စစ်ရှောင်တွေအရေး ထည့်သွင်းမဖော်ပြတဲ့ သမ္မတရဲ့ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာ

ဝေမာထွန်း
2019.12.15
rakhine-refugees-622.jpg ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉ ဧပြီလက တွေ့ရစဉ်
Photo: Min Thein Aung/RFA

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးကို ကြိုးပမ်းနေသလို ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေးဇုန်တွေနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်နေတယ်လို့ ဒီနေ့ ကျရောက်တဲ့ ရခိုင်ပြည် နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီသဝဏ်လွှာမှာ ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေတယ်လို့ ပြောထားပေမယ့် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေရပ်စဲရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က အကောင်အထည်ဖော် ဆောင်ရွက်ချက်တွေကို အကျယ်တဝင့် ပြောထားတာမရှိပါဘူး။

ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုတွေကိုသာ အဓိကထား ပြောထားပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကညင်ချောင်း စီးပွားရေးဇုန်စီမံကိန်း၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလို့ ပြောလို့ရလောက်အောင် ဒေသခံတွေအတွက် ထိရောက်တဲ့ အစီအမံနဲ့ ဆောင်ရွက်ထားတာ မရှိဘူးလို့ ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းက ဦးထွန်းကြည်က ပြောပါတယ်။ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းက ဦးထွန်းကြည်

“ကျောက်ဖြူ အထူးစီးပွားရေးဇုန်လိုဟာမျိုးတွေက ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေ မဟုတ်ပါဘူး။ အစိုးရ ဖွံ့ဖြိုးရေးပဲဖြစ်တယ်။ ဒေသခံတွေ ဖွံ့ဖြိုးလာလောက်အောင်လည်း ဘာမှအစီအမံတွေ ရှိမနေဘူး။ နောက်တစ်ခုက ဒါလည်းလက်ရှိအချိန်မှာ စတင် အကောင်အထည်ဖော်နိုင်တဲ့ အဆင့်လည်း မရှိသေးဘူး။ ရခိုင်ပြည် မှာ ပကတိအခြေအနေ ဒီနေ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတာ လူတွေ အများကြီး အသက်ခံနေရတယ်။ ဗုံးတွေကြဲနေတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီလောက်ပဲ ကျနော်တို့က တွေ့နေရတယ်။ ရခိုင်တွေ ပြည်ပထွက်ပြီး လုပ်နေတာ ရခိုင်ပြည်နယ်မှာ အခြေချပြီးလုပ်နိုင် မယ့် အလုပ်အကိုင်အခွင့်အလမ်း မရှိလို့ပါ”

ဦးထွန်းကြည်တို့အသင်းဟာ ကျောက်ဖြူ အထူးစီပွားရေးဇုန် တည်ဆောက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို လေ့လာပြီး အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့အဖွဲ့ပါ။

သမ္မတရဲ့ ဒီနေ့ သဝဏ်လွှာထဲမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၆ မြို့နယ်ကို နိုင်ငံတော်ဓာတ်အားစနစ်ကနေ လျှပ်စစ်ပေးနိုင်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိနေတဲ့ မာန်အောင်မြို့နယ်မှာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆိုလာ၊ ဒီဇယ်နဲ့ စွမ်းအင်သိုလှောင်မှုစနစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည် ဖော်နေပြီလို့ ပြောထားပါတယ်။

အဲဒီစီမံကိန်း ပထမအပိုင်းကနေ ဒီလထဲ မြို့ပေါ် ရပ်ကွက် ငါးခုနဲ့ ကျေးရွာ သုံးရွာကို မီးပေးနိုင်တော့မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်၊ မြေပုံ-မင်းပြား လမ်းမပေါ်နဲ့ မင်းဘူး-အမ်း- စစ်တွေ လမ်းမပေါ်တွေမှာ တံတားတွေ တည်ဆောက်တာနဲ့ အဆင့်မြှင့်တင်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါတွေဟာ အစိုးရက ဝန်ဆောင်မှုပေးရမယ့် အခြေခံကိစ္စရပ်တွေဖြစ်တယ်လို့ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။ လက်တွေ့မြေပြင်မှာတော့ ဒီလိုဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ လိုအပ်ချက်တွေ ရှိတယ်ဆိုတာကို ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တင်ပြတာတောင် မရရှိခဲ့တဲ့ အခြေအနေရှိတယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တေ်ာ ကိုယ်စားလှယ် ဒေါ်ထုမေ က ပြောပါတယ်။ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ

“တကယ်တမ်းလက်တွေ့ ကျမရဲ့ မဲဆန္ဒနယ်ကို အခြေခံပြီးပြော မယ်ဆိုရင် ကျောက်နီမော် လမ်းတပိုင်း ၂၅ မိုင်ကျော်ရှိတဲ့အထဲမှာ အဲဒီကျောက်နီမော်လမ်းပိုင်းက တစ်နှစ်ကို တစ်မိုင်နှုန်းတောင်မှ ကတ္တရာ ဒါမှမဟုတ် ကွန်ကရစ် မခင်းနိုင်ဘူး။ ဒီ ၂၅ မိုင်လမ်း တစ်လမ်းကိုတောင်မှ လွှတ်တော်မှာ မေးခွန်းမေးတဲ့အခါ လမ်းခင်း ဖို့ ၂၅ နှစ်စောင့်ရမလိုဖြစ်တယ်။ ဒီတော့ ကျမမြို့နယ်ထဲမှာ ဖွံ့ဖြိုး တိုးတက်မှုအတွက် လမ်းတစ်လမ်းတောင်းတာတောင် ၂၅ နှစ်ကြာ ဦးမှာဖြစ်ပါတယ်”

ဒေါ်ထုမေဟာ အမ်းနဲ့ ရမ်းဗြဲမြို့တွေကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါ။

လက်ရှိမှာတော့ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရ တပ်မတော်တို့ရဲ့ တစ်နှစ်ကြာ တိုက်ပွဲတွေကြောင့် စစ်ရှောင်တစ်သိန်းနီးပါး ရှိနေပါပြီ။

ဒီဒုက္ခသည်တွေအပေါ် အစိုးရက ဥပက္ခာပြုလွန်းတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း

“စစ်ပွဲတွေဖြစ်တာနဲ့အတူ အခုဒုက္ခသည် သိန်းချီရှိနေပြီ။ ဒီမှာ လည်း အစိုးရက ဥပက္ခာပြုလွန်းတယ်လို့ ကျနော်တို့မြင်တယ်။ အကူအညီ အထောက်ပံ့မပေးဘူး။ NGO တွေ CSO တွေ အလှူ ရှင်တွေ သူ့ဘာသူ ထောက်ပံ့ဖို့ကြိုးစားတာတောင် ခွင့်မပြုတာတွေ လည်းရှိတယ်။ ဒါဟာမဖြစ်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။ စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ ပြည်သူတွေကို ကုစားပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်”

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဟာ ရခိုင်ပြည်နယ်ပါ။ ဖွံ့ဖြိုးမှုမရှိတဲ့ ဒီလိုပြည်နယ်တွေအတွက် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်စေဖို့ ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေထံ အာဏာခွဲဝေမှု အပြည့်အဝပေးဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

ဖွံ့ဖြိုးမှု နည်းပါးပြီး နယ်မြေတည်ငြိမ်မှုမရှိလို့ လူဦးရေတစ်သိန်းနီးပါး စစ်ရှောင်ဘ၀ ရောက်နေတဲ့ ရခိုင်ပြည်နယ်အတွက် ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စဟာ တည်ငြိမ်အေးချမ်းမှု ရှိဖို့ဖြစ်ပြီး အဲဒီကိစ္စကို အစိုးရအနေနဲ့ ထိထိရောက်ရောက်နဲ့ အရင်ဆုံး အကောင်အထည်ဖော်သင့်တယ်လို့လည်း ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။