ဝန်ဆောင်မှုအပြောင်းအလဲကြောင့် ဘဏ်မှာ လူစုလူဝေးဖြစ်စေနိုင်
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့အနေနဲ့ ပြောင်းလဲလိုက်တဲ့ ဘဏ်ဖွင့်ချိန်နဲ့ ဝန်ဆောင်မှုပုံစံတို့ကြောင့် ဘဏ်ကိုအသုံးပြုရချိန် များပြားတဲ့ လကုန်ပိုင်းရက်တွေမှာ လူစုလူဝေးကိုဖြစ်စေတယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။
-
ဝေယံမိုးမြင့်
2020-05-06 -
-
-
ဘဏ်ဝန်ဆောင်မှုပေးတဲ့အချိန် လျော့ကျလာပြီး အလှည့်ကျ တာဝန်ထမ်းတဲ့စနစ်ကြောင့် လုပ်ငန်းခွင်မှာ ဘဏ်ဝန်ထမ်းအရေအတွက် နည်းပါးလာတဲ့ အခြေအနေတို့ကြောင့် အဆင်မပြေမှုတွေ ပိုများလာတယ်လို့ ဘဏ်အသုံးပြုသူ အများအပြားက ပြောဆိုနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘဏ်ဖွင့်ချိန်ကို မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီ ပြောင်းလဲဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားထားတာဖြစ်ပါတယ်။
မူလက ဘဏ်လုပ်ငန်းအချိန်က နံနက် ၉း၃ဝ ကနေ နေ့ခင်း ၃းဝဝ အထိ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကာကွယ်ရေး ကာလမှာ ဘဏ်ကို လာရောက်သူတွေ တစ်ဦးနဲ့တစ်ဦး ၆ ပေခြား စောင့်ဆိုင်းစေပြီး အပူချိန်တိုင်းတာ၊ ကျန်းမာရေးရာဇဝင် စစ်ဆေးတာ၊ လက်ဆေးဖို့ထားပေးတာ စတာတွေ ဆောင်ရွက်ထား ပါတယ်။
ပြောင်းလဲလိုက်တဲ့ ဘဏ်ဝန်ဆောင်မှုပေးချိန်ကြောင့် ဘဏ်အပြင်မှာ လူတွေစုနေရင် ဘဏ်ထဲမှာ ဘယ်လို ကာကွယ်ရေးတွေ လုပ်ထားထား ကူးစက်မှု ဖြစ်မှာပဲလို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ထောက်ပြဝေဖန်ပါတယ်။
"ဘဏ်အထဲပဲ စနစ်ကျလို့မရဘူးလေ တကယ်တမ်း ဘဏ်ထဲမှာ စနစ်တကျ ပေးမဝင်ဘူးဆိုပေမယ့် ဘဏ်အပြင်မှာ လူအုံနေရင် ရောဂါကူးမှာပဲလေ။ အခုက ဘဏ်ဖွင့်ချိန် ၁၀ နာရီကနေ ၂ နာရီဆိုတော့ ၉ နာရီနဲ့ ၃ နာရီတောင် အချိန်မှီအောင် မလုပ်နိုင်တာ အခုက ဝန်ထမ်းကလည်း လျှော့လိုက်တယ်ဆိုတော့ ဘဏ်အချိန်ရယ် ဘဏ်ဝန်ထမ်းရယ် သုံးတဲ့သူရယ်က မကိုက်ဘူးဖြစ်နေတယ်။ ဘဏ်ထဲမှာ ၁၅ ယောက်ပဲ လက်ခံပြီး ဘဏ်ပြင်မှာ လူတွေစုနေတော့ ဘာထူးလဲ။ အဲပြဿနာကို အဖြေရှာဖို့ အကြံပေးချင်တာပါ။"
မြစ်ကြီးနားက ဘဏ်တွေမှာလည်း လူတွေ များလွန်းလို့ သုံးပေတောင် ခြားလို့မရအောင် ကျိတ်ကျိတ်တိုး နေရတယ်လို့ မြစ်ကြီးနားဒေသခံ မဂျာအိန်က ပြောပါတယ်။
"ခါတိုင်းမသွားပါဘူး မနေ့ မနက်က တစ်ခေါက်ပဲ KBZ Pay ထုတ်ဖို့ သွားတာ ဘဏ်ဖွင့်ချိန်က ၁၀ နာရီ ဆိုတော့လူတွေ အများကြီးလို့ ပြောလို့ရတယ်။ ၃ ပေကွာရမယ် ၆ ပေကွာရမယ် ပြောတယ်။ အခုက ၃ ပေ မပြောနဲ့ ၁ ထွာတောင် ခွာမရဘူး တုံကင်ယူတဲ့နားမှာ အဲ့ဒါနဲ့ ကျမလည်း မထုတ်တော့ဘူး ပြန်လှည့် သွားတယ်။"
ဗိုင်းရပ်စ်ကာကွယ်နိုင်ရေးအတွက် အိမ်မှာပဲနေကြဖို့ လုပ်ဆောင်ချိန်မှာ ဘဏ်ဝန်ထမ်း အရေအတွက်ကိုလည်း အရင်ကထက်လျှော့ထားပါတယ်။ တာဝန်ကျဝန်ထမ်းတွေထဲက တချို့ ကူးစက်ခံရတဲ့အခြေအနေနဲ့ ရင်ဆိုင်ရရင် တခြားဝန်ထမ်းတွေ ချက်ချင်း အစားထိုး တာဝန်ယူနိုင်အောင် စီစဉ်ထားတာပါ။
