ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်လိုက်တာကြောင့် ကြိုးစားနေသူတွေ မျှော်လင့်ချက်မဲ့သွား
2024.05.03

မြန်မာနိုင်ငံသား အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက မေလ ၁ ရက်နေ့ကစပြီး ယာယီ ရပ်ဆိုင်းလိုက်တာကြောင့် ပြည်ပထွက်ဖို့ အတိုးကြီးကြီးနဲ့ ငွေချေးယူပြီး ကြိုးစားနေသူတွေ၊ ရှိသမျှ ပေါင်နှံရောင်းချပြီး ကြိုးစားနေသူတွေ အခက်အခဲဖြစ်ပြီး မျှော်လင့်ချက်မဲ့သွားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ဒီလိုပိတ်တဲ့အထဲမှာ အလုပ်သမား ဝန်ကြီးဌာနကနေ ဧပြီလကုန်အထိ ပြည်ပထွက်ခွင့် အတည်ပြုချက် ရထားပြီးသူတွေ မပါဝင်ပါဘူး။
ဒါပေမဲ့ မေလ ၁ ရက်နေ့ကစပြီး ပြည်ပထွက်ဖို့ ကြိုးစားသူတွေအထဲက အမျိုးသားတွေကို ယာယီရပ်ဆိုင်းမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက RFA ကို အတည်ပြုပြောဆိုပါတယ်။
“အမျိုးသားတွေကို ရွှေ့ပြောင်းလုပ်သားအဖြစ် စေလွှတ်တာ ခေတ္တဆိုင်းငံ့သွားပါမယ်။ ဧပြီလကုန်အထိ MOU နဲ့တင်ထားတဲ့ဟာ အားလုံးက ကန့်သတ်တဲ့အထဲမှာ မပါဘူး။ မေ ၁ ရက်နေ့ကစပြီး Demand (အလုပ်ခေါ်စာ) တင်တဲ့သူတွေထဲကပဲ အဲဒီထဲမှာပါလာတဲ့ ကျားနဲ့မထဲက ကျားကို ယာယီဆိုင်းငံ့ပြီး မကိုတော့ ဆက်ပြီး စေလွှတ်ပေးသွားမှာဖြစ်ပါတယ်”
သူ့ရဲ့ပြောဆိုချက်အရ မေလမတိုင်ခင်က အလုပ်သမား ဝန်ကြီးဌာနကို တင်ပြထားပြီး ခွင့်ပြုချက် စောင့်နေသူတွေနဲ့ မေလ ၁ ရက်နေ့ နောက်ပိုင်းမှာ ပြည်ပထွက်ဖို့ ကြိုးစားမယ့် အမျိုးသားအားလုံး ဒီကန့်သတ်ချက်ထဲမှာ အကျုံးဝင်နေပါတယ်။
မကွေးတိုင်း၊ မင်းဘူးမြို့ လယ်သမားမိသားစုမှာ မွေးဖွားလာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုသိန်းငွေဟာ မိခင်နဲ့ အစ်မဖြစ်သူရဲ့ လက်ဝတ်ရတနာတွေကို ရောင်းချပြီး ဂျပန်နိုင်ငံထွက်ဖို့ ကြိုးစားနေသူပါ။
“အခုတော့ အိပ်မက်တွေ ပျက်ပြယ်သွားပြီး ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူး”
နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ်လုပ်ခနဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကိုပေးရတဲ့ ကုန်ကျစရိတ်တင် လောလောဆယ် သိန်း လေးဆယ်ခန့်ရှိတာကြောင့် မိခင်နဲ့ အစ်မဖြစ်သူက ရှိသမျှ ရွှေတိုရွှေစလေးတွေ ရောင်းချပြီး စိုက်ထုတ်ပေးထားပါတယ်။ ဒါနဲ့တင် မလုံလောက်လို့ သူတစ်ပါးဆီက အတိုးအကြီးကြီးနဲ့ ချေးယူထားရတယ်လို့ ကိုသိန်းငွေက ပြောပါတယ်။
အခုတော့ အိပ်မက်တွေ ပျက်ပြယ်သွားပြီး ဘယ်လိုလုပ်ရမှန်း မသိတော့ဘူးလို့ ကိုသိန်းငွေက ဆိုပါတယ်။
“ကျွန်တော်တို့က ရှိတာရောင်းပြီး ဂျပန်ထွက်ဖို့ လုပ်ထားတာ။ ဒီမှာက နိုင်ငံရေးကလည်း မကောင်းဘူး။ အလုပ်အကိုင်လည်း မရှိဘူး။ အခုပိတ်လိုက်တော့ အားလုံး ဒုက္ခရောက်ပြီ။ ပတ်စ်ပို့စ်လုပ်တယ်။ အေးဂျင့်တွေကို ငွေသွင်းထားတာချည်း သိန်းသုံးဆယ်။ စာအုပ်လုပ်တာရော အားလုံးဆို လေးဆယ်လောက်ကုန်တယ်။ အခု ပြည်ပခေါ်စာတွေ ပိတ်လိုက်တော့ တိုင်ပတ်ပြီ။ ဘယ်တော့ပြန်ဖွင့်မလဲ မသိတော့ဘူး။ တော်တော်လေးလည်း ထိတ်လန့်နေပြီ။ ချေးထားတဲ့ငွေတွေ ဘယ်လိုလုပ်ရမယ်မှန်းကို မသိတော့ဘူး”
ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံမှာ ဆယ်နှစ်ကျော် အလုပ်လုပ်နေတဲ့ မစုစုကတော့ ငွေကုန်ကြေးကျပိုများတဲ့ ဂျပန်နိုင်ငံကို မသွားနိုင်ပါဘူး။ ဒါကြောင့် ငွေနည်းနည်းနဲ့ ရောက်နိုင်မယ့် အိမ်နီးချင်း ထိုင်းနိုင်ငံကို မောင်ဖြစ်သူနဲ့အတူ ထွက်အလုပ်လုပ်ဖို့ ကြိုးစားနေသူပါ။
