ရခိုင်ပြည်နယ်က အခြေအနေ ကွင်းဆင်းဆောင်ရွက်ဖို့ တောင်းဆို
2019.05.13

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့လှူဒါန်းတာတွေလုပ်နေတာအပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ရရှိအောင်ဆောင်ရွက်နိုင်ဖို့အတွက် မြေပြင်ကွင်းဆင်းလေ့လာတာတွေလုပ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
■ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက ရခိုင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၇၂၅၇ စုကို လူဦးရေ သုံးသောင်းနီးပါးတို့အတွက် ငွေကျပ် သိန်းပေါင်း ၂၆ဝဝ ကျော်ကို မနေ့က စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ကော်မတီအဖွဲ့နဲ့ အစိုးရတို့အနေနဲ့ ရခိုင်ပြည်နယ်က လက်ရှိပကတိမြေပြင်အခြေအနေကို တိတိကျကျ သိရှိနိုင်ဖို့ တိုက်ပွဲဖြစ်ပွားရာနေရာတွေက ကျေးရွာတွေအထိ ကွင်းဆင်းစုံစမ်းနိုင်မှသာ ကော်မတီရဲ့ ရည်ရွယ်ချက်ပါအချက်တွေကို ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။
နှစ်ဘက်တိုက်ပွဲတွေက ဘာကြောင့်ဖြစ်ရတယ်၊ ကြားထဲက ရခိုင်ပြည်သူတွေဟာ စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသလို ဘယ်အဖွဲ့အစည်းရဲ့လက်ချက်ကြောင့် ထိခိုက်နစ်နာနေကြရတယ်ဆိုတာတွေကို ကိုယ်တိုင်သိရှိနိုင်မှသာ အဖြေရနိုင်မယ်လို့လည်း ပြောကြပါတယ်။
ငွေလှူဒါန်းလိုက်ရုံနဲ့ လတ်တလောမှာ စားဝတ်နေရေးပြေလည်အောင် လုပ်ဆောင်ပေးတယ်ဆိုပေမယ့်လည်း ရေရှည်အတွက် တစ်ကယ့်ပြဿနာအရင်းခံကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာ ကော်မတီနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က လုပ်ဆောင်သင့်တယ်လို့ ဆိုကြပါတယ်။
ကော်မတီရဲ့လှူဒါန်းငွေတွေကို ပြည်နယ်အစိုးရက ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က မနေ့က အခမ်းအနားမှာ အခုလို ပြောပါတယ်။
“တချို့သည် ငွေပေးလိမ့်မယ် တစ်ချို့သည် ဆန်ဝေပေးလိမ့်မယ်၊ ဒါက ဆန်ဖိုးပေးတာဖြစ်ပါတယ်၊ ဘာအတွက်ပေး ဘာကြောင့်ပေးမှန်း မသိမှာကြောက်လို့၊ ဒါဆန်ဖိုးဖြစ်ပါတယ် တစ်လစာ တစ်နေ့ သုံးရာနဲ့ တစ်လစာပါ၊ တစ်ယောက်ကို တစ်လစာ ပေးတာ’’
မနေ့က အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ရသေ့တောင်မြို့နယ် မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးဦးသာဇံက အခုလို ဝေဖန်ထောက်ပြပါတယ်။
