ရခိုင်ပြည်နယ်အစိုးရနဲ့ နာမည်ပျက်စာရင်းသွင်းခံရတဲ့ကုမ္ပဏီ


2018.11.29
rakhine-government-office-622.jpg ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မမှန်မကန်တိုင်ကြားမှု ၊ လုပ်ငန်းတွေမပြီးပြတ်မှု… စတဲ့ အကြောင်းပြချက်တွေနဲ့ ဒေသတွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ပြည်နယ်အစိုးရက နာမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။

အစိုးရရဲ့ အခုလုပ်ရပ်ဟာ ပုဂ္ဂိုလ်ရေးဆန်လွန်းတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။

~~~~~~~~~~

ရခိုင်ပြည်နယ်အစိုးရနဲ့ နာမည်ပျက်စာရင်းသွင်းခံရတဲ့ကုမ္ပဏီ

(မင်းသိန်းအောင်)

■ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြောက်ဦးအခြေစိုက် ဝတီရွှေမြေကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းတယ်ဆိုတဲ့ အကြောင်းကြားစာတစ်စောင်ဟာ မနေ့က ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပေါက်ကြားလာပါတယ်။

အဲဒီအကြောင်းကြားစာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့ ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌတွေထံကို နိုဝင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ ပေးပို့လိုက်တဲ့စာဖြစ်ပါတယ်။

ဝတီရွှေမြေကုမ္ပဏီရဲ့ ဒါရိုက်တာတွေဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မမှန်မကန် လုပ်ကြံတိုင်ကြားမှုတွေရှိနေတာ၊ အဲဒီကုမ္ပဏီက ဆောင်ရွက်တဲ့လုပ်ငန်းတွေ မပြီးပြတ်တာတွေကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့ကကျင်းပတဲ့ ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးကနေ အမည်ပျက်စာရင်းအဖြစ်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အဲဒီစာထဲမှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အခုလိုအမည်ပျက်စာရင်း သွင်းမယ့်အကြောင်း ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက တင်ပြခဲ့တာ လို့ပြောပါတယ်။


"အစည်းအဝေးထဲမှာဆိုပေမယ့် စာရွက်စာတမ်းတွေနဲ့ တင်တာတော့ မဟုတ်ဘူး။ အပြောနဲ့ ဒီကုမ္ပဏီကိုတော့ အမည်ပျက်စာရင်းသွင်းရမယ်ဆိုပြီးတော့ ပြောတာ။ အဲဒါကတော့ စီမံ၊ ဘဏ္ဍာဝန်ကြီးပေါ့နော်၊ သူက ဒီကုမ္ပဏီကိုတော့ အမည်ပျက်စာရင်း သွင်းရမယ်လို့ပြောတာကို ကျနော်ကြားလိုက်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ဘယ်လိုချခဲ့တယ်ဆိုတာကိုတော့ ကျနော်မပြောနိုင်သေးဘူး"

အမည်ပျက်စာရင်းသွင်းမယ့်ကိစ္စ တင်ပြခဲ့တဲ့ အကြောင်းရင်းတွေကိုသိရှိနိုင်ဖို့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခရီးလွန်နေတဲ့အတွက် သူ့အနေနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မပြောပြနိုင်သေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အမည်ပျက်စာရင်းသွင်းခံရတဲ့ ဝတီရွှေမြေကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးနှင်းထွန်းတိုး ကတော့ သူ့အနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တိုင်ကြားခဲ့တာလို့ပြောပါတယ်။


"သက်သေအထောက်အထား အစုံအလင်နဲ့တိုင်တယ်။ အဂတိကော်မရှင်ကလည်း တိုင်ကြားချက်အပေါ်မှာ ကျနော်တို့ကိုခေါ်ယူမေးမြန်းပြီးတော့ အသိသက်သေတွေလည်းယူသွားပြီးပြီ။ အဲဒီမှာ သေချာတဲ့အထောက် အထားတွေကိုလည်း ကျနော်တို့ပေးလိုက်တယ်။ ကျနော်တို့က လီဆယ်ပြီး တိုင်တာလည်းမဟုတ်ဘူး၊ မဟုတ်မမှန် တိုင်တာလည်းမဟုတ်ဘူး။ အစိုးရမှာတော့ စည်းမျဉ်းစည်းကမ်းတွေနဲ့မညီဘဲနဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် ကျနော်တို့ကိုလုပ်တာလို့မြင်တယ်။ ဒီထက်ဆိုးရွားတဲ့ကုမ္ပဏီတွေရှိတယ် အမည်ပျက်စာရင်းသွင်းတာ မကြား မိဘူး။ ဒီကိစ္စကတော့ သူတို့ကို ကျနော်တို့ကတိုင်တယ်၊ တိုင်တန်းတဲ့အပေါ်မှာလည်း သူတို့ကတစ်စုံတစ်ရာ မကျေနပ်ဘူး။ သူတို့မကျေနပ်တာကိုလည်း ကျနော်တို့ကသိတယ်။ အဲဒါကို အခုက ပုဂ္ဂိုလ်ရေးဆန်ဆန် အမည်ပျက်သွင်းတာလို့ ကျနော်တို့ကမြင်တယ်"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်တို့ဟာ လုပ်ငန်းတင်ဒါတွေချပေးရာမှာ မရိုးသားမှုတွေရှိခဲ့တာကြောင့် နစ်နာမှုတွေရှိနေတယ်ဆိုပြီး အရေးယူပေးဖို့ ဝတီရွှေမြေကုမ္ပဏီက နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ပြီးခဲ့တဲ့ သြဂုတ်လက တိုင်ကြားခဲ့တာပါ။

အဲဒီကိစ္စကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီးတွေကို လာရောက်စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် ဝတီရွှေမြေကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးနှင်းထွန်းတိုးဟာ ပြည်နယ်အစိုးရအဖွဲ့က ဆောက်လုပ်ဖို့စီစဉ်တဲ့ အဆင့်မြင့်ဈေးသစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ရေးသားခဲ့တဲ့အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြည်နယ်အစိုးရအဖွဲ့က သူ့ကိုတရားစွဲဆိုထားပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဟာ ပုဂ္ဂိုလ်ရေး အငြိုးအတေးထားပြီး သူ့ရဲ့ ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းတာ မဖြစ်သင့်ဘူးလို့ ဦးနှင်းထွန်းတိုး ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အများသိရှိနိုင်ဖို့ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်သွားဖို့ရှိတယ်လို့လည်း ဦးနှင်းထွန်းတိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ထောင်ဂဏန်းခန့်ရှိပြီး အဲဒီအထဲမှာ အခုလိုမျိုး အမည်ပျက်စာရင်းသွင်းထားတဲ့ ကုမ္ပဏီဘယ်နှစ်ခုလောက်ရှိသလဲလို့ RFA ကမေးမြန်းရာမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က သူ့အနေနဲ့ ဖြေကြားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ပြောပါတယ်။


ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ အဂတိတရားကင်းရှင်းကြောင်း ဝန်ကြီးချုပ်ဦးညီပုက အခမ်းအနားတချို့မှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့ အစိုးရအဖွဲ့က လုပ်ငန်းတင်ဒါတွေချထားပေးရာမှာတော့ ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကပဲလုပ်ငန်းတွေကို အလွယ်တကူရရှိနေကြတယ်လို့ အမည်မဖော်လိုတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။


"အဂတိတရားကင်းပါတယ်၊ ကျွန်တော်တို့ ဘာမှအဂတိမလိုက်ပါဘူး ဆိုပြီးတော့သူတို့ကပြောမှာပဲ။ ဒါပေမဲ့ သူတို့နဲ့ဆက်စပ်နေတဲ့ကုမ္ပဏီကျတော့ လုပ်ငန်းတွေ အလွယ်တကူနဲ့ ရနေကြတာတွေ အများကြီးရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း အရင်ကတည်းက ဝန်ကြီးတွေနဲ့ဆက်စပ်နေတဲ့ကုမ္ပဏီတွေဟာ ဖောက်သည်တွေလိုဖြစ်နေပါပြီ။ သူတို့ပေးချင်တဲ့သူတွေကို ပေးလို့ရနေတာကြောင့် အဂတိကင်းရှင်းတာမျိုးက လုံးဝမဟုတ်ပါဘူး"

ပြည်နယ်အစိုးရအဖွဲ့ရဲ့ တင်ဒါလုပ်ငန်းအရှုပ်အထွေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခဲ့တာကို မကျေနပ်တဲ့အတွက် အဲဒီကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းတာဟာ ပုဂ္ဂိုလ်ရေးဆန်လွန်းတာကြောင့် မဖြစ်သင့်ဘူးလို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နစ်နာမှုရှိတယ်ဆိုပြီး တာဝန်ကနေရပ်စဲဖို့ ပြီးခဲ့တဲ့နှစ်ဇွန်လက ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် ဝန်ကြီးတာဝန်ကို ဆက်လက်ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။