်ထမ်းအိမ်ရာတို့။ ခုလက်ရှိအနေအထားကတော့ ကျွန်တော်တို့ မြို့ထဲမှာ ရှင်းလင်းရေးလုပ်နေတုန်းရှိသေးတာဆိုတော့ ကျန်တာတော့ မပြောနိုင်သေးဘူး"

လက်ရှိမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီပဲယင်းမြို့ပေါ်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ဒီပဲယင်း လက်ယက်ကုန်းရွာ တိုက်ခိုက်ခံရမှု သေဆုံးသူ ကလေး ခုနစ်ဦးအပါ ၁၃ ဦးအထိရှိလာ

ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းတိုက်ပွဲ နှစ်နှစ်ပြည့်

ဒီပဲယင်းအကြမ်းဖက်မှု နှစ်ပေါင်း ၂၀ ပြည့်ပြီ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်တိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း လက်နက်ချခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်း (Non CDM) ၄၁ ဦးနဲ့ မိသားစုဝင် ရှစ်ဆယ်ဦး၊ စုစုပေါင်း ၁၂၃ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် နှစ်ဆယ်ကျော် သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီတိုက်ပွဲလေးရက်အတွင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ရာနေရာတွေကို အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ရေဦးမြို့နယ်ထဲကနေ ဒီပဲယင်းမြို့ပေါ်ကို စစ်ကူလာတဲ့ အင်အားကိုးဆယ်ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းလည်း နောက်ကြောင်းပြန်လှည့်သွားပြီး ရေဦးမြို့နယ်ထဲမှာ ဆက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီပဲယင်းအတွက် ရေဦးက စစ်ကူလာတဲ့ စစ်ကြောင်းကတော့ ရေဦးဘက် ပြန်ခေါက်နေပြီ။ အခုတော့ မိုးတွေတအားရွာလို့ စစ်ရှောင်တွေဟာ ချောင်းရေတွေနဲ့ ဒုက္ခရောက်နေတယ်။ သွားလမ်းလာလမ်းတွေ ပိတ်နေတာပေါ့။ ရွာလည်းမပြန်ကြရသေးဘူး"

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ရဲစခန်း ဆိုင်းဘုတ်ကို တွေ့ရစဉ်။ (Photo: ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကောင်းကင်)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ရဲစခန်း ဆိုင်းဘုတ်ကို တွေ့ရစဉ်။ (Photo: ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကောင်းကင်)

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲနဲ့ ရေဦးမြို့နယ်ထဲက စစ်ကြောင်းတွေကြောင့် ဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေက ဒေသခံနှစ်သောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။ ဒီပဲယင်းမြို့ပေါ်မှာလည်း တိုက်ပွဲတွေကြောင့် မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ စစ်ရေးသတင်းတွေဖြစ်တာကြောင့် သူ့အနေနဲ့ မသိရှိရသေးကြောင်း ပြောဆိုပါတယ်။

ဒီပဲယင်းမြို့ကို သိမ်းပိုက်လိုက်နိုင်တာဟာ စစ်ကိုင်းတိုင်းအောက်ပိုင်းက တခြားမြို့တွေကိုပါ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လာနိုင်ဖို့အတွက် တွန်းအားဖြစ်စေတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် 96 Soldiers PDF အညာဒေသတပ်ခွဲ တာဝန်ခံ ကိုဇေယျာလွင်က ပြောပါတယ်။

"ဒီမြို့သိမ်းနိုင်ခြင်းဟာ စစ်ကိုင်းတိုင်းအောက်ဘက်ခြမ်းမှာရှိတဲ့ တခြားမြို့တွေကို ထပ်ပြီးတော့ သိမ်းပိုက်နိုင်ဖို့အတွက်ကို ပထမဦးဆုံး အချက်ပေးခေါင်းလောင်းသံဖြစ်တယ်။ အဲဒီတော့ တခြားမြို့တွေကို ဆက်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက်ကို စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့သားတွေအတွက် အများကြီး အကျိုးရှိမယ်၊ တွန်းအားတွေဖြစ်မယ်လို့ ယုံကြည်ပါတယ်"

"ဒီမြို့သိမ်းနိုင်ခြင်းဟာ စစ်ကိုင်းတိုင်းအောက်ဘက်ခြမ်းမှာရှိတဲ့ တခြားမြို့တွေကို ထပ်ပြီးတော့ သိမ်းပိုက်နိုင်ဖို့အတွက်ကို ပထမဦးဆုံး အချက်ပေးခေါင်းလောင်းသံဖြစ်တယ်"

ဒီပဲယင်းမြို့မှာ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးစာရင်းတွေရ မြို့ပေါ်လူဦးရေက ၁၄,၀၀၀ နီးပါးရှိပါတယ်။ မုံရွာ-ရေဦးကားလမ်းမပေါ်မှာတည်ရှိတဲ့ အချက်အချာကျတဲ့မြို့ဖြစ်ပြီး ရေဦး၊ ဘုတလင်၊ အရာတော်၊ ကနီ၊ ရွှေဘိုမြို့နယ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ဒီပဲယင်းမြို့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ခါမ်းပါတ်၊ မြို့သစ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။ ကောလင်းမြို့ကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးလကြာ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက မြို့ပေါင်း ခုနစ်ဆယ်ဝန်းကျင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG-PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။