ညောင်ခါးရှည် ရဲစခန်း တိုက်ခိုက်ခံရမှု ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရ

RFA Burmese
2023.04.29
ညောင်ခါးရှည် ရဲစခန်း တိုက်ခိုက်ခံရမှု ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရ ပဲခူးတိုင်း၊ ဝေါမြို့နယ်မှ ညောင်ခါးရှည် ရဲစခန်းအား တွေ့ရစဉ်။
ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စစ်တောင်းတံတားနားမှာရှိတဲ့ ညောင်ခါးရှည် စံပြရွာအနား တဝိုက်က လယ်သမားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ညောင်ခါးရှည် ရဲစခန်းကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁) တို့ ပူးပေါင်းပြီး ဧပြီလ ၂၇ ရက်ညမှာ တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတစ်ဦး သေဆုံးတယ်လို့ ပဲခူးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး အနားတဝိုက်က လူတွေကို စစ်ကောင်စီတပ်က လိုက်ဖမ်းနေတာပါ။

"ဝေါအထွက်မှာ အဲတုန်းကလည်း အဲအနီးနားက ရွာသား သုံး၊ လေးဆယ်လောက် ဖမ်းသွားတယ်”

ရဲစခန်းတိုက်ခိုက်ခံရတဲ့ ညမှာကတည်းက ရွာနားက လူခုနစ်ယောက် အဖမ်းခံရသလို နောက်တစ်နေ့ ဧပြီလ ၂၈ ရက်မှာလည်း အဲဒီရွာက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ NLD ပါတီ ထောက်ခံသူတွေပါ ထပ်ပြီးဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အရင်က နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံရဖူးသူတွေကိုလည်း သံသယနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ခါးရှည် စံပြရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဖမ်းခံရဖူးပြီးတော့ သူတို့ခံဝန်တွေနဲ့ ပြန်ထွက်လာတယ်။ ဒါကလည်း သံသယနဲ့ ဖမ်းတာ။ ဘာမှတော့ အထောက်အထား မရှိဘူး။ အခုလည်း အဲဒီအဖမ်းခံရဖူးတဲ့ သံသယနဲ့ပဲ။ ဒီညောင်ခါးရှည် ဆိုတာကလည်း အရင်အဖမ်းခံရဖူးတဲ့သူတွေပေါ့။ အဖမ်းခံဖူးတဲ့သူတွေကို သံသယနဲ့ ပြန်ဖမ်းတယ်။ ဟိုဖက်မှာလည်း သံသယနဲ့ ဖမ်းတာချည်းပဲ။ သိရသလောက် အဲဒီအကုန်လုံးက ဒီကိစ္စနဲ့ ဘာမှပတ်သက်မှုမရှိတဲ့ သူတွေကြီးပဲ”

အဖမ်းခံနေရတဲ့သူတွေအားလုံး မိသားစုနဲ့ အဆက်အသွယ် မရကြသေးဘူးလို့ ဆိုပါတယ်။

ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ ပြည်သူတွေကို နောက်ထပ် ဒုက္ခမပေးအောင် ဒီရဲစခန်းကို တိုက်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“စစ်တပ်ရဲ့ ဝန်ထမ်းတွေ၊ ရဲတွေ၊ ရှင်းရှင်းပြောရရင်တော့ စစ်တပ်ဘက်ကနေ ရပ်တည်လာရတာ မလုံခြုံတော့ဘူးဆိုတာ ပြချင်တာပါ။ နောက်ပြီးပြည်သူကို ဒုက္ခမပေးဖို့ပေါ့နော် အဲဒီရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ လုပ်ခဲ့တာပါ။ မဆိုင်တဲ့သူတွေ ဖမ်းဆီးတဲ့အပေါ် အစ်ကိုတို့အနေနဲ့ သူတို့ကိုပြန်ပြီးတော့ တုံ့ပြန်ဖို့အစီအစဉ်ရှိပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း အစ်ကိုတို့ သူတို့ (စစ်ကောင်စီ) ရဲ့ ဂိတ်ကို သွားလုပ်ဖူးတယ်။ ဝေါအထွက်မှာ အဲတုန်းကလည်း အဲအနီးနားက ရွာသား သုံး၊ လေးဆယ်လောက် ဖမ်းသွားတယ်”

တိုက်ပွဲဖြစ်တဲ့နေရာနားက အရပ်သားတွေကို ဖမ်းဆီး၊ စစ်ဆေး၊ ရိုက်နှက်တာဟာ စစ်ကောင်စီ တပ်သားတွေ အမြဲတမ်းလိုလို လုပ်နေတာလို့ ပဲခူးဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဝေယံက RFA ကို ပြောပါတယ်။

“ညောင်ခါးရှည် ရဲစခန်းကို ည ၇ နာရီမှာ သူတို့တန်းစီနေတဲ့အချိန်မှာပဲ ကျွန်တော်တို့ ဘက်က ဝင်ပြီးတော့ မြေပြင်တပ်ဖွဲ့တွေက ပစ်ခတ်ပါတယ်။ အဲဒီပစ်ခတ်တဲ့သတင်း ကျနော်တို့ဆီကို ဝင်လာပါတယ်။ သတင်းဝင်လာတဲ့အတိုင်းပဲ ကျနော်တို့ ထုတ်ပြန်ထား တာဖြစ်ပါတယ်။ တိုက်ပွဲတစ်ခုဖြစ်သွားပြီဆိုတာနဲ့ ဖြစ်တဲ့နေရာက အရပ်သား ပြည်သူတွေကို သူတို့ (စစ်ကောင်စီ) က ဖမ်းတာ။ ဖမ်းပြီးတော့ ရိုက်တယ်၊ နှက်တယ်။ ထုတယ်။ နောက်ပြီး လူသားဒိုင်းကာတယ်။ ရှင်းလင်းရေးလုပ်တယ်ဆိုတာ ဒါတွေက အမြဲတမ်းလုပ်နေကြပုံစံတွေပါ”

အဖမ်းခံရသူတွေထဲကတချို့ကို ဘုရားကြီးမြို့နားက စစ်ကြောရေးစခန်းကို ပို့လိုက်သလို တချို့ကိုတော့ ဝေါရဲစခန်းမှာ ချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝေါမြို့နယ် (ပကဖ) နှင့် ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁) ပြောက်ကျားတပ်ဖွဲ့တို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Bago Region PDF
ဝေါမြို့နယ် (ပကဖ) နှင့် ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁) ပြောက်ကျားတပ်ဖွဲ့တို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Bago Region PDF

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

NLD ပါတီရဲ့ ဝေါမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်ကလည်း ညောင်ခါးရှည် ရဲစခန်း တိုက်ခိုက်ခံရမှုမှာ ဖမ်းဆီးခံရသူတွေဟာ ဒေသခံတွေသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ညောင်ခါးရှည် ရဲစခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ အခုဒေသခံ နှစ်ဆယ်ကျော်ကို ဖမ်းထားတာကလေ တကယ်လုပ်တဲ့သူတွေလည်း မဟုတ်ဘူး။ တကယ်လုပ်တဲ့သူတွေနဲ့ ဆက်နွယ်တဲ့သူတွေလည်း မဟုတ်ဘဲနဲ့ ဒေသခံ အရပ်သားတွေကို ဖမ်းဆီးထားတာဖြစ်တယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၂၈ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရသူ ၁၇၇၂၆ ဦးရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။