မြို့နယ်တချို့မှာ မိုးခေါင်ရေရှားတာကြောင့် အထွက်နှုန်းကျမှာစိုးရိမ်
2019.07.23
အခုချိန်မှာ မြန်မာနိုင်ငံက ဒေသတော်တော်များများမှာ မိုးခေါင်တာ၊ မိုးရေလုံလုံလောက်လောက် မရတာတွေကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူတွေ၊ တောင်သူတွေဟာ စိုက်ပျိုးရေမလုံလောက်တဲ့ ပြဿနာတွေ ရင်ဆိုင်နေကြရပါတယ်။
ပုံမှန်ဆိုရင် မိုးဦးကာလ ဇွန်လလောက်ကစပြီး မိုးရရှိကြတာဖြစ်ပါတယ်။ အခုဆိုရင် ဇူလိုင်ကုန်ဖို့ တစ်ပတ်လောက်သာ လိုပါတော့တယ်။
အရင်က မိုးခေါင်တာ၊ မိုးရရှိမှုနည်းတာတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာသာ အဖြစ်များတာပါ။ အခုကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းတွေသာမက အထက်ပိုင်းတွေရော၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာပါ မိုးရေကောင်းကောင်းမရဘူးလို့ တောင်သူတွေက ပြောကြပါတယ်။
ကောလင်းမြို့ဟာဆိုရင် မြန်မာနိုင်ငံအထက်ပိုင်းမှာရှိပြီး မိုးကောင်းကောင်းရခဲ့တဲ့ ဒေသဖြစ်ပါတယ်။ အခုတော့ မိုးမရွာလို့ ပျိုးတွေမသေအောင် လုပ်နေကြရတယ်လို့ ညောင်ပင်သာကျေးရွာက ဦးထွန်းအောင် က ပြောပါတယ်။
"မိုးခေါင်နေတာ အခုက ဖွဲဖွဲလေးတော့ရွာတယ်။ မိုးရေမပါတာ။ ထွန်တဲ့သူက ထွန်ထား၊ ပက်တဲ့သူက ပက်ထားကြပါပြီ။ မိုးတော့ မျှော်တော့ မျှော်နေကြတုန်းပေါ့။ ပျိုးကတော့ ၂ လပြည့်တော့မယ်လေ။ ပျိုးမသေအောင် ကြိုးစားနေကြရတာပေါ့။"
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်တဲ့ မန္တလေးတိုင်းထဲက ယာသီးနှံ နှမ်းတောင်သူ ကိုတိုးကြီးကတော့ အရင်နှစ်တွေက ဇူလိုင်လဆန်းလောက်မှာ မိုးရွာပေမဲ့ အခုချိန်အထိ မိုးမရတဲ့အတွက် နှမ်းမျိုးစေ့ပြန်ရဖို့တောင် မလွယ်တော့ဘူးလို့ ပြောပါတယ်။
"အခုချိန်ဆိုရင် မိုးဦးနှမ်းတွေက အပွင့်ဝေနေတဲ့အချိန်ဖြစ်ပြီလေ။ အပွင့်ဝင်အသီးတက်တာ နှမ်းဖြစ်ဖြစ်မြောက်မြောက်ဖြစ်တာ မတွေ့ရဘူးဗျ။ အင်မတန်ကို မိုးနည်းတဲ့လက္ခဏာပေါ့နော်။ နှမ်းပင်လေးတွေ မှာ အကုန်လုံး ကြိုးတို့ ကြဲတဲပေါ့နော်။ မျိုးပြန်ရဖို့ကို မလွယ်တော့ဘူးပေါ့နော်။ ရာသီဥတုက အဲလောက် အခြေအနေ ဆိုးပါတယ်။"
မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးဟာဆိုရင် မိုးပုံမှန်ရရှိတဲ့အပြင် မိုးများတဲ့ဒေသတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ မိုးနည်းနည်းသာရွာတဲ့အတွက် မိုးမျှော်နေရတဲ့ဒေသထဲမှာ ပါဝင်လာပါပြီ။ လပွတ္တာမြို့က တောင်သူလယ်သမားတွေ မိုးမျှော်နေရတဲ့အခြေအနေကို မြို့နယ်တောင်သူလယ်သမားသမဂ္ဂက ဦးအောင်မိုးဝင်း က အခုလို ပြောပါတယ်။
"မိုးက လပွတ္တာဘက်မှာ မရွာဘူးမဟုတ်ဘူး ရွာတယ်။ ဒါပေမဲ့လို့ လယ်တွေကို ထွန်ယက်နိုင်တဲ့အဆင့်မရှိဘူး။ ရွာလိုက် ပြတ်လိုက်ဆိုတော့ ရေကိုလုံလုံလောက်လောက်နဲ့ နူးနူးနပ်နပ်မရှိတဲ့အခါကျတော့ လယ်သမားတွေက ရေတွေကို နီးတဲ့မြောင်းတွေ တမံတွေကနေယူပြီးတော့ ထွန်နေကြတယ်။ တမံနဲ့နီးတဲ့သူ မဟုတ်တဲ့သကျတော့ ရေကိုဘယ်လိုမှ သွယ်လို့မရတဲ့သူကျတော့ ဒီအတိုင်းပဲ ရပ်ကြည့်နေရတဲ့အနေထားပဲဖြစ်နေတယ်။"
