စစ်ကောင်စီဖိအားကြောင့် အမေရိကန် PGMF ငွေချေးလုပ်ငန်း မြန်မာပြည်က ထွက်ခွာ
အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုတွေ အနာဂတ်မှာ လွှဲပြောင်းပေးရမယ်လို့ စစ်ကောင်စီက တောင်းဆိုတာကြောင့် ထွက်ခွာရတာလို့ PGMF က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-06-28 -
-
-
အမေရိကန်နိုင်ငံ အခြေစိုက် Pact Global Microfinance Fund (PGMF) ဟာ မြန်မာပြည် မှာ နှစ်ပေါင်း ၂၆ နှစ်ကြာ အသေးစားချေးငွေတွေ ထုတ်ပေးနေရာကနေ စစ်ကောင်စီရဲ့ ဖိအားကြောင့် မြန်မာပြည်က ထွက်ခွာတော့မှာပါ။
PGMF အနေနဲ့ မှတ်ပုံတင်အသစ်တင်မယ်ဆိုရင် အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုတွေ အနာဂတ် မှာ လွှဲပြောင်းပေးရမယ်လို့ စစ်ကောင်စီက တောင်းဆိုခဲ့တာကြောင့် ထွက်ခွာရတာလို့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Ellen Varney က ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ထုတ်ပြန်ပြောဆို ပါတယ်။
"လက်လုပ်လက်စား တောင်သူလယ်သမားတွေအတွက်လည်း အဆင်ပြေတယ်၊ ရှိစေချင်တယ်ပေါ့နော် အမှန်တိုင်းပြောတာ”
ဒီအဖွဲ့က ကျေးလက်နေပြည်သူတွေ ဝင်ငွေတိုးစေဖို့ ချေးငွေထုတ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် သူတို့ ထွက်သွားရင် ကျေးလက်နေပြည်သူတွေ နစ်နာရမှာဖြစ်တယ်လို့ PGMF ရဲ့ ချေးငွေရယူဖူး သူတွေက RFA ကို ပြောပါတယ်။
PGMF ရဲ့ ချေးငွေကို လယ်ယာလုပ်ငန်းအတွက် ရယူဖူးတဲ့ မကွေးတိုင်းက မအေးအေးတော့ PGMF ကို မထွက်ခွာစေချင်ဘူးလို့ ပြောပါတယ်။
“ကျွန်မတို့နဲ့ Pact Myanmar နဲ့ဆိုတာ အဆင်ပြေတယ်။ မှန်မှန်ကန်ကန်နဲ့လည်း ကိုယ်ကလိုတဲ့အချိန်မှာ ဒီငွေကြီးကို ချေးထားတာလေ။ အလုံးအခဲကြီးကို ချေးထားတဲ့ သူတွေ ရှိတယ်လေ။ ကားဝယ်မှာ တို့၊ ဝိုင်းဝယ်မှာတို့ အဲဒီလိုမျိုးဆိုရင် ထောက်ခံပေး မယ့်သူ နှစ်ယောက်ပါတယ်ဆိုရင် ငွေထုတ်ချေးပေးတာတွေ ရှိတယ်လေ။ ဒီမှာ ပြန်ရောက်တာ ကျွန်မသိသလောက်ဆို ၁၀ နှစ်ကျော်သွားပြီး သိတာ။ Pact Myanmar ဒီမှာရှိတာလေ။ လက်လုပ်လက်စား တောင်သူလယ်သမားတွေအတွက်လည်း အဆင်ပြေတယ်၊ ရှိစေချင်တယ်ပေါ့နော် အမှန်တိုင်းပြောတာ”
PGMF ကို စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အသင်းအဖွဲ့မှတ်ပုံတင် အသစ်လုပ်ဖို့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ စစ်ကောင်စီတောင်းဆိုချက်ဟာ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေကို ချိုးဖောက်မှု ဖြစ်လာနိုင်တာအပြင် အခြား အကြောင်းရင်းတွေကြောင့် လိုက်နာဖို့ မဖြစ်နိုင်ဘူးလို့ PGMF က ဆိုပါတယ်။
အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် အောက်တိုဘာ လ ၂၈ ရက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲဒီဥပဒေမှာ အသင်းအဖွဲ့တစ်ခုကို အပေးအယူကိစ္စ အပေါ်မှာ မူတည်ပြီးတော့ မှတ်ပုံတင်ခွင့် ပြု၊ မပြု စတဲ့ ပြဋ္ဌာန်းချက်တွေမပါဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“အဲဒီလိုမျိုးတော့ မရှိဘူးဗျ။ ယခင်ဥပဒေမှာရော အောက်တိုဘာ ၂၈ ရက်နေ့က ထုတ် လိုက်တဲ့ ဥပဒေ အသစ်မှာရော အဲဒီလိုတော့ ပြဋ္ဌာန်းထားတာ မရှိဘူး။ ဘယ်အခါမျိုးမှာ ပိုင်ဆိုင်မှုတွေကို သိမ်းမလဲဆိုရင် အသင်းအဖွဲ့မှတ်ပုံတင်ရေးအဖွဲ့ဆီမှာ မှတ်ပုံပြန်တင် ရမှာ အဲဒီလိုမှတ်ပုံမတင်ဘဲနဲ့ ဆက်ပြီးလုပ်ငန်းတွေ လုပ်နေမယ်ဆိုရင်တော့ အဲဒီ အသင်းကိုလည်း ဖျက်သိမ်းမယ်၊ အသင်းကလူတွေကိုလည်း အရေးယူမယ်၊ အသင်းက ပိုင်ဆိုင်နိုင်သမျှ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေကိုလည်း သိမ်းဆည်းမယ်။ ဒီလိုပဲပါတယ်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးကတော့ စစ်ကောင်စီ ရဲ့ ဗဟိုဘဏ်ဟာ အသေးစားငွေချေးလုပ်ငန်းတွေကို တင်းကျပ်ထားသလို NGO အဖွဲ့တွေရဲ့ ငွေကြေးစီးဆင်းမှု တွေကိုပါ ထိန်းချုပ်ချင်နေတာလို့ ထောက်ပြပါတယ်။
