ဥပဒေနဲ့အညီ လယ်မြေပြန်ပေးအပ်ဖို့ ပျက်ကွက်တဲ့အပေါ် တိုင်ကြားဖို့ ပြင်ဆင်


2015.01.25

သိမ်းဆည်းခံ လယ်ယာမြေတွေထဲက တောင်သူတွေထံ ပြန်လည်ပေးအပ်ရမယ့် လယ်ယာမြေတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်မှု မရှိတာတွေ၊ တောင်သူတွေရဲ့ တိုင်တန်းမှုတွေကို ဖြေရှင်းပေးခြင်းမရှိတာတွေကို တိတိကျကျတိုင်ကြားဖို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒါကြောင့် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပျက်ကွက်နေတာတွေကို တိုင်ကြားနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်နေပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

တစ်နိုင်ငံလုံးအနှံ့မှာ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အစည်းအသီးသီးက သိမ်းယူထားတဲ့ လယ်မြေတွေကို တောင် သူတွေထံ ပြန်လည်ပေးအပ်နိုင်ဖို့အတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဆောင်ရွက်နေပါတယ်။

အဲ့ဒီလိုဆောင်ရွက်ရာမှာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ မြေယာစီမံခန့်ခွဲမှုကော်မတီတွေကိုလည်း အသီးသီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ တပ်မတော်၊ အစိုးရဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက ပြန်လည်စွန့်လွှတ်ထားတဲ့ လယ်ယာမြေတွေကို အဲ့ဒီကော်မတီဝင်တွေက စိစစ်ပြီး တောင်သူတွေထံ လွဲှပြောင်းပေးရတာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီကော်မတီဝင်က လယ်ယာမြေတွေကို ဥပဒေနဲ့အညီ လွဲှပေးတာတွေမရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီလ ၂ဝ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မြေယာစီမံခန့်ခွဲ မှုကော်မတီဝင်တွေက လယ်ယာမြေတွေကို တောင်သူတွေထံ ပြန်လည်ပေးအပ်ဖို့ ပျက်ကွက်နေပြီး တောင်သူတွေရဲ့ တင်ပြမှုတွေကို လျစ်လျူရှုထားတယ်လို့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီလိုဥပဒေနဲ့အညီ လိုက်နာ မှုမရှိသူတွေကို အရေးယူဖို့ အစီအစဉ် ရှိ၊ မရှိ ပြည်ထောင်စုအစိုးရကို မေးမြန်းတင်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တိတိကျကျတိုင်ကြား မယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူမှာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

ဒုတိယဝန်ကြီးနဲ့ ဖြေကြားချက်အတိုင်း တရားဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက်တွေကို လွှတ်တော်ဥက္ကဌကနေ တဆင့် တင်ပြသွားမယ်လို့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် ဧရာဝတီတိုင်းဒေသကြီးအဖွဲ့ခွဲက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

ဦးဝင်းမြင့်။                 ။ကျနော်မေးထားတဲ့မေးခွန်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကလည်း ဖြေထား တယ်၊ လွှတ်တော်နားတဲ့အခါကျတော့ ပြည်သူ့လွှတ်တော်ဥက္ကဌရယ်၊ ကျနော်ရယ်၊ အခုနက ဒုဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ဇံမြင့်ရယ် ၂ ဦးတွေ့ပြီးတော့ ဖြစ်ပျက်နေတာ နမူနာတွေ လေးငါးခြောက်ခု ပြောပြလိုက်တယ်၊ ကျနော်ဆီမှာ ဒါမျိုးတွေ အများကြီးကွဲလွဲနေတာတွေရှိတယ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ရယ်၊ နိုင်ငံတော်သမ္မတ ကနေ ပြန်လည်စွန့်လွှတ်ရမယ်ဆိုတဲ့ မူဝါဒရယ်၊ ဒီစီမံခန့်ခွဲမှု ဗဟိုကော်မတီဥက္ကဌ ဒုသမ္မတ ဦးဉာဏ်ထွန်းကနေပြီးတော့ လမ်းညွှန်ပြီးတော့ ဘယ်လိုဟာတွေ ပြီးရမယ်ဆိုတာတွေနဲ့ ကွဲလွဲနေတာတွေရှိတယ်ဆိုပြီးတော့ ကျနော်အဲ့ဒါနဲ့ပြောတယ် ၊ ပြောတော့ပြုလုပ်ပေးဖို့ကို ပြည်သူ့လွှတ်တော်ဥက္ကဌကလည်း လက်ခံတယ်၊ စနေ၊ တနင်္ဂနွေ ၂ ရက်မှာ တိုင်ထားတဲ့ တိုင်စာတွေနဲ့ အမှုတွဲတွေနဲ့ ကျနော်ပြန်ဖတ်ပြီးတော့ ကျနော်အကျဉ်းချုပ်တွေလုပ်ပြီးတော့ နောက်ခံနောက်ဆက်တွဲတွေနဲ့ ကျနော်ပြုစုပေးပြီးတော့ ကျနော်တင်ပေးဖို့အခုလုပ်နေတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက သိမ်းဆည်းခံလယ်ယာမြေတွေထဲက လယ်မြေဧက ၁ သိန်းကျော်ကို စွန့်လွှတ်ပေးထား ပြီး နောက်ထပ်ဧက ၁ သိန်းကျော်ကို ထပ်မံစွန့်လွှတ်ပေးသွားမယ်လို့  မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက အစိုးရသတင်းစာတွေမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

