မန္တလေးက နေအိမ် ၁၀၀ ခန့် စက်ယန္တရားသုံးဖယ်ရှားခံရ

RFA Burmese
2023.02.28
မန္တလေးက နေအိမ် ၁၀၀ ခန့် စက်ယန္တရားသုံးဖယ်ရှားခံရ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ် (ဋ) ရပ်ကွက် မက္ခရာလမ်းမှ ဖျက်ဆီးခံရသည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ် (ဋ) ရပ်ကွက် မက္ခရာလမ်းက နေအိမ်တစ်ရာလောက်ကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်တပ်နဲ့ရဲက လုံခြုံရေးယူပြီး စက်ယန္တရားတွေနဲ့ ထိုးကော်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာလည်း ပြည်ကြီးတံခွန်မြို့နယ် ၄၉ လမ်း၊ ဇီးအုပ်ရွာ အနီးတစ်ဝိုက်က နေအိမ်တွေကို လုံခြုံရေးအင်အား အများအပြားယူပြီး ဆက်လက် ဖျက်ဆီးဖယ်ရှားနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောကြပါတယ်။

ပစ္စည်းတွေတောင် ယူချိန်မရဘဲ စက်ယန္တရားတွေနဲ့ ရုတ်တရက် ဖျက်ဆီးခံရတာလို့ ဖျက်ဆီးဖယ်ရှားမှုတွေကို မျက်မြင်တွေ့တဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီရက်ပိုင်း ခပ်စိပ်စိပ်ကို ဖျက်နေတာပဲ သူတို့ကျူးဆိုပြီးတော့။ အနေကြာတွေပေါ့။ အနေကြာဆိုတာက သူတို့ တော်တော်ကို နေခဲ့တာ နှစ်ပေါင်းကို ဆယ်စုနှစ်မက နေထိုင်ခဲ့ကြတဲ့သူတွေပေါ့။ တောက်လျှောက်ကြီး နေရာတွေလည်း ရှိတယ်။ ကြိုကြား ကြိုကြားတွေလည်း ရှိတယ်။ မက္ခရာလမ်းကတော့ မနေ့က စဖျက်တာပေါ့။ ၄၉ ဆိုတဲ့ဘက်မှာက တစ်လျှောက်ကြီးပဲ ဖျက်ထားတာ။ အဲဒါကတော့ တကယ့် တိုက်ကြီးတွေကအစ ပါတယ်။ တိုင်းရဲတွေရော ပါတယ်။ တိုင်းဒေသကြီးကလေ။ အုပ်ချုပ်ရေးမှူးတို့၊ ဘာတို့ သူတို့ အဲဒီလိုအဖွဲ့စုံနဲ့ လုံခြုံရေးနဲ့ ဘာနဲ့ လာဖျက်တာ"

နှစ်ပေါင်း ၁၀ နှစ်ကနေ အနှစ် ၂၀ လောက်ထိ အခြေချ နေထိုင်လာသူတွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံရတာဖြစ်ပြီး တစ်ချို့ ကျူးကျော်နေထိုင်သူတွေရှိသလို အရောင်းအဝယ် စာချုပ်နဲ့ နေအိမ်တွေ ဝယ်ယူနေထိုင်သူတွေပါ ဖျက်ဆီးခံရတာလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ နေ့လယ်က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျူးကျော်ကိစ္စကို အရင်အစိုးရတွေ လက်ထက်မှာ လက်ရှောင်ခဲ့တာကြောင့် အခု စစ်ကောင်စီက တရားဥပဒေစိုးမိုးရေးအတွက် အဓိကထား လုပ်ဆောင်ရတာလို့ RFA ကို အရင်က ဖြေဆိုထားပါတယ်။

ရုတ်တရက် နေအိမ်ဖျက်ဆီးခံလိုက်သူတွေဟာ လမ်းပေါ်မှာပဲ ဖြစ်သလိုနေနေရပြီး တချို့ကလည်း အိမ်ခန်း ငှားရမ်း နေထိုင်ကြတယ်လို့ နေအိမ်ဖျက်ဆီးခံရသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ ဖျက်ဆီးခံရလို့ နေချင်းညချင်း အိမ်ငှားဘဝ ရောက်သွားသူတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

"ကျနော့်ညီမဝမ်းကွဲတွေဆိုရင်လည်း တော်တော်နေပြီးမှ သူတို့အဖျက်ခံရတယ်။ အိမ်ငှားတွေကို ဖြစ်နေကြတာ။ အိမ်ပိုင်ကနေ အိမ်ငှား ပြန်ဖြစ်နေကြတာ။ အိမ်ငှားတွေက ရပ်ကွက်တိုင်းလိုလိုပြည့်နေတော့ ဒုက္ခရောက်တာပေါ့။ ငွေရေးကြေးရေးကလည်း ဗြုန်းကနဲဆိုတော့ မပြည့်စုံ၊ အိမ်ငှားခကလည်း အနည်းဆုံး ရှစ်သောင်းကနေ စတယ်။ ရှစ်သောင်းကလည်း ဟိုလိုတစ်လုံးတည်းမဟုတ်ဘူး။ အိမ်ပေါက်စ သေးသေးလေးပေါ့။ တကယ်တမ်းဆို လင်ကုန်၊ မယားကုန်ပဲ နေလောက်တာ။ အဲဒါကိုမှ မိသားစုနေရမယ်ဆိုတော့ အဆင်မပြေဘူးပေါ့။ အခက်အခဲတွေက များတာပေါ့။ ကလေးက ငါးယောက်နဲ့ လင်မယားနှစ်ယောက်နဲ့ ဒီအိမ်သေးသေးလေးက နေလို့အဆင်မပြေဘူးလို့။ ဖျက်ဖျက်ဆိုပြီး သုံးဘီးငှားလို့ လိုက်ထရပ်ငှားပြီးတော့မှ အဲဒီလိုပစ္စည်းတွေနဲ့ လည်နေတာ၊ အိမ်ငှားတွေက မရတော့လေ။ နေပူကျဲတဲနဲ့ အဲဒီလို ဒုက္ခတွေရောက်နေတာ"

