ICJ ဆုံးဖြတ်ချက်အကောင်ထည်ဖော်ဖို့ အကဲဆတ်တဲ့ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းဖို့လို


2020.01.28

အပြည်ပြည်ဆိုင်ရာတရုံး ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီမံချက် လေးချက်ကိုဆောင်ရွက်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ အကဲဆတ်တဲ့ကိစ္စရပ်တွေကိုပါ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။

ICJ က မြန်မာအစိုးရကို  ကြားဖြတ်စီမံချက် လေးချက်ကို ချက်ချင်းလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီ ကြားဖြတ်စီမံချက်တွေထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်အတွင်းကို ကျရောက်စေတဲ့ ကိစ္စတွေမှန်သမျှကို ကာကွယ်ပေးရမယ် တားဆီးပေးရမယ်ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့အတွက် မြန်မာအစိုးရက ဘာတွေလုပ်ဆောင်ဖို့လိုအပ်ပါလဲ-  တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ....

“ ရောမသဘောတူစာချုပ်အပိုဒ် ၆ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပါတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိတယ်။ နံပါတ်တစ်ကတော့ ... ရည်ရွယ်ချက်နဲ့သတ်တာ ကိုယ်စိတ်ဆင်းရဲမှုဖြစ်အောင်လုပ်တာ မျိုးမပွားနိုင်အောင်တားတာ ကလေးသူငယ်တွေကိုတားတာ အဲဒါတွေကိုမလုပ်ဖို့ လိုအပ်တာပေါ့။ မြန်မာက ဂျီနိုဆိုဒ်ကို ငြင်းထားတာ၊ မလုပ်ဘူးဆိုရင်လဲ ကာကွယ်ရမှာပေါ့ ဒီအချက်တွေ၊ နောက် ကွန်ဗင်းရှင်းမှာ ကိုယ်လဲပါတာ။ လူမျိုးတုံးသတ်ဖြတ်မှုရှိတယ်ဖြစ်စေ မရှိတယ်ဖြစ်စေ သူတို့တောင်းဆိုတာ တရားပါတယ် ”

ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားသူ ဦးသာအေးက မြန်မာအစိုးရအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်နိုင်ဖို့အတွက် အဓိက ဒီလူမျိုးစုတွေကို အသိအမှတ်ပြုဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

“ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့က အဓိကကတော့ ဒီလူမျိုးစုရှိတယ်ဆိုတာ အသိအမှတ်ပြုဖို့လိုတယ်။ အဲဒါအပြင် ဒီလူမျိုးစုတွေကို တခြားလူမျိုးစုတွေနဲ့ရောနှောပြီးတော့ integration လုပ်ဖို့လိုတယ် သီးခြားမဖြစ်အောင်လုပ်ဖို့လိုတယ်။ နောက်တခုက ဒီလူမျိုးစုက သူ့ကိုယ်သူ ရိုဟင်ဂျာခေါ်တာကိုခွင့်ပြုသင့်တယ်။ နောက် လုံခြုံရေးကိုလဲ တာဝန်ယူပေးဖို့လိုတယ်။ ဒါတွေလုပ်ပေးလိုက်ရင် ပိုအဆင်ပြေသွားမယ်”

NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကတော့ ICJ က ချမှတ်လိုက်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့  ပြောပါတယ်။

“ကျနော်တို့က ပါတီကဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေကို တာဝန်ယူတဲ့ အုပ်ချုပ်ရေးပိုင်းက ကြေညာချက်တွေကို နားထောင်ပြီးမှ ပြောလို့ရမှာဖြစ်ပါတယ်။ ခုလောလောဆယ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဒီ ICJ ရဲ့ ကြားဖြတ်အစီအမံတွေကို သူတို့ အသိအမှတ်ပြုတဲ့သဘော ရှိပါတယ်။ ဘယ်လိုနည်းနဲ့ စီမံဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်”

ICJ က ချမှတ်ခဲ့တဲ့ ကြားဖြတ်စီမံချက်တွေထဲမှာ မြန်မာစစ်တပ် ပြည်သူ့စစ်နဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက ဂျီနိုဆိုက်ကို ထပ်မကျူးလွန်ရေး မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားပေးဖို့ဆိုတဲ့အချက်လဲ ပါဝင်ပါတယ်။

ICJ က ကြားဖြတ်စီမံချက်ချမှတ်ခဲ့တဲ့ အဲဒီနေ့မှာပဲ ရခိုင်မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး  ICJ ကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန်မနေဘဲ အစိုးရရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။