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က ကွမ်းစိုက်ပျိုးသူတွေကလည်း မိုးမရွာလို့ မိုးမျှော်နေကြရပါတယ်။
ဇူလိုင်လကုန်ခါနီးအထိ မိုးမရွာသေးတာကြောင့် ကွမ်းစိုက်ခင်းတွေကို စက်နဲ့မောင်းပြီး ရေတင်ပေးနေရတယ်လို့ ဒေသခံ ကိုတင့်အောင်စိုး က RFA ကို ပြောပါတယ်။
"ကျနော်တို့ဘက်မှာ မိုးမရွာတာက တော်တော်ကြာနေပြီဗျ။ နေပူတာရော၊ လေတိုက်တာရောနဲ့ ရေပုံမှန် မပြတ်လောင်းနေရတာ။ ရှေ့ကလောင်း နောက်က ခြောက်လိုက်နေတာ။ အရင်နှစ်တွေက ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ အခုလောက်မဆိုးဘူးမှတ်တယ်။ အခုကတော့ တော်တော်ကြီးကို မိုးရွာနောက်ကျတယ်လေ။ ကျနော်တို့ ကွမ်းခြံတွေဆိုရင် ခူးရင်ကို ရှုံးတော့တာပဲ။ ကွမ်းဈေးကမကောင်း၊ ရေကလိုက်ရတာနဲ့ အဆင်မပြေတော့ ကျနော်တို့ဆို လစဉ်အရှုံးပေါ်နေတာပဲ။"
လုံလောက်တဲ့မိုးမရတဲ့အတွက် ရိတ်သိမ်းချိန်ကာလမှာ အမြတ်စွန်းရဖို့နေနေသာသာ ရာနှုန်းပြည့် အရှုံးနဲ့ရင်ဆိုင်ရဖို့ များနေတယ်လို့လည်း တောင်သူတွေက မှတ်ချက်ပေးကြပါတယ်။
ကျနော်တို့ဘက်မှာ မိုးမရွာတာက တော်တော်ကြာနေပြီဗျ
မိုးဦးကာလ မုတ်သုံအဝင်နောက်ကျတာကြောင့် မိုးမရတာဟာ မြန်မာတစ်နိုင်ငံလုံး အတိုင်းတာနဲ့ ရင်ဆိုင်နေရတာလို့ မိုးလေ ဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"မြန်မာနိုင်ငံ မြောက်ပိုင်းရော၊ အလယ်ပိုင်းရော မိုးမရဘူး။ ဇူလိုင်လ ပထမပတ်ထဲမှာ မိုးရွာလိုက်တဲ့အနေထားပဲ ရှိသေးတယ်။ အခုနောက်ပိုင်း ရွာပြီးပြန်လျော့သွားတဲ့အနေထားပဲ ရှိသေးတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တော်တော်များများမှာတော့ မိုးရရှိမှု အနည်းငယ်လျော့နည်းနေတဲ့ အနေထားမှာပဲရှိသေးတယ်။ တချို့နေရာတွေဆို တော်တော်လျော့တာတွေ့ရတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွေပေ့ါနော်။"
ဒါပေမဲ့ မြန်မာနိုင်ငံက ဒေသတချို့မှာတော့ မြစ်ရေတွေကြီးလို့ ရေကြီးနစ်မြုပ်တာတွေကြောင့် ရေဘေးဒုက္ခခံစားနေကြရပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ ရာသီဥတုဖောက်ပြန်မှုရဲ့ အကျိုးဆက်တွေလို့ ဦးကျော်မိုးဦး က မှတ်ချက်ပေးပါတယ်။
မိုးလေဝသ ဒေါက်တာထွန်းလွင်ကတော့ ၂၀၁၉ ခုနှစ်ဟာ မုန်တိုင်းအဖြစ်နည်းတဲ့ ကာလဖြစ်တာကြောင့် မုန်တိုင်းဖြစ်မှမိုးရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတွေမှာ မိုးခေါင်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကလည်း အားပျော့ပျက်ပြယ်သွားတော့မှာဖြစ်တဲ့ အတွက် မိုးမျှော်နေတဲ့ တောင်သူတွေအတွက်တော့ မိုးဆက်မျှော်ရနေရဦးမယ်လို့ ဒေါက်တာထွန်းလွင် က ပြောပါတယ်။
မိုးရေကို အဓိကထားပြီး စိုက်ပျိုးရေးလုပ်ကိုင်နေရတဲ့ တောင်သူတွေဟာ ပျိုးကြဲထားတဲ့ အရင်းအနှီး၊ စိုက်ပျိုးခင်းတွေထဲ စက်နဲ့ရေတင်ရတဲ့အခက်အခဲ၊ မိုးမရလို့ ပျက်စီးရတဲ့ စိုက်ပျိုးခင်းတွေကြားမှာ မျှော်လင့်ချက်မဲ့နေကြရတာပဲဖြစ်ပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း က တင်ပြသည်)