နိုင်ငံတကာအကူအညီရအောင် ပလက်ဝကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်ဖို့ NUG တိုက်တွန်း

ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2022.11.28
နိုင်ငံတကာအကူအညီရအောင် ပလက်ဝကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်ဖို့ NUG တိုက်တွန်း ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Chinland Defense Force - Paletwa

ချင်းပြည်နယ် တောင်ဘက်စွန်းမှာရှိပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပလက်ဝဒေသကို တော်လှန်ရေးအင်အားစုတွေက ၁၀၀ ရာခိုင်နှုန်းထိန်းချုပ်နိုင်မယ်ဆိုရင် နိုင်ငံတကာရဲ့လူသားချင်းထောက်ထားမှုအကူအညီနဲ့ တော်လှန်ရေးအပေါ် ထောက်ခံမှုတွေ ပိုရလာနိုင်တယ်လို့ NUG မှာ ပါဝင်တဲ့ ချင်းနိုင်ငံရေးခေါင်းဆောင်တွေက ပြောကြပါတယ်။

ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပလက်ဝဘက်ကတော့ နိုင်ငံရေးတရားဝင်မှုလိုအပ်ချက်အရ ထိန်းချုပ်နယ်မြေတွေကို NUG ကကြေညာတာဟာ မြေပြင်မှာ လက်နက်နဲ့လိုအပ်ချက်တွေရှိနေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ထိခိုက်မှုတွေများလာလိမ့်မယ်လို့ တုံ့ပြန်ပါတယ်။

“ဒီးမော့ဆိုမှာ ကရင်နီမှာ ဒီလောက်ထိန်းချုပ်ပြီလို့ NUG က ကြေညာလိုက်တဲ့အခါ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးနှက်လာတဲ့အခါ ကျွန်တော်တို့က နှစ်ဆ၊ သုံးဆခံရတယ်။”

ချင်းပြည်နယ်၊ ပလက်ဝဒေသဟာ လေယာဉ်ကွင်း၊ သင်္ဘောဆိပ်ကမ်းရှိတဲ့ နေရာဖြစ်တာကြောင့် နိုင်ငံတကာ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အကူအညီတွေဟာ ရန်ကုန်မြို့ကနေ တစ်ဆင့်လာရောက်ဖို့မလိုဘဲ တိုက်ရိုက်လာရောက်နိုင်လို့ နယ်မြေထိန်းချုပ်ရေးကို အဓိကထားလုပ်ဆောင်ဖို့ လိုတယ်လို့ ချင်းနိုင်ငံရေးခေါင်းဆောင်တွေက ပြောပါတယ်။

ပလက်ဝဒေသကို အပြည့်အဝထိန်းချုပ်နိုင်မယ်ဆိုရင် နိုင်ငံတကာကို တံခါးခေါက်လို့ရပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

“ပလက်ဝဒေသဟာ ကျွန်တော်တို့ရဲ့ လက်အောက်မှာအပြည့်အဝရှိပြီဆိုရင် နိုင်ငံတကာကို တံခါးခေါက်လို့ ရပြီ။ မလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်က အလုပ်မဖြစ်တော့ဘူး။ သူတို့လှုပ်ရှားရတော့မှာ လုပ်နိုင်တဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ ဖန်တီးပြီးသားဖြစ်မယ်။ ရက္ခိုင့်တပ်တော် AA ဘက်ကလည်း သူတို့ နယ်မြေထိန်းချုပ်ရေးအများကြီးလုပ်နေတယ်။ ချင်းပြည်နယ်ဘက်မှာလည်း ပလက်ဝဘက်မှာ နယ်မြေထိန်းချုပ်ရေးကို လုပ်မယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ အိန္ဒိယနယ်စပ်မှာ Save Zone ဖန်တီးပေးနိုင်မယ်ဆိုရင် နိုင်ငံတကာအနေနဲ့ မသွားနိုင်ဘူးဆိုတာ မရှိတော့ဘူး။”