“ကွင်းဆင်းရင်တော့ ဒီထက်ပိုပြီးတော့ အကျိုးရှိမယ်လို့မြင်တယ်၊ လူအများရဲ့အကျိုးပြုမယ့်ဟာကို ဆွေးနွေးရမယ်လို့မြင်တယ်၊ တွေ့သင့်တယ် တွေ့ထိုက်တဲ့သူနဲ့တွေ့ပြီး အကြံဉာဏ်ပေးမယ် လောလောဆယ် ပိုက်ဆံပေးတဲ့ဟာတော့ ပေးရတုန်းကတော့ အကျိုးရှိနိုင်မယ်၊ အစိုးရက ပြည်သူတွေကိုပြန်ကြည့်တယ်ဆိုတဲ့ အဖြေတော့ ထွက်တယ်နော၊ တစ်ကယ်ထိရောက်မယ့် နေရာမျိုးသွားကြည့်ပါ၊ ကျောက်တန်းလိုနေရာမျိုး နှစ်ဖက်ပြောနေကြတဲ့ အဖြေမှန်သလား၊ အလုပ်လုပ်မယ်ဆိုရင် အဖြေထွက်မယ့် အလုပ်ကို လုပ်စေချင်တယ်လို့၊ ဆွေးနွေးတယ် ခွင့်မပြုနိုင်ဘူးဆိုတာ ဥပဒေကြောင်းအရ ဘယ်လောက်အဆင့် ဆွေးနွေးရင် အဖြေရမယ်ဆိုတဲ့ဟာကို ပါဖို့လိုတယ်၊ ထွက်ပေါက်တွေ့နေပြီ ကျွန်တော်တို့ ဘယ်လိုသွားရမယ်ဆိုတဲ့ဟာကို ဆွေးနွေးဖို့လိုတယ်၊ ထွက်ပေါက်ပိတ်ပြီးတော့ ဆွေးနွေးရင် အဲဒီအဖြေ ထွက်မှာမဟုတ်ဘူး’’
လွန်ခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေရာမှာ လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည်ပေါင်း သုံးသောင်းနီးပါးရှိနေပြီလို့ အစိုးရဖက်က ထုတ်ပြန်ထားပါတယ်။
စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို ငါးလတာလုံး ကူညီပေးနေတဲ့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ကိုအမ်းသားကြီးက အခုလို ပြောပါတယ်။
“ရသေ့တောင်မြို့နယ် ကျောက်တန်းရွာကိုသွားပြီးတော့ ဆန်အိတ် ၅ဝ၊ ကြက်သွန်၊ ဆီ၊၊ ဆားတွေ သွားရောက်ကူညီ ထောက်ပံ့ပေးတယ်၊ ရွာထဲကို ဝင်ခွင့်မပေးဘူး၊ ရွာတံတားထိပ်ကနေ ကျွန်တော်တို့ ပြန်လာခဲ့ရတယ်၊ လွှတ်တော်အမတ် ဦးသန်းနိုင်တို့ ဒေါ်ခင်စောဝေတို့ အကူအညီနဲ့ တောင်းတယ်ဆိုပေမယ့်လည်း သူတို့ဆီက မပေးဘူး၊ စစ်တပ်က ပေးမဝင်လို့ ကျွန်တော်တို့က ရသေ့တောင် ထွေအုပ်ဆီကနေ ခွင့်ပြုချက်သွားတောင်းတာရှိခဲ့တယ်၊ ထွေအုပ်ကလည်း သူတာဝန်ခံပြီး မပေးရဲဘူးလို့ပြောတယ်၊ ဘာဖြစ်လို့များ စစ်ဘေးဒုက္ခသည် သွားရောက်ကူညီတဲ့အခါ ဆန်ဆီဆား သယ်ယူခွင့်ကို မြို့နယ်/ပြည်နယ် ခွင့်ပြုချက်ပါမှ ပေးရမယ်လို့ ဘာဖြစ်လို့အမိန့်ထုတ်ထားလည်းတော့ မသိဘူး၊ အဲဒီရွာကလူတွေက တော်တော်ကြီးကို ခံစားနေရတယ်၊ တစ်ဖက်မှာ ကြောက်တယ် တစ်ဖက်မှာ ငတ်တယ်၊ အိမ်ခြေ ငါးရာလောက်ရှိတယ်၊ ၁၂ဝ / ၃၀ လောက်က လုံးဝ စားစရာမရှိဖြစ်နေတယ်၊ အဲလိုအခက်အခဲမှာ အဲဒီကော်မရှင် မရောက်တာ တော်တော်ကြီးကို ဝမ်းနည်းဖို့ကောင်းတယ်’’
