စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် ကုန်ဈေးနှုန်းတွေတက်ဟု သုံးသပ်သူတွေပြော
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကာလအရောက်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃၉၀၀ ကျပ်အထိ မြန်မာကျပ်ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းနေပါတယ်။
-
RFA Burmese
2023-08-28 -
-
-
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကာလအရောက်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃၉၀၀ ကျပ်၊ တရုတ်တစ်ယွမ်ကို ၅၀၀ ကျပ်နဲ့ ထိုင်းတစ်ဘတ်ကို ကျပ်တစ်ရာကျော်အထိ မြန်မာကျပ်ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းနေပါတယ်။ အခေါက်ရွှေ တစ်ကျပ်သားကို ၃၉ သိန်းကျော်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။
ရွှေဈေးနဲ့ ဒေါ်လာဈေး ကျဆင်းရေးအတွက် အထူးစုံစမ်းစစ်ရေးဦးစီးဌာန (စသုံးလုံး) က လုပ်ငန်းအဖွဲ့ဖွဲ့ပြီး ကိုင်တွယ်သွားမယ်လို့ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နိုင်စိုးက ဩဂုတ်လ ၁၉ ရက် နေပြည်တော်မှာလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဗဟိုဘဏ်အရာရှိတွေ တွေ့ဆုံပွဲမှာ ထုတ်ပြောသွားပါတယ်။
"နှစ်သောင်းလောက် ကိုင်သွားရင် ဈေးဖိုးနဲ့တင် ကုန်သွားပြီ"
စစ်ကောင်စီဟာ နိုင်ငံခြားငွေ ဈေးတက်နေတာကို ထိန်းချုပ်ဖို့အတွက် ဇူလိုင် ၅ ရက်နေ့ကတည်းက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ စစ်ကောင်စီဥက္ကဋ္ဌရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ကံဇော်တို့ ပါဝင်ပါတယ်။
စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ကျပ်ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းပြီး ကုန်ဈေးနှုန်း မြင့်တက်နေတာကြောင့် ဘယ်လို အဖွဲ့ပဲဖွဲ့ဖွဲ့ အဆင်ပြေမှာ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးသုံးသပ်သူ တစ်ဦးက ပြောပါတယ်။
"မဖြစ်နိုင်ပါဘူး။ ဒီယန္တရားတည်ဆောက်မှုပုံကိုက အလုပ်ဖြစ်တဲ့ ယန္တရားတည်ဆောက်မှု ပုံစံမဟုတ်ဘူး။ ကျဖို့ အဖွဲ့ဖွဲ့တယ်ဆိုရင် ကျဖို့အတွက် အဖြေရှာနိုင်ဖို့အတွက် ယန္တရားတည်ဆောက်ပုံက မှန်ရမှာ။ လက်ရှိ သူတို့လုပ်ပုံက ပုံစံမမှန်ဘူး။အမှန်တော့ အလုပ်ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာထက် အပြသဘောဆန်တဲ့ ပုံစံကို လုပ်ကြတာ။ အရင်ကလည်း အဂတိတိုက်ဖျက်ရေး ကော်မရှင်တို့၊ တရားဥပဒေစိုးမိုးရေး ကော်မရှင်တို့ အဲဒါမျိုးတွေ လုပ်ခဲ့တာပဲ၊ နိုင်ငံတကာကို ပြသဖို့ အပြသက်သက်အတွက်ပဲ လုပ်ခဲ့တာ"
မြန်မာနိုင်ငံရဲ့ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းတွေနဲ့ နိုင်ငံခြားငွေ အသုံးပြုလုပ်ကိုင်ရတဲ့ လုပ်ငန်းအားလုံး အဲဒီကော်မတီအောက်ကနေပဲ ဖြတ်သန်းဖို့ ရည်ရွယ်ပြီး စစ်ကောင်စီက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့တာလို့လည်း သူက ပြောပါတယ်။
ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း တင်းကျပ်တဲ့ ငွေကြေးမူဝါဒတွေကြောင့် လုပ်ငန်းရှင်အားလုံး အခက်အခဲဖြစ်နေတာမို့ ဘယ်လို ကော်မတီဖွဲ့ဖွဲ့ လက်တွေ့အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
"မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေကိုကျတော့ ဟိုပိတ်၊ ဒီပိတ်နဲ့၊ သူက နိုင်ငံခြားငွေ စီးဆင်းဖို့ တစ်ခုတည်းကိုပဲ မူတည်ပြီးတော့ ပြောရမယ်ဆိုရင် ပြည်သူကိုသတ်ဖို့၊ လက်နက်ဝယ်နိုင်ဖို့ ဒီယန္တရားတွေရှိမှ ဖြစ်မယ်ဆိုတာသိလို့ နည်းမျိုးစုံနဲ့ ထုတ်သုံးတာ။ အကြံက ကုန်နေပြီ။ ဘာပဲဖွဲ့ဖွဲ့၊ ဘယ်အဖွဲ့အစည်းကိုပဲ ဘယ်လိုဖွဲ့ဖွဲ့ ပြည်သူ့ထဲက မဟုတ်သရွေ့ ဖွဲ့သမျှတိုင်းက အရာမထင်ဘူး။ အဲဒီဖွဲ့စည်းတဲ့ အဖွဲ့တိုင်းကလည်း ပြည်သူကို အကျိုးပြုဖို့လားဆို မဟုတ်ဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအားကို သေချာတောင် ခွဲခြားမသိတဲ့သူတွေ သူတို့ဟာသူတို့ လုပ်ချင်သလို လုပ်နေတာ"
ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မသော်သော်ဦးကတော့ အခြေခံစားကုန်တွေ ဈေးသုံးဆနီးပါး ဈေးမြင့်တက်လာတာကြောင့် နေ့စဉ်စားဖို့ကို မနည်းရုန်းကန်နေရတယ်လို့ ပြောပါတယ်။
"အရင်တုန်းကဆိုရင် ဈေးဖိုး ငါးထောင်ဆိုရင် နှစ်ရက်စာလောက်ရတယ်။ ဟင်းစားချည်းပဲပေါ့၊ အခုတော့ မရတော့ဘူး။ ပေါ်ဆန်းမွှေးတစ်အိတ်တောင် အစ်မတို့ ဝယ်စားတုန်းက ခုနစ်သောင်း၊ ရှစ်သောင်းပဲ ရှိခဲ့တာ။ အခုဟာက မကောင်းဘူး၊ ဆန်ရောထားတာတောင် တစ်သိန်း တစ်သောင်း ငါးထောင် ဖြစ်နေပြီ၊ ဒါတောင် အနိမ့်စားနော်၊ အကောင်းစား မဟုတ်ဘူး။ အဘက်ဘက်ကနေ စားဖို့ကိုပဲ ကိုယ့်မှာ ရုန်းကန်နေရတော့ အိမ်ဈေးဖိုးနဲ့ပဲ ကုန်ကုန်သွားတယ်။ ဒီအတိုင်း ကလေးမုန့်ဖိုးတို့၊ သွားတိုက်ဆေး ဘာညာဝယ်တာ မပါသေးဘူး။ နှစ်သောင်းလောက် ကိုင်သွားရင် ဈေးဖိုးနဲ့တင် ကုန်သွားပြီ"
အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်မှာ ပေါ်ဆန်းမွှေး ဆန်ချောတစ်အိတ်ကို ကျပ် လေးသောင်းကျော်သာ ရှိခဲ့ပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ တစ်သိန်း တစ်သောင်းကျော်အထိ သုံးဆနီးပါး ဈေးမြင့်တက်သွားတယ်လို့ သူက ဆိုပါတယ်။
မန္တလေးမြို့က ကားနဲ့ အိမ်ခြံမြေအရောင်းအဝယ်လုပ်နေတဲ့ ကိုမောင်မောင်ကလည်း အာဏာသိမ်းပြီးစအချိန်နဲ့ နှိုင်းယှဉ်ရင် လက်ရှိအချိန်မှာ ကားတစ်စီး ပေါက်ဈေးက သုံးဆကျော်အထိ မြင့်တက်လာတယ်လို့ ပြောပါတယ်။
"အိမ်ခြံမြေဈေးတွေလည်း မြင့်တက်တယ်ဆိုပေမယ့် ဈေးကတော့ မြင့်တယ်။ တချို့လည်း အသည်းအသန် ဝယ်ကြ၊ စုကြတယ်။ တချို့တွေလည်း ပိုက်ဆံကို ထိန်းထားဖို့ အရောင်းတန့်ထားတာလည်းရှိတယ်။ အရောင်းကို သိပ်မလုပ်ကြဘူး။ ဈေးစောင့်ရောင်းမယ် အဲဒီလိုတွေ ဖြစ်ကုန်ပြီ။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲက အိမ်စီး ဆလွန်းကား အသေးတစ်စီးကို ကျပ် ၂၀၅ သိန်းနဲ့ ဝယ်လာတာ၊ အခု အဲဒီကားကို သိန်း ၆၂၀ နဲ့ ၆၃၀ ကြားမှာရှိတယ်။ အိုးဝေ (အငှားယာဉ်) ဆိုလည်း အဲဒီအတိုင်းပဲ ဝယ်တုန်းက ၅၇ သိန်းကျော်လောက်ပဲရှိတယ်။ အခု အိုးဝေတစ်စီးကို သိန်း ၁၅၀ လောက် ပေါက်နေတယ်၊ အမှန်က အဲဒီလောက် မတန်ဘူး။ အရွေ့ကြီးက တအားကြမ်းလာတော့ ဝင်ငွေ၊ ထွက်ငွေ မမျှတတော့တာ"
အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အကြာ လက်ရှိအချိန်မှာ တိုင်းပြည်စီးပွားရေးက စိန်ခေါ်မှု သိပ်ကိုကြီးမားသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် စီးပွားရေး သုံးသပ်သူတစ်ဦးက ပြောပါတယ်။
"ငွေလဲလှယ်နှုန်း ဘာလို့ကျလဲဆိုတော့ ပြည်သူလူထုက စစ်ကောင်စီအပေါ် အယုံအကြည် မရှိတော့တာ။ ဝယ်လိုအား ကျတယ်၊ ကုန်ဈေးနှုန်းက တက်တယ်။ အလုပ်လက်မဲ့နှုန်းကလည်း မြင့်နေတယ်။ အကုန်စီးပွားရေးကျနေရဲ့သားနဲ့ ဝယ်လိုအားတွေ ကျနေရဲ့သားနဲ့ ကုန်ဈေးနှုန်းက တက်နေတာဆိုတော့ စီးပွားရေးအတွက်ကတော့ စိန်ခေါ်မှုက တအားကြီးကျယ်ပြီး ကြီးမားသွားပြီ"
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ မသမာသူတွေရဲ့ ဈေးကစားမှုကြောင့်ဖြစ်တယ်လို့ သြဂုတ်လ ၂၅ ရက် နေပြည်တော်မှာလုပ်တဲ့ စီးပွားရေးရာကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့ ပါတယ်။ ဒါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒါဟာ စစ်ကောင်စီရဲ့ ညံ့ဖျင်းမှုကြောင့်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။