ပလက်ဝကို လွတ်မြောက်ဒေသအဖြစ်ထိန်းချုပ်နိုင်မယ်ဆိုရင် စစ်ကောင်စီရဲ့အာဏာသိမ်းမှုနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကြား တစ်ဖက်ဖက်ကို ရပ်တည်ဖို့ ဇဝေဇဝါဖြစ်နေတဲ့အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို စည်းရုံးဖို့ လွယ်ကူသွားမယ်လို့ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

“ပလက်ဝဒေသကို လွတ်မြောက်နယ်မြေအဖြစ်ထိန်းချုပ်နိုင်မယ်ဆိုရင် ဇဝေဇဝါဖြစ်နေတဲ့ အိန္ဒိယနိုင်ငံအတွက်လည်း စည်းရုံးရလွယ်ကူမယ်။ ဘင်္ဂလားဒေ့ရှ်အတွက်လည်း စည်းရုံးရလွယ်ကူမယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အပေါ် စိတ်နာတဲ့တိုင်းပြည်ဖြစ်ပါတယ်။ အိန္ဒိယဆိုလည်း ယနေ့အထိ ဇဝေဇဝါနဲ့ နေတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အိန္ဒိယက ကျွန်တော်တို့ မြန်မာနိုင်ငံပေါ်မှာထားတဲ့ သဘောထားက တရုတ်ရဲ့လွှမ်းမိုးမှုကို စိုးရိမ်တယ်။ စစ်ကောင်စီနဲ့ ဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ်ပေါ့ အစိုးရလုပ်နေတဲ့ ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်ပြေအောင်ပေါင်းမယ်ဆိုတဲ့ မှားယွင်းတဲ့ ပေါ်လစီကြောင့် ကျွန်တော်တို့ ဒုက္ခရောက်နေတာ။ အိန္ဒိယဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ်ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ် ပြည်သူသာအနိုင်ရမယ်၊ ပလက်ဝကိုလည်း လွတ်မြောက်ဒေသအဖြစ်ထိန်းချုပ်နိုင်မယ်လို့ သူတို့မြင်လာရင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပေါ်လစီတွေအများကြီးပြောင်းလဲနိုင်တယ်လို့ သုံးသပ်မိပါတယ်။”

ချင်းပြည်နယ်တော်လှန်ရေးတပ်ဖွဲ့ CDF တွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေရှာဖွေရေးအတွက် နိုဝင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ NUG ဝန်ကြီးတွေက အခုလိုပြောခဲ့တာပါ။

ပလက်ဝဒေသဟာ ၂၀၁၅ ခုနှစ်ကစပြီး ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်ကြားတိုက်ပွဲဖြစ်နေတဲ့ ဒေသဖြစ်ပါတယ်။ လက်ရှိမှာ ရက္ခိုင့်တပ်တော်ဘက်က နယ်မြေစိုးမိုးမှုအများဆုံးရထားတဲ့ဒေသဖြစ်ပြီး ပလက်ဝမြို့ပေါ်မှာ စစ်ကောင်စီက နေရာယူထားပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က ပလက်ဝမြို့နယ်အတွင်းက ဆမီးမြို့၊ မတူပီ-ဆမီးကားလမ်းတစ်လျှောက်နဲ့ ရှင်းလက်ဝကျေးရွာနဲ့ ကန်ပက်လက်၊ မတူပီ ၊ မင်းတပ်၊ ပလက်ဝ စတဲ့လေးမြို့နယ်ထိစပ်တဲ့ ဒိုင်းဒေသ သံတောင်ဗျူဟာတပ်ရင်းကို နယ်မြေစိုးမိုးထားတယ်လို့ ပြောပါတယ်။

"ပလက်ဝကိုလည်း လွတ်မြောက်ဒေသအဖြစ် ထိန်းချုပ်နိုင်မယ်လို့ သူတို့မြင်လာရင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပေါ်လစီတွေအများကြီးပြောင်းလဲနိုင်တယ်လို့ သုံးသပ်မိပါတယ်။”

ဒီပမာဏဟာ ပလက်ဝမြို့နယ်တစ်ခုလုံးနဲ့တွက်မယ်ဆိုရင် အနည်းငယ်သာရှိတယ်လို့ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပလက်ဝရဲ့ ဥက္ကဋ္ဌ ကိုပေါလုက ပြောပါတယ်။

