နိုင်ငံတစ်ဝန်းက ဒုက္ခသည်တွေ မိုးရာသီမှာ ပိုခက်ခဲနေ

မကွေး၊ စစ်ကိုင်း၊ ကယား၊ ချင်းနဲ့ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အာဏာသိမ်းပြီး နောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည် တွေဟာ အခု မိုးရာသီအတွင်း နေထိုင်ရေး၊ စားသောက်ရေးနဲ့ ကျန်းမာရေးအခက်အခဲ တွေနဲ့ ရင်ဆိုင်နေရကြရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ ဒုက္ခသည်တစ်သန်းနီးပါး ရှိလာနေပါတယ်။ စစ်အာ ဏာသိမ်းပြီးနောက် ဒုက္ခသည် ၅၉၀,၁၀၀ အထိ တိုးလာပြီး အရင်ကတည်းကရှိနေတဲ့ ဒုက္ခသည် ၃၄၆,၆၀၀ နဲ့ ပေါင်းရင် လက်ရှိ ဒုက္ခသည်ပေါင်း ၉၃၆,၇၀၀ ကျော် ရှိနေပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းမှာ ဒုက္ခ သည်အသစ် သုံးသိန်း သုံးသောင်းကျော်အထိ အများဆုံးတိုးလာတာဖြစ်ပြီး ကျန်တာက တော့ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ တနင်္သာရီနဲ့ ပဲခူး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိနေတာပါ။
နေ့စဉ်လိုလို တိုက်ခိုက်မှုတွေနဲ့ ရွာလုံးကျွတ်မီးရှို့ခံရတာတွေ ရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်း မှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ တစ်နေ့တခြား ပိုများလာတာကြောင့် အခုလို မိုးတွင်းကာလမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။
မိုးတွင်းကာလဖြစ်လို့ ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်မှာ စိုးရိမ်နေရတယ်လို့ ဆားလင်းကြီး ဒေသခံ တစ်ဦးက ပြောပါတယ်။
“စားနပ်ရိက္ခာရယ်၊ နေမှုထိုင်မှု မိုးတွင်းဖြစ်တဲ့အတွက် မိုးကာတဲတွေ၊ ဘာတွေ မပြည့်စုံ တဲ့ အခက်အခဲတွေ၊ ကျန်းမာရေးအခက်အခဲတွေ ရှိပါတယ်။ အဓိကကတော့ တော တောင်ထဲမှာနေရတာ ဖြစ်တဲ့အတွက် မိုးတွင်းကာလဖြစ်တော့ ခြင်တွေပေါလာရင် ငှက်ဖျားရောဂါအန္တရာယ်တွေ ကြောက်ရမယ်။ အဓိကကတော့ ကူးစက်ရောဂါတစ်ခု ဖြစ်တဲ့ ဝမ်းလျှောဝမ်းပျက်တွေလည်း ကျနော်တို့ စိုးရိမ်ရတယ်”
သွားရေးလာရေးခက်ခဲတာကြောင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးကဏ္ဍအပြင် နေစရာထိုင် ခင်းအတွက်ပါ အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံတစ်ဝန်းမှာ ဇန်နဝါရီလကနေ မေလ ၂၀ ရက်ထိ ငါးလနီးပါးအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၅၁၆ ဦးနဲ့ သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး ဒီနှစ်ဟာ ရောဂါဖြစ်ပွားမှု ထူးကဲများပြားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ဒုက္ခသည်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးကတော့ စစ်ဘေးဒုက္ခသည်တွေ ကြုံနေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
“လွန်ခဲ့တဲ့ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်လောက်ကစပြီး နေစရာ အခက် အခဲတွေတော့ဖြစ်တယ်။ အဓိကကတော့ စားနပ်ရိက္ခာမရှိတာပဲ။ ကတ္တရာလမ်းတွေ ပဲကောင်းတယ်။ ရွှံ့စေးလမ်းတွေကတော့ မိုးရွာရင် သွားလို့လာလို့ မရတော့ဘူး။ ခြေလျင်ပဲလျှောက်ပြီးတော့ တောထဲမှာပုန်းအောင်းရတဲ့ စစ်ဘေးရှောင်တွေလည်း ရှိလာတယ်။ အဓိကကတော့ ဖျားနာတာဗျ။ သူတို့စစ်ကြောင်းလာပြီဆိုရင် ကျနော်တို့ တွေက အားလုံးကို ရှောင်ရတာ။ ဘယ်သူ့မှ မနေရဲဘူး။ ရှောင်ရတဲ့အခါကျတော့ လူ အင်အားများလာတယ်။ ဒီတစ်ခါဆိုရင် ဖျားနာတာတွေဖြစ်ကြတယ်၊ မိုးလည်းရွာတော့ လေ။ ဆေးကတော့ နီးစပ်ရာရွာမှာပဲ ဖြစ်သလိုကုသရတာ။ ကျနော်တို့ဘက်က ဆန်တွေ၊ ဆီတွေက မထားရဲဘူး။ မီးတွေ အမြဲရှို့နေတာဆိုတော့ မထားရဲတော့ Camp တစ်ခု ဆိုရင် လူနှစ်ထောင်လောက် ရောက်လာတဲ့အခါကျတော့ ကျွေးစရာ၊ မွေးစရာကို မရှိဘူး။ ဘယ်မှလည်း ဝယ်လို့မရဘူး။ ဖြစ်သလိုနဲ့ ဒီလိုပဲ မျှတပြီး ရပ်တည်ရတာပေါ့”
