ရခိုင်စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲရှိနေ
2020.01.06

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တစ်နှစ်ကျော်ရှိလာပြီဖြစ်တဲ့ တိုက်ပွဲ တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး စားနပ်ရိက္ခာ အတွက် ပြင်ပအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကို အားကိုးနေရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့ က စားနပ်ရိက္ခာ အကူအညီပေးနေတာဖြစ်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အဲဒီလိုအကူအညီပေးဆောင်ရွက်ရာမှာ အစိုးရနဲ့ ပူးပေါင်းပြီး အစိုးရဆီက ရရှိတဲ့ သတင်းအချက်အလက်တွေအရ သွားရောက်ကူညီဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
ICRC အနေနဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည် ငါးသောင်းကျော်ကို ထောက်ပံ့ပေးထားကြောင်း ICRC ရဲ့ သတင်းမီဒီယာ ပြန်ကြားရေး ကိုကျော်ခိုင်မင်းက ပြောပါတယ်။
“၂၀၁၈ ခုနှစ် ဒီဇင်ဘာ လထဲကဆိုရင် ICRC နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦးနဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ နေရာပေါင်း ၁၀၀ ကျော်က နေရပ်စွန့်ခွာသူတွေနဲ့ ဒေသခံနေထိုင်တဲ့သူတွေဆီကို သွားပါတယ်။ နောက်တစ်ခုက စားစရာ၊ ဆေးဝါးအထောက်အကူနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းနဲ့အတူ သန့်ရှင်းတဲ့သောက်သုံးရေ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက်ပါ ဖြေရှင်းရေးနည်းလမ်းတွေကို ပံ့ပိုးထောက်ပံ့ပေးပါတယ်။ စုစုပေါင်းဆိုရင် လူဦးရေ ငါးသောင်းဆီကို ပံ့ပိုးကူညီပြီးပြီ”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။
အစိုးရကောက်ယူရရှိထားတဲ့စာရင်းအရ ဒုက္ခသည် လေးသောင်းကျော်သာရှိနေပြီး အရပ်ဖက်အဖွဲ့ စာရင်းနဲ့ ထက်ဝက်ကွာဟမှုရှိနေတာဖြစ်ပါတယ်။
အစိုးရက ရရှိထားတဲ့အချက်အလက်တွေအရ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ရတာဖြစ်တဲ့အတွက် စားနပ်ရိက္ခာအကူအညီတွေဟာ ဒုက္ခသည်တွေအားလုံးဆီကို မရောက်ရှိဘူးလို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“မရှိဘူးလို့ပဲ ပြောရမှာပေါ့။ အစိုးရက သူတို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်တဲ့ စခန်းတွေကိုပဲ စာရင်းကောက်ဝေငှတာမျိုးတွေ လုပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အစိုးရရဲ့ အချက်အလက်တွေကို အဓိက ကိုးကားရတယ်၊ တစ်ခြားနေရာတွေမှာ စစ်ဘေးဒုက္ခသည်တွေ ရှိနေရင် သူတို့သွားကူညီမယ်ဆိုရင်လည်း ခွင့်ပြုချက်တင်ရတယ်။ ခွင့်ပြုချက် ကျရင်တောင် ပြည်နယ်လုံခြုံရေးကို အကြောင်းပြပြီး တားမြစ်ခံရတာတွေရှိပါတယ်”
ဒုက္ခသည်တွေ ရိက္ခာလိုအပ်ချက်ရှိနေတယ်ဆိုပြီး ကူညီချင်တိုင်း ကူညီလို့မရဘူးလို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။
စားနပ်ရိက္ခာကူညီထောက်ပံ့ဖို့သွားရင် ကုန်းလမ်းခရီးရော ရေလမ်းခရီးတွေမှာ တားမြစ်ခံရတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ကူညီချင်တယ်ဆိုရင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်ရတာ ဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လာရောက်မယ်ဆိုရင် ဘယ်အဖွဲ့မဆို သွားလာခွင့်ပြုတယ်လို့ RFA ကို ပြောပါတယ်။
“ဒေသအာဏာပိုင်တွေ ပြည်နယ်အစိုးရကခွင့်ပြုတယ် ပြည်ထောင်စုအစိုးရက ခွင့်ပြုတယ်ဆိုရင် ကျွန်တော်တို့က ဘာမှ ခွင့်မပြုစရာမရှိဘူး”
ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးတွေက အစိုးရထံတင်ပြ ရတာဖြစ်ပြီး တင်ပြလာတဲ့စာရင်းတွေအရ အစိုးရက ဆန်ရိက္ခာနဲ့ တစ်ရက်ကို ဒုက္ခသည်တစ်ဦးအတွက် ငွေကျပ် ၅၀၀ နှုန်း ကူညီထောက်ပံ့ပေးနေပါတယ်။
တိုက်ပွဲဖြစ်ပွားလို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်တာတွေ ရှိသလို နီးစပ်ရာ ရွာတွေမှာ ပြန့်ကျဲနေတာမျိုးတွေရှိတဲ့အတွက် အစိုးရက စာရင်းအချက်အလက် အတိအကျ မရတာမျိုးတွေဖြစ်နေပါတယ်။
ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ကူညီထောက်ပံ့နိုင်ဖို့အတွက် သက်ဆိုင်ရာကို အကြောင်းကြားဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
“အုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းရရင် ကျွန်တော်တို့ဆီ တင်ပေးတယ်၊ ကျွန်တော်တို့က နေပြည်တော်ကို တင်ပေးပြီး ပံ့ပိုးနေတာရှိတယ်၊ အဓိက ဆက်သွယ်ဖို့ပဲ အရေးကြီးတယ်”
မြေပုံမြို့နယ် ကမ်းထောင်းကြီးဒုက္ခသည်စခန်းမှာ လူဦးရေ ၇၀၀ ကျော်ရှိနေပြီး နေ့စဉ် ဆန် ၁၀ အိတ်နဲ့ ဟင်းစားနဲ့အခြားအသုံးစရိတ် ခြောက်သိန်းကျော် အသုံးပြုနေရပါတယ်။
အစိုးရရဲ့ ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိဘဲ ICRC နဲ့ WFP က စားနပ်ရိက္ခာ ထောက်ပံ့တာရှိတယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေအတွက် ဆန်ရိက္ခာတစ်မျိုးထဲကို ထောက်ပံ့ပေးလို့ မလုံလောက်ဘူးလို့ ကမ်းထောင်းကြီး ဒုက္ခသည်စခန်း တာဝန်ခံ ဦးသိန်းဝင်းက ပြောပါတယ်။
“ဆန်ကတော့ရတယ် တစ်လ၊ နှစ်လ၊ သုံးလ ကျွေးလို့ရတယ်၊ ငါးတွေဟင်းတွေ၊ ဆီဆားတွေကတော့ နေ့တိုင်းကုန်နေတဲ့အတွက် ကုန်ကျစရိတ်ရှိတယ်။ ရှိတဲ့ငွေလေးနဲ့ ဝယ်စားနေရတယ်။ ငါးခြောက်တွေဘာတွေ လာလှူတာရှိတယ်၊ အဲဒါနဲ့ ခုခံပြီးကျွေးနေရတယ်။ စားနပ်ရိက္ခာက ဆီတွေပြတ်နေတယ်၊ ငါးတွေဘာတွေ ဝယ်ဖို့ ငွေလိုနေတယ်”
ဒုက္ခသည်တွေထဲမှာ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင် စတဲ့သူတွေပါဝင်ပြီး သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေအတွက် ငွေကြေးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူတွေဟာ နီးစပ်ရာ ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို နေထိုင်စားသောက်နေကြရတာကြောင့် သူတို့တွေ နေထိုင်ဖို့အတွက်လည်း အဆောက်အဦး လိုအပ်ချက်တွေ ရှိနေပါသေးတယ်။