ရသေ့တောင်တိုက်ပွဲပြင်းထန်လို့ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေ
2019.11.17

ရက္ခိုင့်တပ်တော် AA က ရသေ့တောင်မြို့မှာရှိတဲ့ တပ်မတော် တပ်ရင်း သုံးခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။
ဒီတပတ်အတွင်း ရသေ့တောင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီနှစ်အတွင်း အပြင်းထန်ဆုံးပဲလို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်လတ်က ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် နွားလားကျော်ကျေးရွာအုပ်စုနဲ့ ကျောက်တန်းကျေးရွာအုပ်စုက ဒေသခံ ငါးထောင်ကျော် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတာလို့ အရပ်ဖက်အဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။
“လူဦးရေ ငါးထောင်လောက်ရှိမယ်၊ ပုဏ္ဏကျွန်းဘက်ကလည်း ပြေးနေရတာရှိတယ်၊ အဲတိုက်ပွဲဖြစ်နေတာက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်အစပ်လေ၊ အဲဒီကြားက တောင်တန်းပေါ်မှာဆိုတော့ ဟိုဘက်ဒီဘက်ရွာတွေ အကုန်လုံးပြေးတာဘဲ၊ သူတို့က နီးစပ်ရာကျေးရွာတွေမှာပဲ ပြေးကြတာ၊ မြို့ပေါ်တတ်တဲ့လူ နည်းတယ်၊ မြို့ပေါ်မှာ ပထမတုန်းကလည်း တစ်ထောင်လောက်ရှိတယ်၊ ဒီလေးငါးရက်အတွင်းဆိုတော့ အကုန်နှစ်ထောင်လောက်ရှိမယ်၊ ခုဖြစ်နေတဲ့တိုက်ပွဲက ဒီတစ်နှစ်အတွင်း အပြင်းထန်ဆုံးပဲလေ၊ ဒါမျိုးအရင်ကမဖြစ်ခဲ့ဘူး”
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် ပြောသွားတာပါ။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ကလည်း ဒီတစ်ပတ်အတွင်း ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးထောင်လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စာရင်းအချက်အလက်အတိအကျ ကောက်ယူဖို့တော့ လတ်တလောမှာ အခက်အခဲရှိတယ်လို့ ဒုက္ခသည်အရေး ကူညီနေတဲ့ REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ပြောတာက
“ကျနော်တို့ နည်းနည်းပြောရခက်တယ်ဗျ၊ အခြေအနေတွေက ဘယ်မှာမှ သွားပြီးလေ့လာလို့မရတဲ့ အခြေအနေဖြစ်နေတယ်၊ အဲဒီနားသွားရင်တောင် ဘာမှလုပ်လို့မရတော့ဘူး၊ အနည်းဆုံးတော့ ငါးထောင်နဲ့အထက်မှာ ရှိတယ်ဗျ၊ ဒီရက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အဲဒေသမှာ လူဦးရေ ငါးထောင်ကျော် စစ်ဘေးသင့်တယ်”
တိုက်ပွဲအတွင်း တပ်မတော်ဘက်က လက်နက်ကြီးတွေ အသုံးပြုနေတာကြောင့် နွားလားကျော်၊ ထီးစွဲ၊ လမုန်းတိုင်း၊ နွားတင်းကုတ် အပါအဝင် ကျေးရွာ ၁၀ ကျော်ဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတာလို့ သိရပါတယ်။ အဲဒီထဲက တစ်ထောင်ကျော်ဟာ ရသေ့တောင်မြို့ပေါ်ကို ရောက်ရှိနေပြီး ကျန် လေးထောင်လောက်ကတော့ အနီးအနားက ရွာတွေမှာ ခိုလှုံနေကြပါတယ်။