မန္တလေးမှာ ကျူးကျော်လို့ စွပ်စွဲပြီး နေအိမ်တွေ နေ့စဉ်လိုလိုဖျက်ဆီးခံရတာကြောင့် အိမ်မရှိတော့တဲ့ ပြည်သူတွေဟာ အိမ်ငှား နေထိုင်ကြရပါတယ်။ နေ့စဉ်နဲ့အမျှ နေအိမ်အရေအတွက်များစွာ ဖျက်ဆီးတာကြောင့်လည်း အိမ်ငှားတဲ့သူတွေဆီမှာလည်း နေရာတွေ ပြည့်ကုန်ပြီး အိမ်ငှားဈေးတွေကလည်း တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

"ငွေရေးကြေးရေးကလည်း ဗြုန်းကနဲဆိုတော့ မပြည့်စုံ၊ အိမ်ငှားခကလည်း အနည်းဆုံး ရှစ်သောင်းကနေ စတယ်"

ဒီလိုအခြေအနေမှာ နေထိုင်ဖို့နဲ့ စားသောက်ဖို့ကို ရုန်းကန်နေရတာကြောင့် သူတို့ရဲ့ ကလေးငယ်တွေ ပညာရေးအတွက် ကျောင်းမထားနိုင်တာတွေလည်း ရှိလာတယ်လို့ နေအိမ်ဖျက်ဆီးခံရသူတွေက ပြောကြပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် မနေ့က ပြည်ကြီးတံခွန်မြို့နယ် မက္ခရာလမ်းက နေအိမ် ဖျက်ဆီး ခံလိုက်ရသူ အမျိုးသား တစ်ဦးကတော့ စစ်ကောင်စီအဖွဲ့ဟာ နေအိမ်တွေသာမကဘဲ ရေသိုလှောင်ကန်တွေကိုပါ ဖျက်ဆီးသွားကြတယ်လို့ ပြောပါတယ်။

"စက်ယန္တရားတွေပါတယ်လေ စက်ယန္တရားတွေနဲ့ဖျက်သွားတာပဲ။ ဘာတွေခက်ခဲတုန်း ဆိုတော့ အခုက ပစ္စည်းတွေ ဆုံးရှုံးတာပေါ့အစ်ကိုရာ။ ဘာတစ်ခုမှ မရလိုက်ဘူး။ အကုန် ဖျက်ပစ်တာ။ ကျန်တာမပြောနဲ့ ဘာမှမဆိုင်တဲ့ ရေကန်တွေတောင် အကုန် ရိုက်ဖျက် သွားတာ။ ဒါကမျိုး ဖျက်ခံရတော့လည်း ဘယ်နား သွားနေကြမတုန်း။ အခု တွက်ကြည့် လိုက်ပေါ့။ ဒါပေမဲ့ ကျနော်တို့ဗုဒ္ဓဘာသာတော့ ကိုယ့်လိုမဖြစ်ပါစေနဲ့ပဲ ဆုတောင်းပါတယ်"

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ် (ဋ) ရပ်ကွက် မက္ခရာလမ်းမှ ဖျက်ဆီးခံရသည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ် (ဋ) ရပ်ကွက် မက္ခရာလမ်းမှ ဖျက်ဆီးခံရသည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်းမှာပဲ ပြည်ကြီးတံခွန် တစ်မြို့နယ်ထဲမှာတင် ကျူးကျော်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တဲအိမ်တွေအပါအဝင် အခိုင်အမာ ဆောက်ထား တဲ့ သုံးထပ်တိုက်တွေအထိ နေအိမ်ပေါင်း ငါးထောင်ကျော် ဖျက်ဆီးခံရပြီး နောက်ထပ် လည်း ထပ်ဖျက်ဖို့အစီအစဉ်တွေ အာဏာပိုင်တွေက လုပ်ဆောင် နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဖယ်ရှားခံရတဲ့နေအိမ်တွေထဲမှာ မီးရထားဌာနပိုင်မြေကို ကျူးကျော်တာ၊ လျှပ်စစ် တာဝါတာတိုင် နယ်နိမိတ်ကို ကျူးကျော်တာနဲ့ ဆည်မြောင်းမြေ နယ်နိမိတ်ကို ကျူးကျော်တာ၊ လမ်းနယ်နိမိတ်ကို ကျူးကျော်တာ စတဲ့ အကြောင်းပြချက်တွေနဲ့ ဖျက်ဆီးဖယ်ရှားခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းက ရပ်ကွက်ပေါင်း ၁၃ ခု၊ အိမ်ခြေ တစ်ထောင်ကျော်၊ လူငါးသောင်းဝန်းကျင် နေထိုင်တဲ့ မြစ်ငယ်တစ်မြို့လုံးနီးပါးကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လက ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးမြို့တွေက ဆင်ခြေဖုံးရပ်ကွက်တွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့က ကျူးကျော်လို့ စွပ်စွဲခံရတဲ့ လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေကို အင်အားသုံး ဖယ်ရှားရှင်းလင်းနေတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။