နှစ်နှစ်ခွဲအတွင်း ဘာသာရေး အဆောက်အအုံ နှစ်ရာနီးပါး ဖျက်ဆီးခံရ

အာဏာသိမ်းပြီး နှစ်နှစ်ခွဲအထိ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်ကြောင့် ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံ နှစ်ရာနီးပါး ရှိလာပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ရမ်ထလိုရွာမှ နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

အာဏာသိမ်းပြီး နှစ်နှစ်ခွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တဲ့အပြင် မီးရှို့လို့ ပျက်စီးတဲ့အထဲမှာ ဘာသာရေး အဆောက်အအုံ နှစ်ရာနီးပါး ရှိပြီလို့ ဒေသခံပြည်သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောပြချက်တွေအရ RFA အနေနဲ့ လေ့လာတွေ့ရှိရပါ တယ်။

ချင်းပြည်နယ်မှာ ၈၅ လုံးနဲ့ ပထမအများဆုံး၊ စစ်ကိုင်းတိုင်းမှာ ၅၀နဲ့ ဒုတိယအများဆုံး ဖြစ်ပြီး ရှမ်း-ကယားပြည်နယ်မှာ ၃၉ လုံးနဲ့ တတိယအများဆုံးဖြစ်သလို၊ မကွေးတိုင်းမှာ ၁၉ လုံးနဲ့ စတုတ္ထအများဆုံးဖြစ်ပြီး၊ ကရင် မွန်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ငါးလုံး၊ စုစုပေါင်း ၁၉၈ လုံးဖြစ်ပါတယ်။

ဖျက်ဆီးခံရတဲ့အထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေ ပါဝင်ပါတယ်။

ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ အချိန်ကနေ ၂၀၂၃ ဩဂုတ်လအထိ ဘာသာရေး အဆောက်အအုံကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးကျတာ၊ လေကြောင်းကနေ ဗုံးကြဲလို့ပျက်စီးထိခိုက်တာ စုစုပေါင်း ၈၅ လုံးရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လတည်းမှာတင် ချင်းပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း ခုနစ်ကျောင်း ပျက်စီးခဲ့သလို၊ နောက်ထပ်ဘုရားကျောင်းဝင်း တစ်ခုထဲကို လက်နက်ကြီး ကျခဲ့တယ်လို့ Chinland Joint Defense Committee (CJDC) အထွေထွေအတွင်းရေးမှူး ဆလိုင်းတီမီထွဋ်က RFA ကိုပြောပါတယ်။

“ခလရ ၂၆၈ ဖလမ်းအခြေစိုက် ပစ်တဲ့နေ့မှာ ဖလမ်းကနေ ၁၂ မိုင်ခန့်ဝေးတဲ့ ရမ်ထလိုရွာကို လေကြောင်းနဲ့ တိုက်ခိုက်သွားတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ထန်တလန်ကို ပစ်တဲ့နေ့မှာပဲ ခွါဖိုမှာကြတော့ ဘုရားကျောင်း တစ်ကျောင်းရော၊ လူနေအိမ် သုံးအိမ် ထိခိုက်ပျက်စီးပြီးတော့ ဒဏ်ရာ ရရှိတာတော့ မရှိသလောက်ပါပဲ။ အခုနောက်ပိုင်း ဘုရားကျောင်းတွေကို ပစ်မှတ်ထားနေသလားလို့ ထင်ရလောက်အောင်ပေါ့နော်။ ဘုရားကျောင်းတွေကို တိုက်ခိုက်တာ ပိုများလာတယ်။”

ချင်းပြည်နယ်မှာ ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေ မပြုပြင်နိုင်သေးသလို လုံခြုံရေးအရ အဆင်ပြေတဲ့ နေရာတွေမှာပဲ ဝတ်ပြုနေကြရတယ်လို့ ဆိုပါတယ်။

ဘာသာရေး အဆောက်အအုံတွေ နောက်နောင် တိုက်ခိုက်မခံရအောင် ဆုတောင်းနေရတယ်လို့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဦးလွန်မှုန့်က RFA ကိုပြောပါတယ်။

“ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ အရမ်းသန့်ရှင်းတယ်လို့ထင်တဲ့ ဘုရားကျောင်းတွေ တိုက်ခိုက်ခံရတာတော့ ဝမ်းနည်းတယ်ပေါ့။ မဖြစ်သင့်တဲ့ဟာတော့ ကြားနေရတဲ့ အခါကြတော့ စိုးရိမ်ပြီးတော့မှ ဝမ်းနည်းခဲ့ရတယ်။ လောလောဆယ် ဘုရားကျောင်းပြုပြင်ဖို့ကြတော့ ခက်ဦးမယ်။ တတ်နိုင်သလောက် စစ်ဘေးရှောင်တဲ့ သူတွေကလည်း ရှောင်တဲ့နေရာမှာပဲ ဘုရားကျောင်းတက်ကြတယ် နည်းနည်းပါးပါး လုံခြုံတဲ့နေရာ ဘုရားကျောင်းမှာတော့ ဝတ်ပြုကြတယ်ပေါ့။”

စစ်ကိုင်းတိုင်းထဲမှာ အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ဩဂုတ်လအထိ ဘုန်းကြီးကျောင်း လေးဆယ်၊ သီလရှင်စာသင်ကျောင်း တစ်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ခြောက်ကျောင်းနဲ့ ဗလီ သုံးလုံး ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဖျက်ဆီးသွားတဲ့ ဘုန်းကြီးကျောင်းတွေ ပြန်ပြီးမပြင်နိုင်သေးသလို၊ ပြင်ပြီးရင်လည်း စစ်ကောင်စီက ပြန်ဖျက်ဆီးမှာကိုလည်း ကြောက်ရတယ်လို့ စစ်ကိုင်းမြောက်ယမား ကျောင်းတိုက် ဆရာတော်က မိန့်ပါတယ်။

“ဘာသာရေး အဆောက်အအုံပျက်စီးတာက ဦးပဉ္စင်းတို့က ဘယ်လိုမှ စိတ်မကောင်းဘူး။ မြန်မာနိုင်ငံကြီးက ဒီလိုမဖြစ်သင့်ဘူး၊ တိုင်းပြည်အုပ်ချုပ်နေတဲ့ မင်းတစ်ပါးက ဒီလိုမျိုး လုပ်နေတယ်လိုတော့ ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရဘူး။ ဘာသာရေးတွေလည်း စော်ကားတယ်၊ လူမျိုးရေးကိုလည်း စော်ကားတယ်။ အဲဒါကြောင့် ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရဘူး။”

ဩဂုတ်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ တပ်ရေယာဉ်တွေဟာ မြစ်ဘေးကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ အတွက်ကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း နှစ်ကျောင်းထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းမှာတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဩဂုတ်လအထိ ပျက်စီးသွားတဲ့ ဘာသာရေး အဆာက်အအုံ ၁၉ လုံးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဘာသာရေး အဆောက်အအုံတွေကို ပြန်မပြင်နိုင်သေးသလို အခုလက်ရှိမှာတော့ စစ်ရှောင်တဲ့ နေရာတွေမှာ ဘုန်းတော်ကြီးတွေ ဖြစ်သလို သီတင်းသုံးနိုင်ဖို့ လုပ်နေရတယ်လို့ ထီးလင်းနဲ့ ဂန့်ဂေါ်နယ် စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့ မယုကိုက RFA ကိုပြောပါတယ်။

“လက်ရှိအချိန်မှာတော့ ပြန်လည်မွမ်းမံထားတာတွေ မရှိသေးပါဘူး။ တချို့ရွာဆိုလို့ရှိရင် တစ်ရွာလုံး မီးလောင် ပြာကျသွားတာနဲ့ ရွာလုံးကျွတ်ကို စစ်ရှောင်စခန်းမှာ နေထိုင်ရတာဆိုတော့ ဘုန်းကြီးကျောင်းကို ဝါး၊ သက်ကယ်ကာပေါ့နော်။ အဲဒီလိုပဲ ယာယီဆောက်ထားတဲ့ အနေအထားပေါ့လေ။ လက်ရှိမှာလည်း ပြည်သူတွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဆိုတော့။”

