နမ့်ခမ်း နေဝန်းနီဒုက္ခသည်စခန်း ကိုဗစ်ရောဂါ စိုးရိမ်နေရ
2021.08.12
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မှာရှိတဲ့ နမ့်ခမ်းမြို့နယ်က လူဦးရေ ၄၀၀ ကျော်ခိုလှုံနေတဲ့ နေဝန်းနီ စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၂၀၀ နီးပါး ဖျားနာနေကြပါတယ်။ အဲဒါကြောင့် အသက် ၆၀ အရွယ် အဖွားတစ်ဦးကို စစ်ဆေးတဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေတာကို မနေ့ကစစ်ဆေးတွေ့ရှိပါတယ်။ အဲဒီအဖွားဟာ နမ့်ခမ်းအထွက်မှာရှိတဲ့ တပ်ဆေးခန်းကို မနေ့ သြဂုတ်လ ၁၁ ရက်နေ့က သွားပြခဲ့တဲ့အခါ ကိုဗစ်လက္ခဏာတွေနဲ့ တူနေတယ်လို့ဆိုပြီး ဆေးရုံမှာ စစ်ဆေးတဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာလို့ စခန်းတာဝန်ခံ ဦးသောင်းရွှေ က ပြောပါတယ်။
“တစ်ယောက်ကတော့ ကိုဗစ်ဖြစ်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ ဆေးရုံပို့လိုက်ပြီ၊ သေချာပြီ။ မနေ့ ကတော့ ကျွန်တော်တို့ဘေးနားမှာ စစ်တပ်စခန်းက အခမဲ့ဆေးခန်းရှိတယ်ပေါ့နော်။ အဖွားတစ်ယောက် ဆေးခန်းသွားတာ ဆေးခန်းကနေစစ်ကြည့်တာပေါ့။ သိပ်မသေချာလို့ဆိုပြီး ဆေးရုံသွားစစ်ခိုင်းတာ ဒီနေ့ ဆေးရုံမှာသွားစစ်တော့ သေချာသွားပြီတဲ့။ အဲမှာဆေးရုံမှာပဲထားခဲ့တာလေ။ ကျန်တဲ့နှစ်ယောက်က နည်းနည်းဖျားသေးတယ်လေ၊ အဲဒါပိုးရှိ မရှိ ကျွန်တော်တို့ ပြန်စစ်ကြည့်မလို့”
ဒီနေ့မှာတော့ အဲဒီအဖွားနဲ့ ဆက်စပ်ခဲ့သူတွေကို ရောဂါပိုးရှိ မရှိ စစ်ဆေးဖို့ စီစဉ်ထားသလို ဒုက္ခသည်တွေ ကိုလည်း ကိုယ့်တန်းလျားက အခန်းတွေမှာပဲနေဖို့ ညွှန်ကြားထားတယ်လို့ ဦးသောင်းရွှေ က ပြောပါတယ်။
နေဝန်းနီစစ်ဘေးဒုက္ခသည်စခန်းဟာ နမ့်ခမ်းမြို့မှာရှိတဲ့ တအာင်းစာပေယဉ်ကျေးမှုခြံဝင်းအတွင်းမှာ တည်ဆောက်ထားတဲ့ ဒုက္ခသည်စခန်းတစ်ခုပါ။
ဒီဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြား တိုက်ပွဲကြောင့် ကချင်ပြည်နယ် မန်စီမြို့နယ်၊ အိုလံပါးအုပ်စု မန်လွယ်ကျေးရွာက ထွက်ပြေးလာခဲ့ ကြတဲ့ တအာင်းပလောင်တိုင်းရင်းသားတွေ ခိုလှုံနေကြတာပါ။
ဒုက္ခသည်စခန်းမှာရှိတဲ့ လူဦးရေထက်ဝက်လောက်ဟာ အခုလဆန်းပိုင်းကတည်းက တုပ်ကွေးလက္ခဏာနဲ့ ဖျားနာကြတယ်လို့ ကိုယ်တိုင် ကျန်းမာရေးမကောင်းတဲ့ စစ်ဘေးဒုက္ခသည် မမြအောင် က ပြောပါတယ်။