ဘဏ်ဝန်ဆောင်မှု အဆက်မပြတ် ပေးနိုင်အောင် လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် မပြေလည်မှုတွေ ရှိနေတယ် ဆိုတာတွေ ပြန်ကြားနေရတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆိုပါတယ်။
"ဘဏ်ချိန်သတ်မှတ်တာကို ညွှန်ကြားတဲ့ဌာန ရှိပါတယ်။ အဲ့ဒီက အသေးစိတ် စာထုတ်တာပါ။ ဘယ်နှစ်ပေ ခွာရမယ် ဘာညာဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်တဲ့အချက်တွေပါ။ ဗဟိုဘဏ်က ညွှန်ကြားတာ အချိန်ပြောင်းတာ။ အချိန်ပြောင်းတော့ တိုတယ်ဆိုပြီး ပြောတာတွေ အများကြီးတွေ့ရတယ် ဖေ့စ်ဘွတ်ပေါ် လည်း တက်နေတာလေ ကွန်မန့်တွေလည်း တွေ့ရတယ်။ လူတွေကို အဆင်ပြေအောင် လုပ်ပေးရင်း အဆင်မပြေ သွားဖြစ်နေတာ အဲလိုဖြစ်သွားတယ်။"
ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနက လုပ်ဆောင်ချက်ဖြစ်ပြီး သူ့အနေနဲ့ မသိရကြောင်းနဲ့ အဲဒီဌာနကိုမေးဖို့ ပြောပေမယ့် ဌာနတာဝန်ရှိသူ (ဒေါ်သန်းသန်းဆွေ) က ဒီကနေ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
အခုရက်ပိုင်း ဘဏ်တွေမှာ လူတွေ တိုးကြိတ်နေတာဟာ ဒီရက်ပိုင်း ငွေသွင်းမှ ဘဏ်အတိုးရမှာဖြစ်တာကြောင့် ဖြစ်တယ်လို့ ဘဏ်ဝန်ထမ်း တချို့က သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားကြပါတယ်။ ဘဏ် ဝန်ဆောင်မှု သုံးသူ အများစုဟာ အွန်လိုင်းစနစ်၊ ငွေထုတ်စက်တို့ကို ကျင့်သားမရကြသေးလို့ ဘဏ်မှာ မလိုအပ်ဘဲ လူအုံနေရတာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်ကတော့ ဒီကာလမှာ အွန်လိုင်းနစ်ကို လူတွေပိုပြီး အသုံးပြုလာဖို့ တိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။
"သိပ်လိုအပ်ချက်ရှိမှသွားပေါ့ မလိုအပ်ဘဲ ဘာလို့လာမလဲ။ အခုတော်တော်များများ အွန်လိုင်း သုံးလာနေပါပြီ။ ဒီချိန်မှာ အသုံးဝင်လာပြီ။ ဒီချိန်မှာ အားပေးရမယ်။ လိုအပ်ချက်ပေါ့ ဒီချိန်မှာ ဘဏ်သွားရင် လူတွေ အများကြီးနဲ့ ထိတွေ့ရမယ် အန္တရာယ်လည်း ရှိတယ်ဆိုရင် ဒီစနစ်က ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြ ရဦးမယ်။"
ဘဏ်လုပ်ငန်းဟာ ပိတ်လို့မရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရကလည်း ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ စက်သုံးဆီဆိုင်နဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ကြဖို့ ညွှန်ကြားထားပါတယ်။
ဘဏ်အသုံးပြုသူတွေကတော့ ဘဏ်ဖွင့်ချိန် အပါအဝင် အပြောင်းအလဲတွေကို ပြန်ပြီးသုံးသပ်ပေးဖို့ ပြောကြပါတယ်။
ဘဏ်လုပ်ငန်း လုပ်ကိုင်ကြသူတွေကတော့ အွန်လိုင်းစနစ်နဲ့ အသုံးပြုလို့ရနိုင်တဲ့ ကိစ္စတွေကို အိမ်ကနေသာ အွန်လိုင်းအသုံးပြု ငွေပေးချေကြဖို့ တိုက်တွန်းထားပါတယ်။