အွန်လိုင်းမသုံးဘဲ သင်ဘယ်နှစ်ရက် နေနိုင်သလဲ

သန့်ဇင်ဦး
2019.12.30

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် လေးခုဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို အစိုးရက လုံခြုံရေးအကြောင်းပြပြီး အင်တာနက် ပိတ်ထားတာ  ခုနှစ်လ ရှိပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် (၉) မြို့နယ်ရဲ့ အင်တာနက်ဆက်သွယ်မှုကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်ကစပြီး အစိုးရက ဖြတ်တောက်ခဲ့တာဖြစ်ပြီး တချို့မြို့နယ်တွေကို ပြန်ဖွင့်ပေးခဲ့ပေမယ့် မြို့နယ်လေးခုကတော့ ဒီနေ့အထိ ပိတ်ခံထားရပါတယ်။

ရန်ကုန်လိုမြို့ကြီးက လူတွေ စမတ်ဖုန်း တစ်လုံးရှိရုံနဲ့ နိုင်ငံအနှံ့အပြား နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းတွေကို အချိန်မရွေးသိနိုင်ကြပေမယ့်၊ ရခိုင်မြောက်ပိုင်း အဲဒီလေးမြို့နယ်က လူတွေမှာတော့ ဖုန်းရှိပေမယ့် အင်တာနက် မရလို့ မသိနိုင်ကြပါဘူး။

လူ တစ်သန်းနီးပါးလောက်ဟာ အချိန်ကာလအားဖြင့် ရက်ပေါင်း ၂၁၀ ကျော်၊ နာရီအား ဖြင့်ဆိုရင်  နာရီပေါင်း ၅၀၀၀ ကျော်ကြာမြင့်တဲ့ အထိ အင်တာနက်သုံးစွဲခွင့် ဆုံးရှုံးနေကြရပါတယ်။

ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံလည်းပဲ အင်တာနက်ဖြတ်တောက်မှု အဆိုးရွားဆုံး နိုင်ငံအဖြစ် အမေရိကန်အခြေစိုက် ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားဖော်ပြပါတယ်။ ကက်ရှ်မီးယားဒေသ အင်တာနက်ပိတ်ခံရတာ လေးလခန့် ရှိပါတယ်။ ဒါကြောင့် မြန်မာက ရခိုင်ကိုပိတ်ထားတာ သုံးလ တောင်ပိုနေပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ အချိန်နဲ့တပြေးညီ မဖြစ်နိုင်ဘူး

“အင်တာနက်တွေ ကျနော်တို့ လေးမြို့နယ်မှာဖြတ်ထားတော့ တော်တော်ကိုအခက်ကြုံတွေ့ရပါတယ်၊ ဘာလို့လဲဆိုတော့ အဝေးရောက်နေတဲ့ နိုင်ငံခြားမှာရှိတဲ့ ညီအကို မောင်နှမတွေ နဲ့ အဆက်အသွယ်မရဘူး၊ ပြီးရင် စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ အချိန်နဲ့တပြေးညီ မဖြစ်နိုင်ဘူး”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရကတော့ အင်တာနက် ဖြတ်တောက်ရတာက နိုင်ငံတော် လုံခြုံရေးလို့ အကြောင်းပြပါတယ်။ ခေတ်လူငယ်တစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့သူ မမေသော်ကတော့ အင်တာနက် သုံးစွဲခွင့် ရခိုင်မှာဆုံးရှုံးနေရတာကို ကိုယ်ချင်းစာ တယ်လို့ပြောပါတယ်။ သူတို့ကိုယ်တိုင်လည်း အင်တာနက် မသုံးရရင် မနေနိုင်ဘူးလို့ဆိုပါတယ်။

"တစ်နေ့ကို တစ်ခါနှစ်ခါတော့ နေမကောင်းတဲ့ကြားထဲကတောင် ဝင်ကြည့်မိတယ်၊ မကြည့်တဲ့နေ့ မရှိဘူး။"

ရခိုင်ပြည်နယ်က မြောက်ဦးနဲ့ ကျောက်တော်မှာ အင်တာနက် ကွက်ကျားမိုးရွာသလို ရတဲ့နေရာတချို့တော့ ရှိပါတယ်၊ ဒါကတော့ အစိုးရရုံးနဲ့ NGO တွေ အလုပ်လုပ်တဲ့ နေရာဖြစ်ပြီး၊ တချို့ တောင်ကုန်းပေါ်တွေမှာလည်း အင်တာနက် မိတာမျိုးတွေ ရှိတတ်ပါတယ်။

ဒါပေမဲ့ အင်တာနက်နဲ့ အလုပ်လုပ်ရတဲ့ ဘဏ်လုပ်ငန်းတွေ၊ ငွေလွဲတဲ့ wave money ဝန်ဆောင်မှုလုပ်ငန်းတွေဆို လုံးဝ အသုံးပြုလို့မရတော့တာပါ။