“အေး…….တစ်အိမ်လုံး ယောက်တိုင်းပဲ တုပ်ကွေးဖြစ်ကြတယ်။ စခန်းတစ်ခုလုံး ကလေးပဲကျန်တယ်၊ ဖျားကြတယ်။ ကျွန်မလည်း တုပ်ကွေး၊ အိမ်ထဲမှာ လေးယောက်ရှိတယ်။ နှစ်ယောက်၊ သုံးယောက် ဖျားတာပေါ့။ အိမ်တိုင်းဖြစ်တယ်။ မြို့ထဲမှာလည်း ဆေးခန်းမဖွင့်ဘူး။ နည်းနည်းပါးပါးဆို ဆေးပဲသောက်တယ်ရှင့်”
နေဝန်းနီဒုက္ခသည်စခန်းကို တန်းလျားပုံစံတည်ဆောက်ထားတာဖြစ်ပြီး သုံးရေနဲ့ အိမ်သာတွေကို စုပေါင်း သုံးနေရတာပါ။
ဒီဒုက္ခသည်စခန်းမှာ KMS၊ IRC စတဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေက ဆေးခန်းဖွင့်ထားပြီး တစ်ပတ်တစ်ခါ ကျန်းမာရေးစစ်ဆေးပေးတာရှိပေမယ့် အခုလက်ရှိတော့ ကျန်းမာရေးဝန်ထမ်းတွေ မလာတော့တာကြာပြီဖြစ် လို့ ဆေးခန်းကိုလည်း ပိတ်ထားရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
"အိမ်တိုင်းဖြစ်တယ်၊ မြို့ထဲမှာလည်း ဆေးခန်းမဖွင့်ဘူး၊ နည်းနည်းပါးပါးဆို ဆေးပဲသောက်တယ်ရှင့်"
ဒါကြောင့် ဒုက္ခသည်တွေဟာ ကျန်းမာရေးအတွက် နမ့်ခမ်းမြို့အထွက်မှာ စစ်တပ်က ဖွင့်လှစ်ထားတဲ့ အခမဲ့ ဆေးခန်းကိုပဲ အဓိကအားထားနေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတွေမှာ စခန်းကို အသွားအလာကန့်သတ်တာနဲ့ ကပ်ရောဂါ ကာကွယ်ရေးကို ရှေးရိုးရာအစီအရင်တွေ ပြုလုပ်ခဲ့ကြရပါတယ်။ အခုလက်ရှိ ကိုဗစ်တတိယလှိုင်းကာလ မှာလည်း ပြီးခဲ့တဲ့လကတည်းက စခန်းကို အသွားအလာတွေ ကန့်သတ်ထားတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။
ဒုက္ခသည်တွေရဲ့ စားသောက်ရေးကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆန်နဲ့စားသောက်ကုန်အတွက်ဆိုပြီး အသက် ၁၈ နှစ်အောက်ကို နှစ်သောင်းနှုန်း၊ ၁၈ နှစ်အထက်ကို တစ်သောင်းနှုန်းနဲ့ အသက်ငါးဆယ်အထက်ကို တစ်ဦးကို နှစ်သောင်းနှုန်း ထောက်ပံ့တယ်ဆိုပေမယ့် ထောက်ပံ့မှုမရတာ နှစ်လရှိပြီလို့ဆိုပါတယ်။

နမ့်ခမ်းမြို့နယ်အတွင်းမှာ ကိုဗစ်ကပ်ရောဂါအတွက် ဆေးရုံနဲ့ချိတ်ဆက်ပြီး ကူညီပေးနေတဲ့ နမ့်ခမ်းစက်ဘီး အပျော်စီးပရဟိတအဖွဲ့ (NMBG ) အသင်းဥက္ကဋ္ဌ ကိုရဲ ကတော့ သူတို့အနေနဲ့ မြို့ပေါ်မှာ ကိုဗစ်ကူးစက်မှုတွေ များနေတာကြောင့် ဒုက္ခသည်စခန်းဘက်ကို အရင်လိုမကူညီနိုင်ဘဲဖြစ်နေတယ်လို့ ပြောပါတယ်။
“ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက သူတို့ကို နှာခေါင်းစည်းသွားဝေတယ်။ သူတို့မှာ Sunday school တို့ ဘာတို့ရှိတယ်လေ။ ကလေးတွေကို အာဟာရမှုန့်တို့ ဘာတို့ သွားလှူဒါန်းတာရှိတယ်။ အခုတတိယလှိုင်းမှာ ကျွန်တော်တို့လည်း အဲလောက်မသွားနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဆေးရုံနဲ့ သေဆုံးလူနာအလောင်း တွေနဲ့ ရှုတ်နေတာလေ။ ရောဂါပိုးရှိသူနဲ့ဆက်စပ်သူတွေတို့ အဲဒါတွေနဲ့ရှုတ်နေလို့ သူတို့ဘက်ကို ဒီစခန်း တွေဘက်ကို မလှည့်နိုင်ဘူးဗျ။ ဆေးရုံမှာ လက်ရှိဆေးကုသနေတဲ့ လူနာတွေက အယောက်နှစ်ရာလောက် ရှိတယ်ဆိုတော့ ဆရာဝန်တွေလည်း အဲလောက်အများကြီးမရှိဘူးလေ။ လေးငါးယောက်နဲ့ ကျန်းမာရေး ဌာနဘက်ကလည်း ငါးယောက်၊ ခြောက်ယောက်ပဲရှိတာ။ ပြီးတော့ သူနာပြုလည်း အဲလောက်မရှိဘူး။ CDM လုပ်ကြတာနဲ့ ဘာနဲ့ဆိုတော့ အင်အားမပြည့်ဘူးပေါ့”
သူတို့ သူတို့အဖွဲ့အနေနဲ့ ယခင်ကပ်ရောဂါကာလတွေမှာ မြို့ပေါ်ဒုက္ခသည်စခန်းတွေအတွက် ကူညီနိုင်ပေမယ့် လက်ရှိ နမ့်ခမ်းမှာ ပိုးတွေ့သူနဲ့ သေဆုံးသူတွေများလာသလို ဆေးရုံမှာလည်း ဆရာဝန်နဲ့သူနာပြုတွေ အား နည်းတာကြောင့် မြို့ပေါ်ကိုပဲ ဦးစားပေး အကူအညီပေးနေရတာလို့လည်း ဆိုပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းမှာ မြို့ပေါ်မှာရှိတဲ့ နေဝန်းနီဒုက္ခသည်စခန်းအပြင် နောက်ထပ် စိန့်သောမတ်စ်၊ ဂျော်ဝမ်း၊ ဂျော်တူး၊ ပန်လုံ စတဲ့ ဒုက္ခသည်စခန်းတွေလည်း ရှိပါသေးတယ်။
ဂျော်တူးနဲ့ ပန်လုံ ဒုက္ခသည်စခန်းမှာရှိတဲ့ လူဦးရေတစ်ထောင်ဝန်းကျင်ကတော့ သူတို့မူလနေရပ်ဖြစ်တဲ့ ကချင်ပြည်နယ်အနီးက မန်ဝိန်းကြီးဘက်ကို ပြောင်းရွှေ့သွားခဲ့ကြပါပြီ။
မိုင်းဝီးကျေးရွာမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ မှာ RCSS နဲ့ TNLA တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးရသူ သုံးရာ ကျော်ရှိနေပါတယ်။ ဒါကြောင့် နမ့်ခမ်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း နှစ်ထောင် နီးပါးရှိနေပါတယ်။
နမ့်ခမ်းမြို့နယ်မှာ ကိုရိုနာကပ်ရောဂါ တတိယလှိုင်းကာလ ဇူလိုင်လ ၁၉ ရက်နေ့ကနေ သြဂုတ်လ ၁၁ ရက်နေ့ မနေ့ကအထိ ပိုးတွေ့လူနာ ၈၈၆ ဦးရှိခဲ့ပြီး ဆေးရုံမှာ တရားဝင်သေဆုံးစာရင်း ၅၂ ဦး ရှိတယ်လို့ ကျန်းမာရေး ဌာနက ဆိုပါတယ်။ တခြားတရားဝင်အတည်ပြုမထားတဲ့ ကိုဗစ်လက္ခဏာတွေနဲ့ပါဆိုရင် သေဆုံးသူ တစ်ရာ ကျော်အထိရှိတယ်လို့ NMBG ဥက္ကဋ္ဌ ကိုရဲက ပြောပါတယ်။
လက်ရှိမှာတော့ မြို့ပေါ်မှာ ရောဂါကူးစက်မှုတွေ ကျလာနေပေမယ့် ကျေးလက်တွေမှာတော့ ပိုးတွေ့လူနာတွေ ပိုတွေ့လာရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။