နှစ်နှစ်အတွင်း လွတ်ငြိမ်းခွင့်ရသူခုနစ်သောင်းမှာ နိုင်ငံရေးအကျဉ်းသား ၃ ရာခိုင်နှုန်းကျော်သာပါ
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီကနေ အခု ၂၀၂၃ ခုနှစ် ပထမလေးလပိုင်းအထိ လွတ်ငြိမ်းသက်သာခွင့်ကြေညာခဲ့တာ ၁၁ ကြိမ်ရှိခဲ့ပါတယ်။
-
RFA Burmese
2023-04-25 -
-
-
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီကနေ အခု ၂၀၂၃ ခုနှစ် ပထမလေးလပိုင်းအထိ လွတ်ငြိမ်းသက်သာခွင့်ကြေညာခဲ့တာ ၁၁ ကြိမ်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားသားအကျဉ်းသား ၃၃၇ ယောက်နဲ့ နိုင်ငံသား အကျဉ်းသား ၆၉၄၁၇ ယောက်တို့ကို လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
လွတ်ငြိမ်းသက်သာခွင့်အားလုံးမှာ နိုင်ငံရေးအကျဉ်းသား ၅၄၄၄ ယောက်ပါတယ်လို့ ဆိုပေမယ့် တကယ်စိစစ် အတည်ပြုနိုင်တဲ့သူဦးရေ ၂၃၇၃ ယောက်ပဲရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
အခုနောက်ဆုံးကြေညာခဲ့တဲ့ လွတ်ငြိမ်းခွင့်မှာဆိုရင် နိုင်ငံရေးအကျဉ်းသား သုံးယောက်ပဲပါတယ်လို့ ဆိုပါတယ်။
"သူသမ္မတမဖြစ်မချင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမှာကို တမင်သက်သက်ကို ခေါ်ယူပြီးတော့ ထိန်းသိမ်းတယ်"
ဒါကြောင့်လွတ်ငြိမ်းသက်သာနဲ့ လွှတ်ပေးတဲ့သူစုစုပေါင်း ခုနစ်သောင်းမှာ ပြန်လွတ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင့်သုံးရာကျော်ပဲ အတည်ပြုနိုင်တယ်လို့ဆိုတဲ့အတွက် ၃ ရာခိုင်နှုန်းကျော်ပဲ လွတ်တာကိုလေ့လာတွေ့ရှိရပါတယ်။
စစ်အာဏာသိမ်းကတည်းကနေ ခုချိန်ထိကြည့်ရင် အဖမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသား ၂၁၄၇၄ ဦးရှိပြီး အကျဉ်းထောင်တွေမှာ ၁၇၅၇၀ ဦးကျန်နေသေးတယ်လို့ (AAPP) ရဲ့ ဧပြီလ ၂၁ ရက်နေ့အထိ ထုတ်ပြန်တဲ့စာရင်းမှာ တွေ့ရပါတယ်။ ဒီစာရင်းကိုတွက်ကြည့်ရင် ပြန်လွတ်တဲ့နိုင်ငံရေး အကျဉ်းသား ၃၉၀၄ ဦးရှိတယ်လို့ တွေ့ရမှာဖြစ်ပါတယ်။ ဒီပမာဏအားလုံးက စစ်ကောင်စီရဲ့လွတ်ငြိမ်းသက်သာခွင့် အမိန့်တွေနဲ့ပြန်လွတ်တာ မဟုတ်ဘဲ တချို့က လွတ်ရက်စေ့တာမျိုး၊ တချို့က တရားစွဲရုံးတင်ခံရတာ မရှိဘဲ အချုပ်ကနေပြန်လွတ်တာမျိုးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
တကယ်က နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် ပြည်တွင်း၊ ပြည်ပက တောင်းဆိုနေတာပါ။ ဒါပေမဲ့ ရာဇဝတ်မှုတွေနဲ့ အကျဉ်းကျနေတဲ့သူအများစုကိုပဲ လွှတ်ပေးတာတွေ့ရပါတယ်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေကို ရှောင်လွှဲချင်တဲ့အချိန်မှပဲ ဟန်ပြလွှတ်ပေးတာမျိုးရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ AAPP တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ်ကိုင်ထား”
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလုပ်ထားတာလို့ ပြောပါတယ်။
“ရည်ရွယ်ချက်ရှိရှိနဲ့ကို သူတို့က နံပါတ်တစ်အချက်ချန်ရစ်ခဲ့တယ်။ နံပါတ်နှစ်က နိုင်/ကျဉ်းတွေအပေါ်မှာ သူတို့ထားတဲ့သဘောထား ရပ်တည်ချက်က ရန်သူလို သဘောထားတယ်။ အာဃာတကြီးကြီးနဲ့ ငါတို့ ပြန်ပေးဆွဲထားတာ။ ငါတို့ ဓားစာခံလုပ်ထားတာပဲ။ ငါတို့ ခြင်းထဲကကြက်ပဲ။ ငါတို့ လက်ခုပ်ထဲကရေပဲ”