ရခိုင်မြောက်ပိုင်းမြို့နယ် တချို့ အင်တာနက်ပိတ်ခံရတာကို တချို့သိကြပေမယ့်၊ မသိသူလည်းရှိပါတယ်။ သာကေတသူ မမာကလည်း RFA က မေးမြန်းတဲ့အခါမှသာ ဒီကိစ္စကိုသိရတယ်လို့ ဖြေပါတယ်။

"အဲဒါတော့လုံးဝမသိဘူး၊ တကယ်လို့ အပိတ်ခံထားရတယ်ဆိုရင် တကယ်စိတ်မကောင်းဖြစ်ရပါတယ်၊ အင်တာနက်မရှိတဲ့အတွက် သူတို့ကလည်း အမှောင်ချခံထားရသလိုဖြစ်နေတာပေါ့နော်။"

အစိုးရကတော့ လုံခြုံရေးကို အကြောင်းပြပြီး အင်တာနက်ကို ပိတ်ပေမယ့် မြေပြင်မှာတော့ ရခိုင့်တပ်တော် AA က စစ်ဗျူဟာကုန်းတွေ တပ်ရင်းတွေကို ဝင်တိုက်တာ၊ ကြားဖြတ်တိုက်တာတွေက လျော့ကျသွားခြင်း မရှိပါဘူး။ အပတ်တိုင်းလိုလို တိုက်ပွဲရှိပါတယ်။ အင်တာနက်ပိတ်လို့ ထိခိုက်တာကတော့ သတင်းစီးဆင်းမှု နှေးကွေးသွားတာပါ။

"အင်တာနက်ရှိရင် တချို့အမှုအခင်းလေးတွေဆိုရင် တစ်ရက်အတွင်း သိရတယ်၊ တစ်ခါတလေ တစ်လလောက်မှသိရတဲ့ဟာတွေကို အခုစက္ကန့်ပိုင်းအတွင်း သိရတယ်၊ ဆိုတော့ အင်တာနက်ကတော့ အများကြီးအကျိုးပြုတာပေါ့။"

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီကတော့ အင်တာနက် ဖြတ်တောက်တာဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တယ်လို့ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။ ဒါကြောင့် အင်တာနက် ပြန်ဖွင့်ပေးဖို့လည်း အစိုးရကို တိုက်တွန်းထားပါတယ်။

ဒါပေမယ့် ဒီကနေ့အချိန်အထိ အစိုးရဘက်က ရခိုင်မြောက်ပိုင်းကို အင်တာနက်ပြန်ဖွင့်ပေးဖို့ ရှိ၊ မရှိ ဆိုတာ မသိရသေးပါဘူး။ RFA က ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။

အင်တာနက်ဖြတ်တောက်မှုကို အဆုံးသတ်ပေးဖို့ ရန်ကုန်မြို့လည်မှာ ဆန္ဒပြကြတဲ့အထိလည်း ဖြစ်လာခဲ့ပါတယ်။ ထင်ရှားတဲ့ ရခိုင်လွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးဦးလှစော၊ ဒေါ်ထုမေတို့ လည်း အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

"အစိုးရက လူအုပ်စုတစ်စုကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတာပဲဖြစ်ဖြစ် တခြားသော ပြစ်မှုကျုးလွန်တာတွေ လုပ်နေရင်ပဲဖြစ်ဖြစ် အခြားသော လူအုပ်စုတွေကိုလည်း အလားတူချိုးဖောက်မှုတွေ လုပ်လာနိုင်တဲ့ အလားအလာတွေရှိတယ်။"

အင်တာနက် ဖြတ်တောက်တာက လုံခြုံရေး အကြောင်းပြချက်ထက်၊ စစ်မက်ဖြစ်ပွားရာ ဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုဆိုးစေမယ်လို့လည်း သုံးသပ်ကြပါတယ်။

ရခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ခိုက်နေကြတာ အခုဆိုရင် တစ်နှစ်နီးပါး ရှိလာပြီးတော့၊ လူဦးရေ တစ်သိန်း ဝန်းကျင် စစ်ဘေးရှောင်စခန်း ဒါမှမဟုတ် ဆွေမျိုးနီးစပ်ရာတွေမှာ ခိုလှုံနေကြရပါပြီ။ တပ်မတော် စစ်ကြောရေး ဒါမှမဟုတ် တိုက်ပွဲဖြစ်ပွားရာဒေသမှာ ပစ်ခတ်ခံရလို့ သေဆုံးသူ အရေအတွက်ဟာ ၁၂၀ ဝန်းကျင်ရှိ လာပြီးတော့၊ ဖမ်းဆီးတရားစွဲဆိုခံရတာ လူဦးရေ  ၅၀၀ ကျော် ရှိလာပြီလို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။