စစ်ကောင်စီလက်ထဲရောက်သွားတဲ့ PDF သုံးဦးကိစ္စ ဘယ်သူ့တာ၀န်လဲ
ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းထားသူ Lion Battalion အဖွဲ့၀င် PDF သုံးဦးကို နယ်ခြားစောင့်တပ်ကတစ်ဆင့် စစ်ကောင်စီလက်ထဲကို ရောက်သွားတာကြောင့် ထိုင်းအာဏာပိုင်တွေကို ထိုင်းအဖွဲ့အစည်းတွေကတစ်ဆင့် ဖိအားပေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Lion Battalion အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
- 2023-04-07
-
-
-
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းထားသူ Lion Battalion အဖွဲ့၀င် PDF သုံးဦးကို နယ်ခြားစောင့်တပ်ကတစ်ဆင့် စစ်ကောင်စီလက်ထဲကို ရောက်သွားတာကြောင့် ထိုင်းအာဏာပိုင်တွေကို ထိုင်းအဖွဲ့အစည်းတွေကတစ်ဆင့် ဖိအားပေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Lion Battalion အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
“တရားစွဲဖို့အတွက် စီစဥ်နေတာတွေ ရှိတယ်ဗျ၊ ကျွန်တော့်ကို သက်သေအထောက်အထားတွေ ရှာခိုင်းထားတယ်။ ထိုင်းရှေ့နေအဖွဲ့အစည်းတွေက ပြန်လုပ်သွားမှာ”
အသေးစိတ်ကိုတော့ ပြောပြခြင်းမရှိပါဘူး။ အဖမ်းခံရသူ သုံးဦးဟာ ဧပြီလ ၁ ရက်နေ့က မဲဆောက်ကိုအသွား ထိုင်း လ၀က ဂိတ်ရှိတဲ့ဘက်ကို လမ်းမှား၀င်ရောက်သွားပြီးနောက် အဖမ်းခံရတာပါ။
အဖမ်းခံရသူတွေထဲမှာ ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာ၀န်ခံ ကိုထက်နေ၀င်းနဲ့ ကိုစောဖြိုးလေးတို့ ဖြစ်ကြပါတယ်။ သူတို့လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပုံကို Lion Battalion အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ နေ့တိုင်းပဲ KNU အရာရှိတွေနဲ့ ထိုင်းစစ်တပ်က အရာရှိတွေညှိပြီး ၃ရက်နေ့ ညနေလောက်မှာ ထုတ်နိုင်ဖို့ သွားပြောတယ်ပေါ့ သူတို့က ၄ ရက်နေ့ မနက်မှာ လာထုတ်ပါလို့ပြောတော့ ၄ ရက်နေ့မှာ ထိုင်းစစ်တပ်နဲ့ တူတူသွားကြတော့၊ မနက်အစောကြီး လွှတ်ပေးလိုက်ပြီလို့ ပြောတယ်၊ ဘယ်နေရာလွှတ်လဲဆိုတော့ ထိုင်းဘက်မှာဆို မယ်ကုပေါ့၊ ထာဆန်းဂိတ်ဆိုတာရှိတယ်၊ ဗမာဘက်ဆိုရင်တော့ အင်ကြင်းမြိုင်ပေါ့၊ အဲဒီနားမှာ လွှတ်ပေးလိုက်တယ်လို့ပြောတယ်”
တကယ်တော့ အဲဒီဂိတ်မှာရှိတဲ့ BGF အဖွဲ့ လက်ထဲရောက်သွားတာ ဖြစ်ပါတယ်။ လှေဆိပ်မှာ ရှိသူတွေရဲ့ ပြောပြချက်အရ အဖမ်းခံနေရသူ သုံးဦးထဲက နှစ်ဦးဟာ လှေပေါ်က ခုန်ချထွက်ပြေးဖို့ ကြိုးစားတာကြောင့် သေနတ်နဲ့အပစ်ခံရတယ်လို့ ဆိုပါတယ်။