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ရွာပေါင်း ၁၅ ရွာက ဒုက္ခသည် နှစ်သောင်း ဝန်းကျင်ဟာလည်း စားနပ်ရိက္ခာအခက်အခဲကြောင့် သစ်ဥ၊ သစ်ဖုတွေတူးပြီး စားနေရ တယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်၊ ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာလည်း ဒုက္ခသည် ၆၀၀၀ ကျော် ရှိနေပါတယ်။ လက်ရှိမှာ ကားလမ်းတွေ အသုံးပြုလို့ မရတော့တာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်သွားမှာကို စိုးရိမ်နေရတယ်လို့ အဲဒီဒေသက စစ်ဘေးဒုက္ခသည် ကူညီစောင့် ရှောက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ရိက္ခာနဲ့ ပတ်သက်ပြီးတော့ ဖူလုံမှုကတော့ အရမ်းအများကြီးမရှိဘူး။ နွေမှာတောင် ခက်ခဲတဲ့အခါကျတော့ အခုဆိုရင် လမ်းပန်းဆက်သွယ်ရေးအရပေါ့၊ လမ်းကလည်း အရင် Main လမ်းမဟုတ်တဲ့ တခြားလမ်းကို အသုံးပြုပြီး သွားရတာဖြစ်တဲ့အတွက် လမ်းကတော့ တအားဆိုးတယ်။ မိုးဆက်တိုက်ရွာပြီဆို ကားတွေက လုံးဝချော်တယ်၊ လာလို့လည်းမရဘူးပေါ့နော်။ ရိက္ခာပို့တဲ့ကားပဲဖြစ်ဖြစ် အဲလိုမျိုးအများကြီးကြုံရတယ်။ ဆေးဝါးတွေ အလုံအလောက် မရှိတာတွေလည်း အများကြီးရှိတယ်။ အဓိက ကျနော်တို့ စားနပ်ရိက္ခာပြတ်တောက်သွားမှာပဲ စိုးရိမ်ရတယ်”
ကယားပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ရှိနေဆဲ ဖြစ်သလို တိုက်ပွဲ မကြာခဏဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်မှာလည်း မိုးရွာသွန်းမှုကြောင့် ဒုက္ခသည်တွေ အရေးပေါ်ရွှေ့ပြောင်း ရတာတွေနဲ့ နေရာထိုင်ခင်း အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
"အဓိကကတော့ ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ ဝမ်းလျှောဝမ်းပျက်တွေလည်း ကျနော်တို့ စိုးရိမ်ရတယ်”
ချင်းပြည်နယ် မင်းတပ်မြို့မှာလည်း မြေပြိုတာနဲ့ ရေကြီးတာတွေကြောင့် သွားလာရေး ခက်ခဲပြီး ရိက္ခာသယ်ဖို့ပါ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည် စီမံခန့်ခွဲမှု ကော်မတီရဲ့ ပြောခွင့်ရသူကတော့ အခု မိုးရာသီဟာ ဒုက္ခသည်တွေအတွက် စိုးရိမ်စရာအကောင်းဆုံးရာသီလို့ ဆိုပါတယ်။
“စိုးရိမ်စရာအကောင်းဆုံးဖြစ်တဲ့ မိုးရာသီကို ကျနော်တို့ ပြန်လည်ရောက်ရှိလာပြီ။ မိုးရာသီမှာဆိုရင် ဖျားနာတာတွေ အရမ်းပေါတယ်။ ဝမ်းလျှောဝမ်းပျက်တွေပေါတယ်။ ဒီကြားထဲမှာမှ ကျနော်တို့အကြောက်ရဆုံး အရာကတော့ ရိက္ခာအပိုင်းပေါ့။ ဒီ ၂၀၂၂ နောက်ပိုင်းမှာဆို ကျနော်တို့အလှူက အရမ်းနည်းပါးသွားတယ်။ ကျနော်တို့ ကော်မတီ မှာ အခုဖြန့်စရာဆိုလို့ ဆန်အိတ် ၆၀ ကျန်တယ်။ ဒါပေမဲ့ မိုးတွင်းရိက္ခာက ကျနော်တို့ စုနေဆဲပေါ့နော်။ တခြားကော်မတီတွေမှာလည်း များများစားစား မကျန်တော့ဘူး။ ဒါပေမဲ့ စစ်ဘေးရှောင်စာရင်းက တစ်သောင်း ဝန်းကျင်ခန့် ကျန်သေးတယ်။ ဒီတစ်သောင်းဝန်းကျင်ခန့်နဲ့ ဒီမိုးတွင်းကို ကျော်ဖြတ်ရမယ်။ အဓိကလိုတာကတော့ မိုးတွင်းရိက္ခာနဲ့ ဆေးဝါးလိုတာပေါ့”
လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းတွေက အကူအညီပေးဖို့ ဆက်သွယ်လာတာရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိအချိန်ထိတော့ ဘာအကူအညီမှ မလာရောက်နိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ ဒုက္ခသည်တွေ နေ့စဉ်တိုးလာနေတဲ့ကိစ္စကို လျစ်လျူရှုပြီး နယ်မြေရှင်းလင်းရေးတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီအဖွဲ့အစည်းတွေဟာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို ကူညီနေတဲ့ နာမည်ခံ အဖွဲ့အစည်းတွေဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
"ပြည်သူလူထုကို လက်တွေ့ ကူညီနေတာဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့ ပရဟိတလုပ်ငန်း ဆောင်ရွက်နေတဲ့ ဘုန်းကြီး၊ ဘုန်းကြီးကျောင်းတွေ၊ အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့် ဝန်ကြီးချုပ်တွေကိုယ်တိုင် သွားရောက်ကြည့်ရှု ကူညီနေတာရှိတယ်
"တိုက်ပွဲဖြစ်ပြီး နိုင်ပြီဆိုရင်တော့ PDF ပေါ့၊ တိုက်ပွဲမှာရှုံးပြီ၊ အသေအပျောက်ရှိပြီ ဆိုရင် ရွာသားဆိုပြီး နာမည်ခံနေတာတွေ ရှိတယ်။ ဒီအဖွဲ့တွေသည် လုပ်စားအဖွဲ့တွေ ဖြစ်တယ်လို့ ပြောချင်တယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက စစ်ဘေးဒုက္ခသည်တွေ အတွက် ကျန်းမာရေးကိစ္စအပါအဝင် ကူညီမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။
“ဒီကာလမှာ ကူးစက်ရောဂါတွေ၊ တုပ်ကွေးတွေ စသဖြင့် ဒါတွေကတော့ ရှိပါတယ်။ စစ်ဘေးရှောင်တွေ ခြောက်သိန်းကျော်ဆိုတာလည်း မှန်ပါတယ်။ ဒီထက်မကလည်း များပြားနိုင်တဲ့ အခြေအနေတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့က ဒီထက်ပိုတိုးမလာ ဖို့အတွက်ကိုလည်း တစ်ဖက်တစ်လမ်းက နည်းလမ်းများနဲ့ ဘယ်လိုတားဆီးဆောင်ရွက် ရမယ် ဆိုတာတွေလည်း ကြိုးပမ်းဆောင်ရွက်နေသလို ဖြစ်လာတဲ့ဟာတွေကိုလည်း ဖြေရှင်းဖို့ ဆောင်ရွက်ပါတယ်။ ဒီရာသီအလိုက် ဖြစ်ပေါ်လာတဲ့ ရောဂါတွေနဲ့ ပတ်သက် လို့တော့ ကျန်းမာရေး ဝန်ကြီးဌာနကနေ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိတယ်။ မြေပြင် မှာလည်း ကျန်းမာရေးနဲ့ ရွေ့လျားဆေးခန်းတွေ ရှိတယ်။ မြေပြင်မှာဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကလည်း သက်ဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာ တွေ ရှိပါတယ်။ မီးရှို့ခံရမှုတွေက ပိုများပြားလာတယ်။ အဲဒီလူတွေအတွက်ကို လူသားချင်း စာနာတဲ့ အကူအညီတွေကိုတော့ အချက်အလက်ရတာနဲ့ ချက်ချင်း ပံ့ပိုးကူညီမှုတွေကို ရောက်ရှိအောင်ဆိုပြီး ကျနော်တို့ ကြိုးစားဆောင်ရွက်ပါတယ်”
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဧပြီလကုန်အထိ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း နေအိမ် ၁၁,၄၇၁ လုံးခန့် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (UN OCHA) ကတော့ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ သွားပေးရေးကိစ္စမှာ တင်းတင်းကျပ်ကျပ် တားမြစ်ကန့်သတ်ခံ ထားရတာကြောင့် တတ်နိုင်သလောက်ပဲ ကူညီနိုင်တယ်လို့ အခုလဆန်းပိုင်းမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။