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ စစ်ကိုင်းတိုင်း မုံရွာဇာတိ ဦးအောင်နေမျိုးကလည်း စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ပေးဆွဲထားတဲ့ပုံစံမျိုးနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသားထက် အစောကြီးကတည်းက အပြစ်ရှိလို့ဖမ်းတာ မဟုတ်ဘူး။ ဆိုမာလီယာ ပင်လယ်ဓားပြတွေလိုပဲ ပြန်ပေးဆွဲတဲ့ပုံစံမျိုးနဲ့ဖမ်းတာ။ သူတို့ နိုင်ငံရေးကစားဖို့အတွက် အကွက်ရွှေ့ဖို့အတွက် ဒါဖမ်းလှောင်ထားတာပဲ”
“စစ်ခေါင်းဆောင် သမ္မတမဖြစ်မချင်း နိုင်ငံရေးအကျဉ်းသားတွေ မလွတ်နိုင်”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတမဖြစ်မချင်း နိုင်ငံရေး အကျဉ်းသားတွေကို ထိန်းထားလိမ့်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
“အာဏာသိမ်းတာကိုကလည်း သူကနိုင်ငံရေးရည်ရွယ်ချက်နဲ့ သိမ်းတာကို။ နိုင်ငံ့အာဏာကိုလိုချင်လို့ သိမ်းတာကိုး။ သူ သမ္မတဖြစ်ပြီးနောက်ပိုင်းကျမှ ဒီပြဿနာတွေရှင်းပြီးတော့ အဖြေပေးမယ့် သဘောမျိုးရှိတယ်။ သူသမ္မတမဖြစ်မချင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမှာကို တမင်သက်သက်ကို ခေါ်ယူပြီးတော့ ထိန်းသိမ်းတယ်။ သေဒဏ်တွေချတယ်။ နောက်ထပ် သေဒဏ်တွေပေးထားတာလည်း အများကြီးပဲ။ အင်မတန်လည်း ရက်စက်တယ်”
စစ်ကောင်စီလွှတ်ပေးတဲ့သူတွေထဲမှာ ရာဇဝတ်မှုနဲ့ ထောင်ကျနေတဲ့သူတွေ၊ လွတ်ရက်စေ့ခါနီးလူတွေပဲ ပါလေ့ရှိတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။
စစ်ကောင်စီအစောပိုင်းပြန်လွှတ်လိုက်လို့ လွတ်လာတဲ့သူတွေဟာ သူတို့ကိုဆက်ပြီး ဆန့်ကျင်တော်လှန်တာ၊ လွတ်မြောက်နယ်မြေတွေကိုရောက်သွားပြီး ဆက်လက်လှုပ်ရှားတာတွေကြောင့် လွတ်ငြိမ်းခွင့်ပေးတာကို စစ်တပ်ထောက်ခံသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလို့မရတော့တာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နေပြည်တော်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ ဘယ်လိုစိစစ်ပြီး လွှတ်တာလဲ၊ လွှတ်ပေးပြီးတာ ဘယ်နှစ်ယောက်ရှိလဲ ဆိုတာသိရဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကျဉ်းဦးစီး ပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
“နိုင်ငံရေးအကျဉ်းသားအားလုံး ဘယ်တော့လွတ်မလဲ”
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွတ်ဖို့ဆိုရင် နွေဦးတော်လှန်ရေးအောင်မြင်မှ ဖြစ်လိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ AAPP တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ပတ်သက်လို့ သူ့မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။
“ကျွန်တော်တို့ ဒီပွဲကတစ်ခုခုအဆုံးအဖြတ်ပေးဖို့ တောင်းဆိုနေတဲ့အချိန်ရောက်ပါပြီ။ ဒီပွဲအဆုံးအဖြတ်ပေးမယ့် အခြေအနေရောက်မှသာ ဒီ ၁၇၀၀၀ ရဲ့ လွတ်မြောက်ရေးဟာ မျှော်လင့်ချက်ရှိနေပါတယ်။ နို့မို့ဆိုရင်တော့ အရေးမပါတဲ့သူတွေ နောက်ပြီးတော့ လွတ်ရက်စေ့ကာနီးတဲ့သူတွေ အဲဒီလူတွေလောက်ပဲ စတိလွှတ်ပေးမှာပါ။ နိုင်ငံရေးအရ သူတို့ကို ဖိအားပေးနိုင်တဲ့သူတွေ ပုဂ္ဂိုလ်တွေဆိုရင်တော့ ဘယ်တော့မှ ထည့်ပြီးစဉ်းစား မှာ မဟုတ်ပါဘူး”
တစ်ပြည်လုံးမှာတင်းမာနေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအရ အခုနောက်ပိုင်း လွတ်ငြိမ်းသက်သာခွင့်တွေမှာ နိုင်ငံရေးအကျဉ်းသား မပါသလောက်ဖြစ်လာပြီလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
စစ်ကောင်စီဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကလေး ၅၉၀၊ အမျိုးသမီး ၄၃၀၀ ကျော်နဲ့ သေဒဏ်ချခံထားရတဲ့သူ အယောက် ၁၁၀ ရှိတယ်လို့ AAPP ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။