ရခိုင်ပြည်နယ်အခြေအနေ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာရေး


2019.01.09
rakhine-fence-622.jpg နယ်စပ်ခြံစည်းရိုးအနီးမှာ ကင်းစောင့်နေတဲ့ နယ်ခြားစောင့်ရဲတစ်ဦးကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဒီအခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ ကုလသမဂ္ဂ အပါအဝင် မြန်မာ့အရေး သုံးသပ်သူတချို့က တိုက်တွန်းခဲ့ကြတာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

~~~~~~~~~~

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းမှာ လွတ်လပ်ရေးနေ့က နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခု တိုက်ခိုက် ခံရမှုကို အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ယာယီဌာနေ ကိုယ်စားလှယ်လည်းဖြစ်၊ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးလည်းဖြစ်တဲ့ Knut Ostby က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ဒီကြေညာချက်နဲ့ပတ်သက်ပြီး နယူးယောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က အခုလို ပြောပြခဲ့တာပါ။

“ဇန်နဝါရီလ ၄ ရက်နေ့က တိုက်ခိုက်မှုသတင်းတွေအပေါ် Mr. Ostby တုန်လှုပ်မိကြောင်းနဲ့ အသက်ဆုံးရှုံးမှု တွေအပေါ် စိတ်မကောင်းတဲ့အကြောင်း၊ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်တွေအတွက်လည်း အလေးအနက် စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။ အရပ်သားတွေအားလုံးကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေး ဥပဒေတွေနဲ့အညီ တာဝန်ယူကြဖို့လည်း လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး တာဝန်ခံက ပြောကြားပါတယ်။”

မြန်မာအစိုးရကတော့ - ဘူးသီးတောင်မြို့နယ်တွင်းမှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရမှု အတွင်း ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မှာ မကြာသေးခင်လပိုင်းကစလို့ မြန်မာအစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA အကြား စစ်ရေတင်းမာမှုတွေ ကြီးထွားလာနေတာပါ။ ဒီတိုက်ပွဲတွေကြောင့် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ဒေသခံအရပ်သား ၄,၅၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ် အနောက်ပိုင်းက အခြေအနေတွေကို အထူး စိုးရိမ်မိကြောင်းနဲ့ အမြန်ဆုံး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ကိုလည်း Mr. Ostby က တိုက်တွန်းခဲ့တယ်လို့ - Stephane Dujarric က ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်က လက်ရှိ အခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် အားလုံးက ကြိုးပမ်း ဆောင်ရွက်ကြဖို့နဲ့ ဒီလို အကြမ်းဖက်ပဋိပက္ခဒဏ်ကို ခံစားရတဲ့ သူတွေအားလုံးအနေနဲ့လည်း လူသားချင်း စာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ကိုလည်း Mr. Ostby က တိုက်တွန်းပါတယ်။”

မြန်မာ့အရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း - ရခိုင်ပြည်နယ်အခြေအနေဟာ နိုင်ငံရေးအရ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော့်အမြင်ကတော့ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့တဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက် ရဲ့ တနိုင်ငံလုံး မလွှမ်းခြုံနိုင်မှုကလည်းပဲ အကြောင်းအရင်းတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီး တာကတော့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရပ်ကို ဖော်ဆောင်နိုင်ဖို့ဆိုရင် တနိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးက ပိုပြီးတော့ အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ တဘက်နဲ့တဘက် ယုံကြည်မှု ပျက်စေနိုင်တဲ့ အသုံးအနှုန်းတွေကို သတိထားဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာ ရန်မျိုးသိမ်းက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

“AA နဲ့ ပတ်သက်တဲ့ ထောက်ပြမှုတွေ စွပ်စွဲချက်တွေ ပြောဆိုချက်တွေကို ထုတ်ဖော်ပြောကြားတဲ့နေရာမှာ အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာနဲ့ ရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘဲနဲ့ ပြောဆိုထုတ်ပြန်တာမျိုးလုပ်တာဟာ လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အဖုအထစ် ဖြစ်စေ နိုင်တယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်ကိုလည်း ကြီးကြီးမားမား ထိခိုက်သွားနိုင်တာကို စိုးရိမ်မိပါတယ်။”

ပြီးခဲ့တဲ့တနင်္လာနေ့ကတော့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် တာဝန်ရှိသူတွေ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေး အပါအဝင် ပြည်တွင်း လုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

(နန္ဒာချမ်း)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။