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်မှာ အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ဇူလိုင်လကုန်အထိ ဘာသာရေးအဆောက်အအုံ ၃၉ လုံးဖျက်ဆီးခံရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစုက ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် ကယန်းသာ(တောင်)ကျေးရွာက ကက်သလစ်ဘုရားကျောင်း ပျက်စီးသွားစဉ်။ (Photo: Citizen Journalist)

အလားတူ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးရွာက သနားခြင်းမယ်တော် ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ကယားပြည်နယ်မှာ ဘုရားကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲလို့ အများဆုံး ပျက်စီးရတယ်လို့ ကရင်နီ လူအခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက RFA ကိုပြောပါတယ်။

“တိုက်ခိုက်ခံရတာပုံစံ ပျက်စီးခဲ့တဲ့ ပုံစံအမျိုးမျိုး ရှိပါတယ်။ တချို့ဆိုရင်တော့ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေကို ကျွန်တော်တို့ တွေ့ရှိရတယ်။ တချို့ ဘုရားကျောင်းတွေကတော့ လေယာဉ်နဲ့ ဗုံးကြဲခြင်းခံရတယ်။ တချို့ ကျောင်းတွေကတော့ စစ်တပ်ကတပ်စွဲတဲ့ အတွက်ကြောင့် ပစ်ခတ်တဲ့အခါ ထိခိုက်ပျက်စီးတာပေါ့နော်။ နောက်ဆုံးဖြစ်တဲ့ ဘုရားကျောင်းကတော့ တပ်စွဲထားတာမရှိသလို အထင်းကြီး ရွာလယ်ကောင်မှာ အဆောက်အအုံပါ။ ဗုံးကြဲတိုက်ခိုက်တဲ့အထဲမှာ ကျွန်တော် မမှားဘူးဆိုရင် ဦးဆုံး အကြိမ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပျက်စီးခြင်းအများဆုံးပေါ့။”

ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ မွန်ပြည်နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေမှာလည်း ဘုန်းကြီးကျောင်း လေးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း လေးကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

"ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ အရမ်းသန့်ရှင်းတယ်လို့ထင်တဲ့ ဘုရားကျောင်းတွေ တိုက်ခိုက်ခံရတာတော့ ဝမ်းနည်းတယ်ပေါ့။"

အခုလို စစ်ကောင်စီတပ်တွေက ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့အတွက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေကို ကြောက်စိတ်ဝင်အောင် လုပ်နေတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဒု-ဝန်ကြီး ဒေါက်တာငိုက်တမ်းမောင်းက RFA ကိုပြောပါတယ်။

“ဘာသာရေး အဆောက်အအုံတွေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေတဲ့ လုပ်ငန်းကို သူတို့ လုပ်ဆောင်နေတာက မလုပ်သင့်တဲ့အရာကို စစ်အာဏာရှင်တွေက ပြည်သူတွေ အပေါ်မှာ ကျူးလွန်နေတာ ဖြစ်တယ်ဆိုတာ အဲဒီလိုပြောချင်ပါတယ်။ ဒါကြောင့် ဘယ်နေရာမှာ အကြမ်းဖက်မှုလုပ်ငန်းတွေ လုပ်ဆောင်လဲဆိုတဲ့ NUG ရဲ့ လူ့အခွင့်ရေး ဝန်ကြီးဌာနမှာ အကုန်လုံး မှတ်တမ်းတွေရှိပါတယ်။ ဒါကိုသူတို့ရဲ့ အကြမ်းဖက်လုပ်ငန်းအတွက် ထိုက်တန်တဲ့ပစ်ဒဏ်ကို တစ်နေ့နေ့ သူတို့ခံရမှာဖြစ်တယ် ဆိုတာကို ပြောချင်ပါတယ်”

အမေရိကန်အစိုးရက မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ အထူးစိုးရိမ်ပူပန်ရတဲ့ နိုင်ငံတွေ Country of Particular Concern (CPC) အဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ သတ်မှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org