“ကိုသီဟရယ် စောဖြိုးလေးတို့ လှေပေါ်က ခုန်ချထွက်ပြေးတော့ BGF က ပစ်တာ ကိုသီဟ ရင်ဘတ်မှာထိပြီး စောဖြိုးလေးက ပေါင်မှာထိတယ်ပြောတယ် သူတို့ကို ပြန်ဖမ်းသွားပြီး BGF ဗိုလ်မှူးနိုင်မောင်ဇော်က လာခေါ်ပြီး စကစကို အပ်တယ်ပြောတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး BGF ဗိုလ်မှူးနိုင်မောင်ဇော်ကို တယ်လီဖုန်းနဲ့ဆက်သွယ်တဲ့အခါမှာ အရာရှိတစ်ဦးက ဗိုလ်မှူးမရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ တစ်ဆက်တည်း မဲဆောက်မြို့က ထိုင်းလူ၀င်မှုကြီးကြပ်ရေးဌာနကိုလည်း RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စကို ဘယ်သူမှ မကြားမိပါဘူးလို့ ဖြေဆိုပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ စစ်ကိုင်းတိုင်းမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံအရ စစ်ကောင်စီလက်ထဲရောက်ရင် အသက်ရှင်ဖို့ မလွယ်ဘူးလို့ ပြောပါတယ်။
“ထိုင်း Immigration ရဲ့ လုပ်ဆောင်မှုတွေဟာ တော်တော့်ကို ဆိုး၀ါးတဲ့ သာဓကတွေရှိတယ် အခုလွှတ်ပေးလိုက်တယ်ဆိုတာ နားလည်မှုရှိစွာ လွှတ်တာမဟုတ်ဘဲ သူ့သဘောနဲ့သူ ဗမာပြည်ဘက်ကို လွှတ်လိုက်ပုံရပါတယ် အဲ့လိုလွှတ်လိုက်လို့ စစ်ကောင်စီလက်ထဲရောက်တဲ့အခါ ဒီလိုသတ်ဖြတ်ခံရတယ်လို့ ထင်ပါတယ်”
ဒါပေမဲ့ ဧပြီလ ၆ ရက်နေ့မှာ အဖမ်းခံနေရသူတွေထဲက ကိုသီဟက ဆက်သွယ်လာတယ်လို့ သိရပါတယ်။ Lion Battalion အဖွဲ့ တာ၀န်ရှိသူတစ်ဦးပြောတာက…
“ဘယ်လိုဆက်သွယ်လာသလဲဆိုတော့ သူ့အမေကိုဆက်သွယ်လာတယ် သူမြ၀တီမှာရှိနေတယ်ပေါ့”
သူဆိုတာရောသေချာလို့လား။
“သေချာတယ်ပြောတာပဲ သူ့အမေကတစ်ဆင့် သူ့မိန်းမကိုပြောတယ်တဲ့”
ဘာကြောင့် ခုလိုဖမ်းထားသူ အသက်ရှင်နေတယ်ဆိုတာ သိစေချင်တာလဲ။
“ဒီမှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ သူတို့ကြောင့်ဖြစ်တယ်လို့ထင်နေပုံရတယ် ဒါကြောင့် တိုက်ပွဲတွေ အရှိန်လျော့အောင် လုပ်တာထင်တယ် ကျွန်တော်တို့လူထိတော့ ရွှေကုက္ကိုကို ၀င်ချတယ်လို့ ယူဆထားလားမသိဘူး”
လက်ရှိမှာတော့ အဖမ်းခံရသူ PDF သုံးဦးရဲ့ အခြေအနေကို အတိအကျမသိရသေးပါဘူး။ ဒါဆို Lion Battalion ဘက်က ဘာတွေများပြင်ဆင်ထားပါသလဲ။
“အခုလက်ရှိကတော့ ထိုင်းအစိုးရဘက်ကို Pressure ပေးဖို့အတွက်ပဲ ကြိုးစားနေပါတယ် နောက်ဒီလိုမဖြစ်အောင်ပေါ့ ခုလို စကစ လက်ထဲရောက်သွားရင် ကျွန်တော်တို့ လောလောဆယ်ဘာမှလုပ်လို့ မရသေးဘူးဗျ”
Lion Battalian တာ၀န်ရှိသူတစ်ဦးပြောသွားတာပါ။