နှစ်နှစ်နီးပါးအတွင်း ဘာသာရေးအဆောက်အအုံ ၁၆၃ ခု ဖျက်ဆီးခံရ
2023.01.26

RFA က ပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ထိ နှစ်နှစ်နီးပါးအတွင်း မြန်မာနိုင်ငံတစ်ဝန်း မှာ ဘာသာရေး အဆောက်အအုံ ၁၆၃ ခု ဖျက်ဆီးခံခဲ့ရပါတယ်။
ဒေသခံတွေပြောဆိုချက်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကိုအခြေခံ ပြုစု ထားတာဖြစ်ပြီး မီးရှို့ခံရတာ၊ လက်နက်ကြီးကျည်ထိမှန်တာ၊ လေကြောင်းနဲ့ ဗုံးကြဲခံရတာ တွေ ပါဝင်ပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီး ဘုန်းကြီးကျောင်း (၄၆) ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ခြောက်ကျောင်း၊ ဗလီသုံးခုနဲ့ သီလရှင်စာသင်ကျောင်း တစ်ကျောင်း ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ချမ်းသာရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်တွေအပြင် (၁၂၉) နှစ်သက်တမ်းရှိတဲ့ “ကောင်းကင်ဘုံသို့ ပ့င်ဆောင်ခံရသော မယ်တော်သခင်မ” ဘုရားကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
"သူတို့က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတောင်မှ အလေးမထားဘူး။ အခုဆိုရင် ခရစ်ယာန်ဘာသာပေါ့နော် သူတို့ရဲ့ ဘုရားကျောင်းကို ဗုံးကြဲပြီးတော့မှ ဖျက်ဆီးနေတာဟာ ဘယ်လိုမှ ဘယ်အခြေအနေကမှ လက်ခံလို့မရဘူး"
ဘုရားကျောင်းမီးလောင်သွားတာဟာ ကိုယ့်နေအိမ်ပိုင်ဆိုင်မှုတွေ မီးလောင်ဆုံးရှုံးတာထက် ပိုဝမ်းနည်းရတယ်လို့ ချမ်းသာရွာခံ ခရစ်ယာန်ဘာသာဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့အိမ်တွေဆိုတာက ဘယ်အချိန်မှာလာပြီး ဖျက်ဆီးသွားမယ်၊ မီးရှို့သွားမယ် ဆိုတာ မပြောနိုင်ဘူး။ အိမ်တွေပါရင်လည်း ငါတို့စွန့်လွှတ်ပြီးသားပေါ့နော်။ ဒါပေမဲ့ ဒီမှာ ငါတို့အားကိုးရာ ငါတို့ အထွတ်အမြတ်ထားရာ ဒီဘုရားကျောင်းလေး ကျန်ရင်တော့ တော်သေးတာပဲဆိုပြီး လူတွေက ခံစားရတာပေါ့နော်။ ဒီမြင်ကွင်းကြီးကို မြင်တွေ့လိုက် ရတဲ့အခါမှာတော့ ဘယ်လိုမှပြောပြလို့မရအောင် အတိုင်းမသိဝမ်းနည်းရတယ်”
ဒီဘုရားကျောင်းဟာ မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံးနဲ့ အရေးအပါဆုံး ကက်သလစ် ဘုရားကျောင်းဖြစ်ပြီး ဒီအပေါ် အထူးဝမ်းနည်းတယ်လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ဝတ်ပြုပွဲမှာ မိန့်ကြားခဲ့ပါတယ်။
ကန့်ဘလူမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ကျီစုရွာလည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လနဲ့ နိုဝင်ဘာလတွေမှာ နှစ်ကြိမ်ဝင်ရောက်စီးနင်းခံရပြီး နေအိမ်တွေအပြင် ဗလီနှစ်လုံးပါ မီးရှို့ဖျက်ဆီးခံ ခဲ့ရပါတယ်။

စစ်ကြောင်းပြန်ထွက်သွားလို့ ရွာထဲပြန်ရောက်ချိန် ကိုယ့်အိမ်ကို အရင်မီးမငြှိမ်းနိုင်ဘဲ မီးစွဲ နေတဲ့ဗလီကို ဦးစားပေး ငြှိမ်းသတ်ခဲ့ရတယ်လို့ ကျီစုရွာခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီတစ်ခေါက် ကျနော့်အိမ်ပါတယ်ဗျ။ နည်းနည်းမှ ဝမ်းနည်းစိတ်မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင် တွေ ဒီလိုလာရင် ဒီလိုလုပ်မယ်ဆိုတဲ့အသိက အစောကတည်းက လွှမ်းမိုးထားတယ်။ သို့သော် ဗလီတွေကိုတော့ မလုပ်လောက်ဘူးလို့ အားလုံးရဲ့စိတ်ထဲမှာ ရှိထားကြတယ်။ ဗလီ၊ ဘုန်းကြီးကျောင်းဘာညာပေါ့။ သူတို့ရဲ့ စစ်နည်းဥပဒေတွေမှာလည်း ရှိတာကိုးဗျ။ ဘာသာရေးကျောင်းကန်တို့ ဘာတို့ကို မလုပ်ရဘူးဆိုတာ။ ကျနော်တို့မလုပ်လောက်ဘူးလို့ အောက်မေ့ထားတဲ့ဟာက ပြန်ရောက်လာတော့ ကိုယ်တိုင်ပါ ဝင်မီးငြှိမ်းရတဲ့ ကိစ္စရှိသွားတယ် ”
စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေလည်း နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အခါ ဘာသာရေးအဆောက်အုံ တွေဟာ လူတွေကိုကယ်ဆယ်ပေးရတဲ့ ယာယီစစ်ဘေး ကယ်ဆယ်ရေးစခန်းတွေ ဖြစ်လာပြီး ဒီအပေါ် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တာနဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေလုပ်လေ့ ရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ စစ်ကိုင်းတိုင်းမှာ ဘုန်းကြီး ကျောင်းတွေ မီးရှို့ခံရတာသာရှိပြီး ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီတွေ မီးရှို့ခံရတာမရှိဘူးလို့ ငြင်းဆိုပါတယ်။
“ဗလီတွေမီးရှို့ခံရတယ်လို့ တစ်ခါမှမကြားဘူး။ ခရစ်ယာန်ဘုရားကျောင်း မီးရှို့ခံရတယ် လို့ တစ်ခါမှမကြားဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေတော့ မီးရှို့ဖျက်ဆီး သွားတာ ခြောက်ကျောင်း လား၊ ခုနစ်ကျောင်းလား ရှိပြီ။ ဘယ်သူရှို့တာလဲတော့ ကျနော်လည်း မသိဘူးဗျာ။ အခုဆိုရင်လည်း အဆောက်အအုံတွေ ပြန်ဆောက်ဖို့ အတွက် လူမှုဝန်ထမ်းဝန်ကြီးဌာနတို့၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီတို့ကနေ ပြီးတော့မှ ဘုန်းကြီးကျောင်းစာရင်းတွေတွက်ချက်မှု စာရင်းတွေနဲ့ တောင်းပြီးတော့ ပြန်ဆောက်ပေးဖို့ လုပ်နေတယ်။ မြေပြင်မှာ သွားဆောက်လို့မရဘူး။ မြေပြင်မှာ သွားဆောက်တော့လည်း သွားဆောက်ပေးမယ်ဆိုရင်တောင်မှ လာမယ်ဆိုရင် လာဆောက်ဖို့ လက်မခံဘူး”
မကွေးတိုင်းမှာလည်း ဘုန်းကြီးကျောင်း ၁၅ ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ပျက်စီးခဲ့ပြီး ချင်းပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း ၂၅ ကျောင်းနဲ့ ဘုရားကျောင်းနဲ့ဆက်စပ်တဲ့ ဘာသာရေး အဆောက် အအုံ ၃၀ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်မှာတော့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီအပါအဝင် ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၂၇ လုံး ပျက်စီးခဲ့တယ်လို့ တိုးတက် သော ကရင်နီ ပြည်သူ့ အင်အားစု (PKPF) က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက် ပြီး ကျူးလွန်သူတွေကို အရေးယူဖို့လိုတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဘုရားကျောင်းတွေကလည်း လူ့အသိုင်းအဝိုင်းမှာ ထူးကဲမွန်မြတ်တဲ့ နေရာအဆောက် အအုံတွေပေါ့။ အဲဒါတွေကို ရိုင်းရိုင်းစိုင်းစိုင်း မီးရှို့ဖျက်ဆီးတာတွေရယ် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဖျက်ဆီးတာတွေက တော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့ကမြင်တယ်။ အဲလို လုပ်တာက ဒါ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကျနော်တို့က ယူဆတာပေါ့။ ကျူးလွန်တဲ့ သူကို အပြစ်ပေးအရေးယူဖို့အတွက် လိုအပ်တယ်လို့မြင်တယ်”