“ဘယ် Customer က ဘယ်လိုယူတယ်ဆိုတာ သူတို့က မသိတော့ဘူး။ အစိုးရက ငွေကြေးစီးဆင်းမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ချင်တဲ့အခါကျတော့ အဲဒီဟာတွေလည်းပါတဲ့အတွက် ဒီဟာတွေ စိစစ်ပြီး ဘဏ်တွေ ကနေ အာမခံပြီး လုပ်ပေးနိုင်တဲ့ လုပ်ငန်းတွေလောက်ကိုပဲ အခုလောလောဆယ် ခွင့်ပြုထားတာရှိတယ်။ နောက်ပိုင်း (လုပ်ငန်း) အသစ်တွေမချပေးဘူးလို့ ကြားတယ်။ ငွေကြေးစီးဆင်းတဲ့ ဟာကို ဖြတ်တောက်ချင်တာလည်းပါတယ်။ နောက်တစ်ခုက ဗဟိုဘဏ်ကနေ ထိန်းချုပ်ပြီးတော့ ဒီ NGO ကနေတစ်ဆင့် ဘယ်တွေကို ရောက်နေလဲဆိုတာ သူတို့က အဓိက က သိချင်တာ"
PGMF ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဟာ PGMF ရဲ့ အကြီးအကဲတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားခဲ့သလို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စလို့ ငွေချေးခွင့်တွေကိုပါ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
လုပ်ငန်းပိတ်သိမ်းမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက လူပေါင်းကိုးသိန်းနီးပါးဆီကနေ အမေရိကန် ဒေါ်လာ ၁၅၆ သန်းကျော်ရရှိဖို့ ရှိနေတာတွေကိုလည်း ပြန်ဆပ်ဖို့မလို တော့ကြောင်းကိုလည်း PGMF က အသိပေးထားပါတယ်။
PGMF ဆီက ချေးငွေနဲ့ ငွေရေးကြေးရေး အဆင်ပြေလာခဲ့တဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့ ပေါ်က ကုန်သည် မကြီးစန်း ကတော့ PGMF ထွက်ခွာတာကို စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။
“ကျွန်မဆိုရင် ဈေးဆို ဈေးဗန်းလေးနဲ့ ရောင်းတာပေါ့လေ။ သူတို့ဆီက စလုပ်တော့ ဈေးဗန်းလေးနဲ့ ရောင်း တယ်။ ဈေးဗန်းလေးနဲ့ ရောင်းရာကနေ တဖြည်းဖြည်း တဖြည်းဖြည်း တက်သွားတာ အခုဆိုရင် ဝပြည်ဘက်ကို ကုန်ဖြန့်ချိရေးအထိကို ကျွန်မရောက်သွားပြီ။ ရောက်သွားပြီးတဲ့အချိန်ကျမှ သူကဒီလို ပြန်ရုပ်သိမ်းတယ် ဆိုတော့ ကျွန်မတို့တော်တော်လေးကို စိတ်မကောင်းဖြစ်တယ်”
သူ့အနေနဲ့ ငါးဦးစပ် ချေးငွေကို ရယူခဲ့တာဖြစ်ပြီး အခုလို PGMF ထွက်ခွာတာကြောင့် လုပ်ငန်းတိုးချဲ့ဖို့ အနည်းငယ်ခက်ခဲသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ PGMF ရဲ့ ပြောခွင့်ရ Molly Derrick ကို RFA က အီးမေးလ်က တစ်ဆင့် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ စစ်ကောင်စီရဲ့ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာန ကို ဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း RFA ကို လက်ခံဖြေဆိုတာ မရှိပါဘူး။
အရပ်ဘက်ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PGMF ကို ၁၉၉၇ ခုနှစ်နှစ်ကစလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ရဲ့ အကူအညီနဲ့စတင်ခဲ့တာဖြစ်ပြီး မြန်မာပြည်က ကျေးလက်နေပြည်သူတွေ အတွက် ဝင်ငွေ တိုးပွားလာစေဖို့ ချေးငွေထုတ် ပေးနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။
နှစ်ပေါင်း ၂၆ နှစ်အတွင်းမှာ မြန်မာနိုင်ငံ ရွာပေါင်း တစ်သောင်းခွဲနီးပါးက လူပေါင်း ၂ ဒသမ ၃ သန်းအတွက် အသေးစားချေးငွေ ဝန်ဆောင်မှုပေးခဲ့တယ်လို့ PGMF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PGMF ဟာ Pact Myanmar နဲ့ ဆက်စပ်ပေမယ့် သီးခြားအဖွဲ့အစည်းအဖြစ် ရပ်တည်နေ တာကြောင့် Pact Myanmar ရဲ့ စီမံကိန်းတွေကတော့ ဆက်ရှိနေမယ်လို့ ဇွန် ၂၇ ရက်မှာပဲ Pact Myanmar က ထုတ်ပြန်ထား ပါတယ်။