မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတိုးဖို့ ကန်ကို HRW တိုက်တွန်း
2018.09.26
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်ရက်စက်စက် ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ် တာဝန်ရှိသူတွေကို အမေရိကန်ပြည်ထောင်စုက ပိုမို ဖိအားပေး အရေးယူသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကနေ - ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရနေတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထုတ်ပြန်အပြီး နောက်တရက်မှာပဲ HRW က ပြောဆိုခဲ့တာပါ။
HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams ကို ဆက်သွယ်မေးမြန်းခဲ့တဲ့ မနန္ဒာချမ်း က အပြည့်အစုံကို ပြောပြပါမယ်။
ရိုဟင်ဂျာတွေမွတ်စလင်တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အရေးယူမှုတွေ လုပ်ဆောင်ဖို့နဲ့ ပစ်မှတ်ထား ဒဏ်ခတ်မှုအသစ်တွေ အမေရိကန်ပြည်ထောင်စုက ချမှတ်သင့်တယ်လို့ စက်တင်ဘာလ ၂၅ ရက် နေ့စွဲနဲ့ HRW က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုလိုက်အဓမ္မပြုကျင့်မှုနဲ့ တခြားရက်စက်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ အကွက်ချ စီစဉ်ပြီး ကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာအပေါ် ကျေးဇူးတင်ပေမဲ့ - ပြစ်မှုကျူးလွန်သူတွေအပေါ် ဘယ်လိုအရေးယူသွားမလဲဆိုတာ ပြောဆိုထားခြင်း မရှိဘူးလို့ - HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။
“အစီရင်ခံစာက အတော်လေး ပြင်းထန်ပါတယ်။ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကိုလည်း အသေးစိတ်ဖော်ပြထားပြီး၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ ဒါပေမဲ့လည်း ဘာဖြစ်သင့်သလဲဆိုတာနဲ့ အခုအချိန်မှာ ဒါတွေကို ဘာဆက်လုပ်မလဲဆိုတာ ပြောဖို့ရာ ပျက်ကွက်ခဲ့ပါတယ်။ ဒါက ထူးဆန်းနေတာပါ။”
ဒါ့အပြင် လတ်တလော နိုင်ငံတကာက မြန်မာစစ်တပ်အပေါ် ဖိအားပေးတာတွေဟာ လုံလောက်မှု မရှိသေးတဲ့အတွက် အမေရိကန်က ဦးဆောင်ပြီး ပစ်မှတ်ထား ဒဏ်ခတ်မှုတွေချမှတ်ဖို့ လိုအပ်တယ်လို့လည်း Brad Adams က ပြောပါတယ်။
“ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်ဖို့ စီစဉ်သူတွေ၊ ညွှန်ကြားသူတွေနဲ့ ကျူးလွန်ရာမှာ ပါဝင်သူတွေကို တရားခွင်မှာတင်ပြီး အရေးယူမယ့် အစီအစဉ် ကျနော်တို့က အမြဲတမ်း အားပေးပါတယ်။ အမေရိကန်အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာ အပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ချမှတ်စေချင်ပါတယ်။ အမေရိကန်နဲ့ တခြားအစိုးရတွေ အားလုံးက ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ပြီး အရေးယူစေချင်ပါတယ်။ ဒါမှပဲ ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေကို စီစဉ်သူတွေ၊ ညွှန်ကြားသူတွေနဲ့ ကျူးလွန်သူတွေ အားလုံး အထိနာကြမှာပါ။”
အမေရိကန် ပြည်ထောင်စုကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ့တပ်မတော်က အရာရှိကြီး ၃ ဦး၊ နယ်ခြားစောင့်တပ်က အရာရှိကြီး ၁ ဦးအပြင်၊ တပ်မ ၉၉ နဲ့ တပ်မ ၃၃ တို့ကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း ပြီးခဲ့တဲ့လထဲမှာပဲ ကြေညာထားတာ ဖြစ်ပါတယ်။ အလားတူ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတွေကလည်း ဒဏ်ခတ်မှုတွေ အသီးသီး ချမှတ်ထားပါတယ်။ ဒီလိုနိုင်ငံတကာ ဖိအားတွေ ကြီးထွားလာနေချိန်မှာပဲ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြည်ပနိုင်ငံတွေ အဖွဲ့အစည်းတွေအနေနဲ့ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လားရှိုးမြို့မှာ ရောက်ရှိနေစဉ် ပြောဆိုထားပါတယ်ရှင်။