နယ်မြေစိုးမိုးမှုကို လိုအပ်ပေမယ့် CDF တွေဟာ မူလတပ်မရှိဘဲ ပြည်သူကနေသာ ဖွဲ့စည်းတဲ့တပ်တွေဖြစ်လို့ NUG က နယ်မြေစိုးမိုးမှုတွေကို ကြေညာတဲ့အခါ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး မြေပြင်တပ်တွေက ထိခိုက်မှုတွေပိုများတယ်လို့ သူက ပြောပါတယ်။

“နယ်မြေစိုးမိုးရေးလုပ်ချင်တယ်ဆိုတာ ပထဝီနိုင်ငံရေးအရ လက်တွေ့ကျကျအသုံးချချင်တာ။ လက်ရှိမှာ ကျွန်တော်တို့က လုံးဝနယ်မြေစိုးမိုးရေးမလုပ်နိုင်ဘူး။ လက်နက်ခဲယမ်းလည်းအနည်းဆုံးဖြစ်တယ်။ နိုင်ငံရေးရဲ့ တရားဝင်မှုဖြစ်စေချင်တဲ့တစ်ခုနဲ့ ချင်းမှာ ၈၀ ရာခိုင်နှုန်းထိန်းချုပ်ပြီ။ ဒီးမော့ဆိုမှာ ကရင်နီမှာ ဒီလောက်ထိန်းချုပ်ပြီလို့ NUG က ကြေညာလိုက်တဲ့အခါ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးနှက်လာတဲ့အခါ ကျွန်တော်တို့က နှစ်ဆ၊ သုံးဆခံရတယ်။ KIAဆိုလည်းလက်နက်ကိုင်အဖွဲ့၊ KNLA ဆိုလည်း လက်နက်ကိုင်အဖွဲ့ AA ဆိုလည်း အေအေပဲတိုက်တာ။ ရခိုင်အားလုံးတိုက်တာမဟုတ်ဘူး။ ချင်းဆိုတာက ချင်းအားလုံးတိုက်တာ။ အဲ့လိုဟာမျိုးကို NUG က အဲ့လိုပြလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ကို စစ်ကောင်စီက လေကြောင်းကော၊ ကုန်းကြောင်းကော ဖိပြီးတိုက်ခိုက်လာတယ်လို့ ခံစားရတယ်။”

ရက္ခိုင့်တပ်တော် AA က ပလက်ဝမှာ စစ်ရေးလှုပ်ရှားမှုအများအပြားရှိပြီး နယ်မြေစိုးမိုးမှုအများဆုံးဖြစ်ပေမယ့် CDF အဖွဲ့တွေနဲ့ ရက္ခိုင့်တပ်တော် AA ကြားတိုက်ပွဲတွေဖြစ်တာတော့ မရှိသေးဘူးလို့ ကိုပေါလုက ပြောပါတယ်။

2021-06-01T000000Z_1994634386_RC2ORN9JX2PB_RTRMADP_3_MYANMAR-POLITICS.JPG
ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)

လက်ရှိမှာတော့ လက်နက်အင်အားနည်းနေတဲ့ ပလက်ဝမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေကို သိန်းငါးထောင် ကူညီနိုင်ဖို့ Project Kimo ဆိုတဲ့လှုပ်ရှားမှုတစ်ခုကို တော်လှန်ရေးအင်အားစုတွေကလုပ်ဆောင်နေပါတယ်။ ဒီငွေရဲ့ ၆၀ ရာခိုင်နှုန်းကို CDF တွေကို လက်နက်တပ်ဆင်ရေးအတွက် အသုံးပြုပြီး ကျန် ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝတစ်မြို့နယ်ထဲမှာတင် စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲလောက်ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကတော့ မြန်မာနိုင်ငံရဲ့နယ်မြေဒေသ ၆ဝ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအင်အားစုတွေက ထိန်းသိမ်းထားနိုင်ပြီဖြစ်တယ်လို့ RFA ကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။