လက်ရှိ ရသေ့တောင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်တွေနဲ့ ပြည့်နေပြီလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
တိုက်ပွဲဆက်ပြင်းထန်နေမယ်ဆိုရင် ထပ်တိုးရောက်ရှိလာမယ့်သူတွေအတွက် နေရာအခက်အခဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“အခုဆိုရင် ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးရှောင်တွေ များလာတာကြောင့် နေရာထိုင်ခင်းတွေလည်း ကြပ်ပါတယ်၊ ဘုန်းကြီးကျောင်းတွေလည်း ပြည့်နေတယ်၊ နေရာအလွတ်တွေမှာလည်း စစ်ဘေးရှောင်တွေနဲ့ ပြည့်နေပါတယ်၊ နောက်ထပ်ရောက်လာမယ့် စစ်ဘေးရှောင်တွေကို ဘယ်မှာထားရမှန်း မသိတဲ့အတွက် မြေကွက်လပ်ရှိတဲ့နေရာမှာ အဆောက်အဦဆောက်ဖို့ အန်တီတို့ ညှိနှိုင်းနေတာရှိပါတယ်”
နိုဝင်ဘာလ ၁၅ ရက်နေ့ညက ရသေ့တောင်မြို့ပေါ်ရှိ တပ်ရင်း သုံးခုကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက်ပိုင်း တပ်မတော်က ရဟတ်ယာဉ်တွေသုံး တိုက်ခိုက်တာ၊ စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိလာတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
မနေ့ညက ကြောက်လန့် ထွက်ပြေးနေရတဲ့အခြေအနေကို အမည်မဖော်လိုတဲ့ နွားလားကျော်ရွာသားတစ်ဦး ပြောပြတာက ---
“ မနေ့ကတိုက်ပွဲမှာ လေယာဉ်နှစ်စီးနဲ့ကိုပစ်တာ၊ လေယာဉ်နှစ်စီးနဲ့ပစ်တော့ ရွာကလူတွေက ကြောက်လန့်ပြီးတော့ ထွက်ပြေးကြတာပေါ့”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ရဟတ်ယာဉ်တွေအသုံးပြု တိုက်ခိုက်တယ်ဆိုတာကို ငြင်းဆိုပါတယ်။
“ရသေ့တောင်နားမှာရပ်တဲ့ စစ်ရေယာဉ်ကိုလာပစ်လို့ ပစ်တာပဲရှိတယ်၊ ကျန်တာ မရှိဘူး၊ ရဟတ်ယာဉ်နဲ့ပစ်တာ မရှိဘူး၊ အခုတလော ရဟတ်ယာဉ်တွေ လေ့ကျင်ပျံသန်းတာနဲ့ ကင်းထောက်ပျံသန်းတာပဲရှိတယ်”
နိုဝင်ဘာလ ၁၅ ရက်နေ့ ပစ်ခတ်မှုမှာ တပ်မတော်ဘက်က ရှစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
“မြန်မာစစ်တပ်ရဲ့ လက်အောက်ခံ တပ်မ ၂၂ ရဲ့ ခမရ ၂၁၀ နဲ့ ကျနော်တိ့ု အပြန်အလှန် လေးနာရီလောက်ကြာအောင် တိုက်ပွဲဖြစ်တာရှိတယ်၊ အဲဒီမှာ မြန်မာစစ်တပ်ဘက်က အရာရှိတစ်ဦး အပါအဝင် ရှစ်ဦးကျဆုံးတာရှိတယ်၊ နောက်ပြီး ဆယ်ဦးအထက် ဒဏ်ရာရသွားတာရှိတယ်ဗျ၊ ကျနော်တို့ဘက်ကလည်း တစ်ဦးကျဆုံးတာရှိတယ်”
တပ်မတော်ဘက်က ရှစ်ဦး ကျဆုံးခဲ့တယ် ဆိုတာကိုတော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုပေမယ့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ် ဆိုတာကိုတော့ ငြင်းဆိုခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်နီးပါး ကြာမြင့်လာတာနဲ့အမျှ စစ်ဘေးဒုက္ခသည် ဦးရေဟာလည်း တဖြည်းဖြည်း တိုးလာတာ အခုဆိုရင် ခုနှစ်သောင်းကျော် ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။