စစ်အာဏာရှင်ပြုတ်ကျရေး အဖွဲ့ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မယ်လို့ ခေါင်းဆောင်တွေပြော
2023.10.25

စစ်အာဏာရှင်စနစ်ကို ချေမှုန်းပြီး ပင်လုံကတိအတိုင်း ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်နိုင်ဖို့ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က အောက်တိုဘာ ၂၅ ရက်နေ့က ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၃) နှစ်ပြည့် အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံပျက်စီးသွားမဲ့ အခြေအနေကို ဦးတည်နေတယ်လို့လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာနဲ့ ပြောဆိုခဲ့ပါတယ်။
“စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး ဘက်ပေါင်းစုံက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ အခုလို ဖြစ်နေတာက နိုင်ငံပျက်စီးသွားမဲ့လမ်းဘက်ကို ဦးတည်နေတယ်လို့ တွေ့မြင်နေရတယ်။ စစ်ကောင်စီက ပြည်သူတွေကို ရန်သူလို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတာကြောင့် များပြားလာတဲ့ စစ်ဘေးဒုက္ခသည်တွေ ဒုက္ခရောက်နေတာကို ကမ္ဘာကလည်း ထင်ထင်ရှားရှား တွေ့မြင်နေရတယ်”
အလားတူ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း NUG နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအကြား စစ်ရေးနဲ့နိုင်ငံရေး ဆက်ဆံရေး အရေးကြီးကြောင်း အောက်တိုဘာ ၂၄ ရက်နေ့က အစည်းအဝေးမှာ ပြောဆိုထားပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေကြားမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ လိုနေပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းလာမှုလည်း အထူးလိုအပ်လာတယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင်တွေအကြားမှာ ရင်းနှီးမှု၊ ချစ်ခင်မှုနဲ့ ယုံကြည်မှုတို့ကို ယခုကထက် ပိုမိုခိုင်မာ ကျယ်ပြန့်လာအောင် ဆက်လက်တည်ဆောက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။"
ဒီလို မဟာမိတ်ဆက်ဆံရေးတွေကောင်းမွန်ဖို့နဲ့ ညီညွတ်ရေးအရေးကြောင်း KIO ဥက္ကဋ္ဌနဲ့ NUG ယာယီသမ္မတ ပြောဆိုချက်တွေအပေါ် ထောက်ခံကြောင်းနဲ့ တိုင်းရင်းသားတွေနဲ့ NUG ကြား မဟာမိတ်ဆက်ဆံရေး ပိုမိုတည်ဆောက်နိုင်မယ်ဆိုရင် တော်လှန်ရေးဟာ မကြာခင်မှာ အောင်မြင်နိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။
KIO ဥက္ကဋ္ဌနဲ့ NUG ယာယီသမ္မတတို့ရဲ့ သဘောထားတွေဟာ ဒီနေ့စစ်အာဏာရှင်တော်လှန်ရေးအတွက် လမ်းညွှန်မှုလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"သီးခြားစီ ပြည်နယ်နဲ့တိုင်းအလိုက် ကျွန်တော်တို့ ကွဲပြားခြားနားနေတဲ့ အင်အားစုတွေကို ပေါင်းစည်းရေးဟာ အရေးကြီးဆုံးဖြစ်ပါတယ်၊ အဲဒီပေါင်းစည်းမှုကို ကောင်းမွန်အောင်လုပ်နိုင်မှ နွေဦးတော်လှန်ရေးကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်၊ ဒီနေ့အချိန်အခါနဲ့ ကိုက်ညီတဲ့ ဗိုလ်ချုပ်ကြီး အန်ဘန်လရဲ့ သဘောထားနဲ့ ယာယီသမ္မတကြီးတို့ရဲ့ သဘောထားတို့ဟာ ဒီနေ့နွေဦးတော်လှန်ရေးအောင်ပွဲအတွက် လမ်းညွှန်မှုကို မီးမောင်းထိုးပေးလိုက်တာလို့ ယူဆတဲ့အကြောင်း ပြောပါရစေ"
အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေက စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်က နမ့်ကွတ်စခန်းနဲ့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ အောင်ဂျာစခန်းတို့ကို KIA နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ရက္ခိုင့်တပ်တော် (AA)၊ စတဲ့ မဟာမိတ်အဖွဲ့တွေ့ ပူးပေါင်းပြီး စခန်းသိမ်းယူနိုင်တာတွေဟာ ညီညွတ်ရေးရဲ့ ဥပမာကောင်းတွေလို့လည်း ဦးသိန်းစိုးနိုင်က ပြောပါတယ်။
ဒီအချိန်ဟာ တိုင်းရင်းသားတွေအားလုံး လက်တွေ့ပူးပေါင်းလုပ်ဆောင်ရွက်ရမဲ့အချိန်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း သုံးသပ်ပါတယ်။
"လက်တွေ့ကျကျပူးပေါင်းပြီးတော့ အကုန်လုံး ပူးပေါင်းပြီးတော့ မဟာမိတ်ဖွဲ့ပြီးတော့ တိုက်မယ်ဆိုရင် ကျွန်တော်တို့ သေချာပါတယ် ဒီအချိန်အခါမှာ စစ်ကောင်စီဟာ ပြည်သူတွေထောက်ခံမှု အကျဆုံးအချိန်အခါမျိုးမှာ တောင့်ခံနိုင်စရာ အကြောင်းမရှိဘူး၊ နိုင်ငံရေးဦးတည်ချက် (Position) တစ်ခုတည်းအောက်မှာ အဲဒါက အများကြီးလိုအပ်တယ်"
လက်နက်ကိုင်တွေတင်မကဘဲ အားလုံးဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ဖို့လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
"စစ်အာဏာရှင်ပြုတ်ကျရေးအတွက်က ကျွန်တော်တို့အားလုံး လက်နက်ကိုင်တွေတင်မကဘူး သက်ဆိုင်သူအားလုံး (Stakeholders) က ဟန်ချက်ညီညီနဲ့ လက်တွဲဆောင်ရွက်ဖို့လိုတယ်၊ စစ်ရေးတင်မကဘူး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကျွန်တော်တို့ ပြုတ်ကျနိုင်တဲ့နည်းလမ်းတွေ တိုက်ဖျက်ရေးနည်းလမ်းတွေ လုပ်သွားဖို့လိုတယ်၊ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးပေါ့နော် အစစအရာရာ လုပ်သွားဖို့လိုတယ်"
စစ်အာဏာရှင်ပြုတ်ကျပြီးရင်လည်း နိုင်ငံတော်သစ်တည်ဆောက်ဖို့အတွက် ဖွဲ့စည်းပုံတွေ၊ လူတွေရဲ့အတွေးအခေါ်တွေပါ ပြောင်းလဲဖို့လိုအပ်ပြီး လက်ရှိမှာ နိုင်ငံရေးဘုံသဘောတူညီချက်တစ်ခုရှိဖို့ ကြိုးစားနေကြောင်းနဲ့ နိုင်ငံရေး၊ စစ်ရေးကိစ္စတွေမှာ လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကြောင့် အကျပ်အတည်းဖြစ်ပြီး နိုင်ငံပျက်စီးသွားနိုင်ကြောင်း KIO ရဲ့ ဝေဖန်ချက်အပါအဝင် နိုင်ငံသစ်တည်ဆောက်ဖို့ ဖွဲ့စည်းပုံရေးဆွဲဖို့ ကြိုးစားနေကြောင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း (KIA) အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ကြိုးစားမယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီကို KIA၊ KNU စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေသလို အခြားသောလက်နက်ကိုင်အဖွဲ့တွေကလည်း စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေပါတယ်။