တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ အင်တာနက်ပြန်ရဖို့ ရခိုင်ပြည်သူတွေ လိုလား
2020.04.18
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပျံ့နှံမှု အရှိန်အဟုန် ကောင်းနေတာ ကြောင့် ဒီကာလမှာ နှစ်ဘက်တိုက်ပွဲတွေ ရပ်တန့်ပေးဖို့နဲ့ သတင်းအချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အင်တာနက်ပြန်ရဖို့ ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေက လိုလားနေကြပါတယ်။
မြန်မာအပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်းခွဲကျော်နေပါပြီ။ ဒီကပ်ရောဂါ ကြောင့် စိုးရိမ်ထိတ်လန့်နေရချိန်မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် တိုက်ပွဲတွေ၊ လက်နက်ကြီးကျည်တွေကို ပိုကြောက်နေကြတယ်လို့ အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
စစ်ပွဲဖြစ်တဲ့နေရာက လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ထက် တိုက်ပွဲဖြစ်မှာကို ပိုစိုးရိမ်နေကြတယ်လို့ REC လို့ခေါ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“ရခိုင်မှာက တိုက်ပွဲနဲ့ပတ်သက်တဲ့ စိုးရိမ်မှုက ကိုဗစ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတဲ့ပိုများတယ်၊ အထူးသဖြင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ တပ်မတော်ကနေပြီးတော့ ရှင်းလင်းမှုတွေ လုပ်တဲ့အခါမှာလည်းပဲ သေကြေမှုလည်း များတဲ့အခါကြတော့ လူတွေက စစ်တပ်က ရှင်းလင်းတာနဲ့ပတ်သက်ပြီး စိုးရိမ်တာက ပိုများတာကို ကျနော်တို့ တွေ့ရတယ်၊ လူတွေက ပြည်မမှာဖြစ်နေတာ၊ နိုင်ငံတကာမှာ ဖြစ်နေတာကို မသိတဲ့အခါကျတော့ ကိုဗစ်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ် လျော့ပါးစေတာပေါ့”
REC အဖွဲ့ဟာ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေ အပါအဝင် နေရာအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ၊ အသုံးဆောင်ပစ္စည်း လှူဒါန်းတာတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ပါ။
လက်ရှိရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AAနဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ နေ့စဉ်ဆိုသလို ရှိနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာလည်း နေ့စဉ်မြင့်တက်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နေချိန်မှာ နှစ်ဘက်တိုက်ပွဲတွေ ရပ်တန့်စေချင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
“တိုက်ပွဲတွေဖြစ်တဲ့အခါမှာ စစ်ဘေးရှောင်တွေကလည်း တစ်သိန်းခြောက်သောင်းလောက် အစုလိုက် အပြုံလိုက် စစ်ဘေးရှောင်စခန်းမှာ နေနေရတဲ့အချိန်မှာ ကိုဗစ်ကာကွယ်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး၊ တိုက်ပွဲ တွေကလည်း ဆက်တိုက်ဖြစ်နေတယ်၊လက်နက်ကြီးကျည် ကျတယ်၊ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်၊ ဒီလို့အချိန်အခါမျိုးမှာတော့ အကြမ်းဖက်အဖွဲ့ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ တိုက်ပွဲတွေကို ကိုဗစ်ကာလပေါ့၊ နှစ်လဖြစ်ဖြစ် သုံးလဖြစ်ဖြစ် အပစ်အခတ် ရပ်ထားသင့်တယ်လို့ထင်တယ်”
မတ် ၂၃ ရက်နေ့ကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တစ်ကမ္ဘာလုံး မှာ အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ အပစ်ရပ်အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကလည်း ဧပြီလ ၁၂ရက်စွဲနဲ့ တိုက်တွန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ များတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လူတွေကို အပြင်မထွက်ကြဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ ၊ တစ်ဦးနဲ့တစ်ဦး သုံးပေကနေ ခြောက်ပေ အကွာမှာနေဖို့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကနေ သတိပေးနေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက ပြည်သူတွေ ဒီသတိပေးချက် တွေ သိရှိနိုင်ရေးဟာ တိုက်ပွဲရှောင်နေရခြင်း၊ အင်တာနက် အသုံးပြုမှု ဖြတ်တောက်ခံထားရခြင်းတို့ကြောင့် အဟန့်အတား ဖြစ်နေပါတယ်။ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေနဲ့ ပလက်ဝမြို့နယ်တွေမှာ အစိုးရက အင်တာနက်ပိတ်ထားတာ ကိုးလကျော်လာပါပြီ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင် လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး အသိပညာ ပေးတာတွေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ဆွေးနွေးနေပါတယ်။
ဒါကြောင့် မြန်မာပြည်တွင်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အခြေအနေတွေကို သိနိုင်ဖို့ အင်တာနက် အသုံးပြုခွင့် ရရေးဟာ ရခိုင်ပြည်သူတွေအတွက် အရေးကြီးတဲ့အချိန် ဖြစ်နေပြီလို့ အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြနေကြတာပါ။
ဒီအချိန်မှာ အင်တာနက်ကို မဖြစ်မနေဖွင့်ပေးဖို့ လိုအပ်နေတယ်လို့ ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်တွန်းထားပါတယ်။
“အင်တာနက် ဖြတ်တောက်ထားတဲ့အတွက်ကြောင့်မလို ကိုဗစ်- နိုင်တီးန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပြည်သူတွေ လုံးဝမရရှိနိုင်တာလည်း ဖြစ်နိုင်သလို ကမ္ဘာက ကြောက်နေရတဲ့ရောဂါကြီးကို ကမ္ဘာမှာ ဖြစ်နေမှန်းကို မသိတဲ့လူတွေ အများကြီးရှိနိုင်မှာပါ၊ ဒါကြောင့်မိုလိုနေပြီးတော့ အထူးသဖြင့် ကိုဗစ်- နိုင်တီးန် ရင်ဆိုင်နေရတဲ့အချိန်မှာ အင်တာနက်ကိုမဖြစ်မနေ ဖွင့်ပေးဖို့ အစိုးရကို အထူးတလည် ပန်ကြားလိုပါတယ်၊ တိုက်တွန်းလိုပါတယ်၊ တောင်းဆိုလိုပါတယ်”
ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာနက အသိပညာပေးတာတွေ မလုပ်နိုင်တာကြောင့် ပြည်သူတွေ ဆောင်ရန်ရှောင်ရန်တွေ သိဖို့ဆိုရင် အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးမှရမယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုဒုက္ခသည်စခန်း တာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။
“သူတို့အနေနဲ့ လုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေး အသိပညာပေးတာတွေ မလုပ်နိုင်ဘူးဆိုရင် အဓိကလိုအပ်တာက အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့ လိုအပ်တာပေါ့၊ အင်တာနက် ပြန်ဖွင့်လိုက်ရင် ကျနော်တို့ ဒီရောဂါရဲ့ ဆိုးဝါးတဲ့အခြေအနေတွေကို လူတိုင်းလိုလို သိနိုင်တာပေါ့”
ရခိုင်ပြည်နယ်မှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာ မတွေ့ရသေးပေမယ့် ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ပြန်လာသူတွေရှိတာကြောင့် ရောဂါပိုး တွေ့ရှိခဲ့မယ်ဆိုရင် ထိန်းသိမ်းရခက်ခဲမယ့် အခြေအနေဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
ဒီအချိန်မှာ အစိုးရအနေနဲ့ တပ်မတော်နဲ့ AAအဖွဲ့ ကို တိုက်ပွဲတွေရပ်ရေး တိုက်တွန်းဖို့ လိုအပ်နေပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးလုပ်ငန်းတွေ လုပ်သင့်တယ်လို့ လေ့လာသူတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဧပြီ ၁ဝ ရက်နေ့ ကြေညာချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို ရခိုင်ပြည်နယ်က အသိုက်အဝန်းများ အားလုံးအတွက် ဆောင်ရွက်ပေးနေပြီး မိုဘိုင်းဖုန်း ကုမ္ပဏီများနဲ့ ပူးပေါင်းကာ ကူးစက်ရောဂါ ကာကွယ်ရေး သတင်းအချက်အလက်တွေကို စာသား သတင်းတိုများ ပေးပို့နေတဲ့အပြင် ရပ်ကွက်အတွင်းမှာလည်း လိုက်လံကြေညာနေတယ်လို့ ပြောထားပါတယ်။
AA လက်နက်ကိုင်အဖွဲ့က နိုင်ငံရေး၊ စစ်ရေးအကျိုး အမြတ်အတွက် အင်တာနက်ကို အလွဲသုံးစားပြုတာကို တားဆီးဖို့အတွက် အင်တာနက် ယာယီရပ်ဆိုင်းထားတာလို့ အစိုးရက စွပ်စွဲ ပြောဆိုထားပါတယ်။