ရခိုင်ဒေသ လက်ရှိငြိမ်းချမ်းမှု ဘယ်လောက် ခိုင်မြဲမလဲ
2022.02.24

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်ရေးတွေ ဖြစ်နေပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ပစ်သံခတ်သံ တချို့ရှိခဲ့တာက လွဲပြီး အေးချမ်းနေပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA နဲ့ ရခိုင့်တပ်တော် AA တို့ကလည်း ကိုယ်ပိုင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ တည်ထောင်နေပါတယ်။
ရခိုင်ပြည်နယ်မှာ ၂ဝ၁၉ခုနှစ်က စပြီး ရခိုင့်တပ်တော် AAနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေဖြ စ်ခဲ့ပြီး ၂ဝ၂၁ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ပွဲတွေ ရပ်သွားပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီက AA ကို အကြမ်းဖက် အဖွဲ့အဖြစ်က ရုပ်သိမ်းလိုက်ပါတယ်။
အဲ့ဒီအချိန်ကစပြီး ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါ်တင်တင် လှုပ်ရှားလာပါတယ်။ အထူးသဖြင့် ရခိုင်ပြည်မြောက်ပိုင်းမှာပါ။ အဲ့ဒီအချိန်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကျောင်းပြန်မတက်ရေး လှုပ်ရှားမှုတွေ မြန်မာတနိုင်ငံလုံး ကြွေးကြော်နေချိန် ရခိုင်ပြည်နယ်မှာတော့ ကျောင်းတွေ ဖွင့်ပါတယ်။ မိဘတွေကလည်း ကလေးတွေကို ကျောင်းပို့ပါတယ်။

ရခိုင့်တပ်တော် AA ဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ အစားထိုးဝင်ရောက်ဖို့ ကြိုးပမ်းလာပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်မှာ အမှုအခင်းတွေ အားလုံးကို တိုင်ကြားနိုင်ပြီလို့ AA က ကြေညာလိုက်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် သိသိသာသာ ပြောင်းလဲမှု ဖြစ်ခဲ့တာလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောပါတယ်။
“အစိုးရဘက်က အုပ်ချုပ်ရေးတို့၊ တရားစီရင်ရေးတို့ အားနည်းတယ်လို့မြင်တယ်၊ တဖက်မှာလည်း ULA တရားရုံးတို့ အုပ်ချုပ်ရေးဘက်ကို လူထုက ရောက်သွားတယ် ဆိုတော့ အဲ့ဒါပြောင်းလဲမှု တစ်ခုလို့ ပြောလို့ရတယ်။ အထူးပြောင်းလဲမှုလို့ ပြောလို့ရတာပေါ့”
အခုလို ULA/AA ဘက်က အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်နေတာတွေကို စစ်ကောင်စီက ဘာကြောင့်ခွင့်ပြုထားတာလဲဆိုတာမေးစရာပါ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီက AA ကို မတိုက်နိုင်တာကြောင့် လွှတ်ထားတယ်လို့ မြင်ပါတယ်။
“ခွင့်ပြုထားတယ်ဆိုတာထက် ULA/AAက ကိုယ့်ရဲ့ အင်အားကို တည်ဆောက်ပြီး လုပ်နေတာလို့ မြင်ပါတယ်။ ခွင့်ပြုရမယ်ဆိုတာလည်း မပါပါဘူး။ ရှင်းရှင်းပြောရရင် သူတို့ မတိုက်နိုင်လို့ပေါ့ဗျာ။ မတိုက်နိုင်တဲ့ အတွက် သူတို့ လက်ပိုက်ကြည့်နေတယ်လို့ မြင်ပါတယ်”
ရခိုင့်တပ်တော် AA ဟာ စတင် တည်ထောင်တဲ့ ၂၀၀၉ ခုနှစ်ကစပြီး ၁၃ နှစ်အတွင်း တပ်အင်အား သုံးသောင်း ရှိလာပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်မြေအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်အထိ စိုးမိုးထားနိုင်ပြီလို့ AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Asia Times မဂ္ဂဇင်းနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဇန်နဝါရီလဆန်းပိုင်းက ပြောထားပါတယ်။