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်ဒု-ဥက္ကဋ္ဌ ဦးအေးသာအောင်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး အဖွဲ့ဝင် ၁၄ ဦးနဲ့ ဖွဲ့စည်းပေးလိုက်တာ နှစ်လတာရှိနေပြီလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ကိုးရက်နေ့ကစပြီး ရန်ကုန်နဲ့စစ်တွေမြို့က ရခိုင်တိုင်းရင်းသား နိုင်ငံရေးနဲ့အရပ်ဖက် အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ စတင်လုပ်ဆောင်ခဲ့ကာ တစ်ကယ့်မြေပြင်အထိတော့ ကွင်းဆင်းလုပ်ဆောင်တာတော့ မရှိသေးပါဘူး။
ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်အုန်းက
“ဟုတ်ပါပြီ ကျွန်တော်တို့လည်း သဘောပေါက်ပါတယ်၊ ကျောက်တန်းကကိစ္စဆိုရင် အဲဒီအထိသွားနိုင်ရင် ကောင်းတာပေါ့နော်၊ စဉ်းစားပါမယ် နောင်လည်းကျွန်တော်တို့ သွားနိုင်အောင်ပေါ့၊ အတတ်နိုင်ဆုံး ဘယ်သူမဆိုသွားလို့ရတဲ့ အနေအထားပါပဲ၊ သို့သော်လည်း တပ်မတော်အနေနဲ့က စစ်ဆေးနေဆဲ နယ်မြေတစ်ခုကို စိစစ်နေတဲ့သဘောလို့မြင်ပါတယ်၊ ကော်မတီရဲ့အဖွဲ့ခွဲတစ်ခုပေါ့ အဲဒီအဖွဲ့က ခုနကနေရာတွေကို သွားဖို့စီမံထားပါတယ်၊ ရခိုင်ပြည်နယ်ကြီး ငြိမ်းချမ်းဖို့လိုတယ်ဗျာ၊ ကျွန်တော်တို့ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်က တော်တော်လေးကို တည်ငြိမ်ပြီးတော့ ရခိုင်သားတွေမျက်နှာမှာလည်း အပြုံးပန်းတွေဝေနေတာပေါ့ဗျာ၊ ဒီကာလတွေလည်း အပြုံးပန်းတွေ မရှိတာ တော်တော်ကြာခဲ့ပါပြီ၊ အားလုံးဝိုင်းကြိုးစားကြတာပေ့ါဗျာ၊ နံပါတ်တစ်က တည်ငြိမ်ဖို့လေးလုပ်ရမယ်၊ တည်ငြိမ်ပြီးရင် ကျွန်တော်တို့ စကားတွေပြောကြမယ်၊ ပြီးရင်ဖွံ့ဖြိုးတိုးတက်မှု ဒီလိုလေးတွေ မြင်ချင်ပါပြီ၊၊ အခုလို နေ့စဉ်နဲ့အမျှ အမုန်းတရားတွေနဲ့ သေကြကြေကြ ဒုက္ခရောက်ကြရတာတွေက ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး၊ ဒါကြောင့် မြန်မြန်ငြိမ်းချမ်းစေချင်ပါပြီလို့ ပြောချင်ပါတယ်’’
ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဖွ့ဲစည်းပေးထားတဲ့ တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီနဲ့ ရခိုင်တိုင်းရင်းသားတွေ အများစုဦးဆောင်ကြတဲ့ ပြည်နယ်အစိုးရတို့ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေဟာ ထိထိရောက်ရောက်ရှိဖို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်သူတွေက အားမလိုအားမရဖြစ်နေကြရတယ်လို့ ဝေဖန်ပြောဆိုကြပါတယ်ခင်ဗျာ။
ကျွန်တော် ကျော်သူ ပါ။