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘာသာရေးအဆောက်အအုံတွေ ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမရှိပေမယ့် အဲဒီနေရာတွေမှာခိုအောင်းပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို ပစ်ခတ်ရင်တော့ ဟန့်တားရမယ်လို့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ထဲမှာ RFA ကို ဖြေဆိုဖူးပါတယ်။
ကရင်ပြည်နယ်၊ ပဲခူတိုင်းအရှေ့ခြမ်းနဲ့ မွန်ပြည်နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ မှာလည်း ဘုန်းကြီးကျောင်းလေးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်း လေးကျောင်း ပျက်စီးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် လူသော မြို့နယ် လေးဝါးရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဆရာတော်နှစ်ပါး အပါအဝင် ဒေသခံငါးဦး သေဆုံးခဲ့ပြီး ဘုရားကျောင်းပါ ပျက်စီးခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ (Fortify Rights) ရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းက စစ်ကောင်စီတပ်အနေနဲ့ ဘာသာရေးအရ အထွတ်အမြတ်ထားတဲ့နေရာတွေမှာ တပ်မစွဲဖို့နဲ့ အဲဒီအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မလုပ်ဖို့ တိုက်တွန်းကြောင်း RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဗုဒ္ခဘာသာဆိုရင် အများစုကိုးကွယ်တဲ့ ဘာသာဆိုပေမယ့်လည်း သူတို့ က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတောင်မှ အလေးမထားဘူး။ အခုဆိုရင် ခရစ်ယာန် ဘာသာပေါ့နော် သူတို့ရဲ့ ဘုရားကျောင်းကို ဗုံးကြဲပြီးတော့မှ ဖျက်ဆီးနေတာဟာ ဘယ်လိုမှ ဘယ်အခြေအနေကမှ လက်ခံလို့မရဘူး။ လူ့အခွင့်အရေး ရှုထောင့်က ပြောမယ်ဆိုရင် စစ်တပ်ကို ကျနော်တို့တိုက်တွန်းချင်တယ်။ ဒီလိုမျိုး ဘာသာရေး အထွတ်အမြတ်ထားတဲ့ လူမျိုးတိုင်း လူတိုင်းအထွတ်အမြတ်ထားတဲ့နေရာကို လက်နက် အားကိုးနဲ့ လာပြီးတော့တပ်မစွဲဖို့၊ နောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာဟာ လုံးဝ မလုပ်သင့် မလုပ်ထိုက်တဲ့ဟာလို့ ကျနော်တို့ သူတို့ကိုပြောချင်တယ်”
ဂျနီဗာကွန်ဗင်းရှင်းမှာ ဘယ်ဘာသာရေး အဆောက်အအုံကိုမှ တိုက်ခိုက်ဖျက်ဆီးတာ မလုပ်ရလို့ တားမြစ်ထားပေမယ့် စစ်ကောင်စီတပ်ကတော့ လက်နက်ကိုင်ဆန့်ကျင်သူ တွေကို ချေမှုန်းရာမှာ ဘာသာရေး အဆောက်အအုံတွေကိုပါ ဖျက်ဆီးနေတယ်လို့ လူ့အခွင့်ရေး လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ပြောကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာရွာမှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ဘုန်းကြီး ကျောင်းတစ်ကျောင်း လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့ပါတယ်။
ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ မန္တလေးကက်သလစ်ဂိုဏ်းချုပ် ဆရာတော် မာကုတင်ဝင်းနဲ့ တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ဘာစီးလျှိုအားသိုက်တို့ကတော့ အကြမ်းဖက်မှု တွေရပ်တန့်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကြိုးပမ်းကြဖို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပန်ကြားခဲ့ပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျုဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်ရ အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ် စုစုပေါင်း ၅၇,၈၀၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။