ရခိုင့်တပ်တော် AA ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့အပြင်၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့နဲ့လည်း လက်တွဲထားပြီး အဲ့ဒီအဖွဲ့တွေရဲ့ဒေသမှာ တပ်အင်အား ၅၀၀၀ ကနေ ၆ဝဝဝ လောက်အထိ ရှိတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်နီးပါး အချိန်အတွင်း AA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲငယ်သုံးကြိမ်လောက်ပဲ ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ AA နဲ့ သူတို့အကြား ဆက်ဆံရေးကောင်းတယ်လို့ ဆိုပါတယ်။
“AAနဲ့ ပတ်သက်လို့က မျိုးစုံပေါ့ဗျာ။ တိုက်ပွဲထဲ ပါလာအောင် လှုံ့ဆော်နေတာတွေ ရှိပါတယ်။ အထင်အမြင် လွဲမှားအောင် ဘေးတီးနေတာတွေ ရှိတယ်။ ကျနော်တို့အနေနဲ့ အောက်ခြေ အဆင့်မှာရော အထက်အဆင့်မှာပါ ခိုင်ခိုင်မာမာ ဆက်ဆံမှု ရှိနေပါတယ်”
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ၇၅နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ကြီးတွေမတက်ကြပေမဲ့ AA အဖွဲ့က နိုင်ငံရေးမှူးတာဝန်ယူထားသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောနဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော်နဲ့ အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
"စစ်ကောင်စီရဲ့တပ်က AAကို လက်ရှိ တစ်ပြည်လုံးမှာ သူရင်ဆိုင်နေရတဲ့ အခြေအနေကြောင့် ရခိုင်ကို နားလည်မှု ယူထားတာပါ"
အခုလို စစ်ကောင်စီနဲ့ ဆက်ဆံမှုဟာ ပြည်သူတွေရဲ့ အကျိုးကို ထည့်သွင်းစဉ်းစားပြီး လက်တွေ့ကျတဲ့ ညှိနှိုင်းမှုတွေနဲ့ လုပ်ဆောင်နေတာလို့ AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
စစ်ကောင်စီနဲ့ AA တို့ရဲ့ ငြိမ်းချမ်းရေးဟာ သူ့အကျိုးကိုယ့် အကျိုး နားလည်မှုနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။ ဒီနားလည်မှုနဲ့ ယူထားတဲ့ ငြိမ်းချမ်းရေးဟာ ဘယ်လောက်ခိုင်မြဲနိုင်မှာလဲ ဆိုတာကတော့ မေးစရာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အချိန်အတိုင်းအတာတစ်ခုအတွင်း ပြောင်းလဲသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
“တပြည်လုံးမှာ စစ်ကောင်စီနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ အခြေအနေ အချိုးအစားတွေ ပြောင်းလဲသွားရင် သူလည်း ဒီအတိုင်းရပ်တည်လို့ မရဘူးလို့ ယူဆပါတယ်။ စစ်ကောင်စီရဲ့တပ်က AAကို လက်ရှိ တစ်ပြည်လုံးမှာ သူရင်ဆိုင်နေရတဲ့ အခြေအနေကြောင့် ရခိုင်ကို နားလည်မှု ယူထားတာပါ။ ဒီဘက်က အခြေအနေတွေ ဆိုးဝါး ပြင်းထန်လာတာနဲ့အမျှ ရခိုင်ကိုလည်း ဒီအတိုင်း ဆက်ပြီးထားမှာ မဟုတ်ဘူးလို့ ကျနော် ယုံပါတယ်။”
ဦးသန်းစိုးနိုင်လိုပဲ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင် သူတို့ရယူထားတဲ့ ငြိမ်းချမ်းရေးဟာ တရားဝင်မဟုတ်တာကြောင့် ဘယ်လောက်ခိုင်မြဲမလဲ ဆိုတာ မပြောနိုင်ဘူးလို့ Asia Time ကို ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်ကျော်က စစ်တလင်းဖြစ်ခဲ့ရတဲ့ ရခိုင်ဒေသမှာ အခုတော့ စိတ်သစ်လူသစ် အုပ်ချုပ်မှုအသစ်တွေ လွှမ်းခြုံလာနေပါပြီ။ဒါပေမဲ့ စစ်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ သူတွေထဲမှာ အခုထိ အိမ်မပြန်နိုင်တဲ့သူတွေ အများအပြား ကျန်နေပါသေးတယ်။ ငြိမ်းချမ်းရေးရှားပါးတဲ့ မြန်မာနိုင်ငံအတွင်း ရခိုင်ဒေသမှာ လောလောဆယ် ငြိမ်းချမ်းနေတယ်ဆိုပေမယ့် ဒီငြိမ်းချမ်းမှုက ခိုင်မာမှု ရှိ၊ မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။