အဲ့ဒီလို ထုတ်ပြန်ကြေညာမှုတွေရှိပေမယ့် အောက်ခြေမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က တောင်သူတွေထံ လွဲှပြောင်း မပေးသေးတာတွေကို တင်ပြသွားမယ်လို့ ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဦးစိုင်းသီဟကျော်။                 ။ကျနော်တို့ဒေသမှာကတော့ တပ်ကသိမ်းထာတဲ့မြေယာတွေကို ပြန်လည်စွန့်လွှတ်ဖို့ ကျနော်မေးခွန်းတွေတင်ခဲ့ပါတယ်၊ တပ်ကပြန်လည်စွန့်လွှတ်ပြီးတော့ စွန့်လွှတ်တဲ့စာတွေလည်း ကျနော်ပြန်လည်ဖြေ ကြားခဲ့ပါတယ်၊ အောက်ဘက်မှာတော့ ရွာသူရွာသားများနဲ့ တွေ့ပြီးတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနဘက်က အထက်အဆင့်ဆင့်ကို ပြန်လည်ပြီးတော့မှ တင်ပြခွင့်ရပြီးမှသာ ရွာသားတွေကိုနေထိုင်ခွင့်ပြုမယ်ဆိုတော့ ပြန် ပြီးတော့ဖြေရှင်းပါတယ်၊ တပ်အနေနဲ့ကလည်း သူ့မြေများအားလုံးစွန့်လွှတ်ပြီးပြီ၊ ဒါပေမယ့် ရွာသားတွေက လက်ဝယ်ပြန် မရကြသေးဘူး၊ ကြန့်ကြာနေတဲ့အပိုင်းကျတော့ အုပ်ချုပ်ရေးပိုင်းကဖြစ်နေပါတယ်၊ ဒီလိုမျိုးကိစ္စ နည်းနည်းလေးကြန့် ကြာနေတဲ့အတွက်ကြောင့် အခုကျနော် အဲ့လိုမျိုးကိစ္စကိုလည်း လွှတ်တော်မှာ ထပ်ပြီးတင်ပြပေးသွားမယ်ပေါ့၊ အမြန်ဆုံးပြန်လည်ရရှိဖို့ ဒါတွေဘယ်လိုလုပ်ဆောင်နေပါတယ်ဆိုတဲ့ မေးခွန်းတင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

အောက်ခြေအဆင့် မြေယာစီမံခန့်ခွဲမှု ကော်မတီဝင်တွေရဲ့ ဆောင်ရွက်ချက်တွေ လွဲမှားနေတာကြောင့် လယ်ယာမြေပြန် မရတဲ့ လယ်သမားတွေ အတော်များတယ်လို့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ပြည်နယ် အဖွဲ့ခွဲက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ဦးဖေသန်း။                ။အောက်ခြေမှာ အုပ်ချုပ်ရေးပိုင်းလည်း မြေစာရင်းဌါနတို့ပေါ့နော်၊ မြေအသုံးချရေး ကော်မတီ ကလုပ်တာမှာ တကယ့်တကယ် ပြန်ရထိုက်တဲ့လူတွေ မရတာလည်းရှိတယ်၊ ပြီးတော့ တစ်ချို့တစ်ဝက်ရပြီးတော့၊ တစ်ချို့တစ်ဝက်မရတာတွေလည်းရှိတယ်၊ အောက်ခြေမှာ လုပ်ပုံလုပ်နည်းတွေက မမှန်မကန်ဖြစ်နေတဲ့အပေါ်မှာ ဒီလယ်သမားတွေဟာ သူတို့မြေတွေကို ပြန်မရကြတာတွေ အများကြီးရှိပါတယ်၊ ကျနော်တို့ဒေသမှာလည်းရှိပါတယ် ၊ နောက်ပြီးတော့ တပ်နဲ့ပတ်သက်ပြီးတော့ မြေပြန်ပြီးတော့ စွန်လွှတ်ဖို့ဆိုတဲ့အပိုင်းမှာ တကယ်တမ်းစွန့်လွှတ်သင့်ပါ လျှက်နဲ့ မစွန့်လွှတ်တဲ့မြေတွေရှိတယ်။

မြေသိမ်းဥပဒေတွေအရ စီမံကိန်းအမျိုးမျိုးအတွက် သိမ်းယူခဲ့ပေမယ့် စီမံကိန်းအကောင်အထည်မဖော်နိုင်ရင် ပြန် လည်ပေးအပ်ရမှာဖြစ်ပြီး မပေးနိုင်ပါက ကာလပေါက်ဈေးအတိုင်း လျော်ကြေး၊ နစ်နာကြေးတွေ ပေးရမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လေ့လာတွေ့ရှိချက်အရ တပ်မတော်၊ အစိုးရဝန်ကြီးဌာနတွေနဲ့ ဦးပိုင်အပါအဝင် ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းတွေက သိမ်းယူထားတဲ့ လယ်မြေတွေဟာ နစ်နာကြေးအနည်းငယ်ပေးပြီး တရားဥပဒေမဲ့ သိမ်းယူတာများတယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေ က ပြောကြပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။