အခုတော့ ယူထားတဲ့အတိုးတွေအတွက် တစ်မိသားစုလုံး ခေါင်းခဲနေရပြီလို့ မစုစုက RFA ကို ပြောပါတယ်။
“ပြည်ပထွက် အလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်ကအစ၊ အေဂျင်စီတွေကို ပေးဖို့တွေအပါအဝင် အတိုးတွေနဲ့ယူပြီး လုပ်နေရတဲ့သူတွေမှာ အခုလို ဝုန်းဒိုင်း ထပိတ်လိုက်တဲ့အခါ ကျွန်မတို့ပိုပြီး ဒုက္ခရောက်ရတယ်။ ထိုင်းဘက်ကိုထွက်ပြီး အလုပ်လုပ်လိုက်ရရင် ပိုပြီးအဆင်ပြေမယ်လို့ထင်လို့ ရွေးချယ်ခဲ့လိုက်တာ။ အပြင်ကိုထွက်ဖို့ ယူထားတဲ့ ကုန်ကျစရိတ်တွေက အတိုးတွေနဲ့ ယူထားရတာ။ အခု အဲဒီငွေကို ဘယ်လိုပြန်ဆပ်ရတော့မလဲ။ ပိုပိုပြီးတော့သာ ဆိုးသွားတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်။ အခု မိသားစုအားလုံး အတိုးဆပ်ဖို့ကိစ္စ ခေါင်းခဲနေကြရတယ်”
ဒီကိစ္စဟာ မြန်မာနိုင်ငံသားအများစု သွားရောက်အလုပ်လုပ်လေ့ရှိတဲ့ ထိုင်း၊ ဂျပန်၊ စင်ကာပူနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ မေလ ၂ ရက်နေ့ နောက်ပိုင်းခေါ်ယူမယ့် အလုပ်ခေါ်စာအသစ်တွေကို အဓိကရည်ရွယ်ပြီး ကန့်သတ်ပိတ်ပင်တာလို့ မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ထင်ကျော်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒီအမိန့်ကြောင့် ပြည်ပထွက်ဖို့ ကြိုးစားနေသူတွေသာမက သူတို့ကို ဝန်ဆောင်မှုပေးနေတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေလည်း အခက်အခဲဖြစ်နိုင်တယ်လို့ ဦးကျော်ထင်ကျော်က မှတ်ချက်ပေးပါတယ်။
“ပိုက်ဆံတွေ ကြိုကောက်ပြီး ဘာမှမလုပ်ရသေးဘဲနဲ့ ငွေကိုင်ထားပြီးတော့ ဟိုအေဂျင်စီ ချိတ်ရမလို၊ ဒီအေဂျင်စီ ချိတ်ရမလိုလုပ်နေတဲ့ ပွဲစားတွေကတော့ တိုင်ပတ်မှာ။ နံပါတ် (၁) ထိခိုက်မှာကတော့ အလုပ်သမားတွေ ထိခိုက်မှာ။ ယောက်ျားလေး စေလွှတ်မယ့် အေဂျင်စီတွေ လွှတ်လို့မရတော့တာကြောင့် အေဂျင်စီတွေလည်း ထိခိုက်မှာပဲ”
မြန်မာနိုင်ငံကနေ အစိုးရချင်း ချိတ်ဆက်ပြီးတော့ဖြစ်စေ၊ ပြည်ပနိုင်ငံက ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ပြီးတော့ဖြစ်စေ တရားဝင် သွားရောက်လုပ်ကိုင်ချင်သူတွေဟာ Passport For Job (PJ) လို့ သတ်မှတ်ထားတဲ့ နိုင်ငံကူးလက်မှတ်လုပ်ပြီး သွားရပါတယ်။ အလည်အပတ်သက်သက် သွားချင်သူတွေကတော့ Passport For Visit (PV) ဆိုတဲ့ နိုင်ငံကူးလက်မှတ်နဲ့ သွားရတာပါ။

အခု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ကန့်သတ်ချက်ဟာ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်မယ့် အမျိုးသားတွေကို အဓိကရည်ရွယ်ပြီး ကန့်သတ် ပိတ်ပင်လိုက်တာပါ။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဘယ်လိုအမျိုးအစား နိုင်ငံကူးလက်မှတ်ကို ပိတ်ပင်ပါစေ အမျိုးသားတွေကိုပဲ အဓိကပစ်မှတ်ထားပြီး ပိတ်ပင်လိုက်တဲ့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်ဟာ စစ်မှုထမ်းသင်တန်းမှာ လူလိုနေတာကြောင့်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ဒီကာလမှာ ပြည်ပထွက်ခွင့်တွေကို ပိတ်လိုက်တယ်ဆိုတဲ့အဓိပ္ပါယ်က အခု ဒုတိယအကျော့ စစ်သင်တန်ပေးဖို့ အရေအတွက်မပြည့်မီလို့ ဒီလိုအမိန့်မျိုး ထုတ်ပြန်လိုက်တာလို့ ယူဆပါတယ်။ အရွယ်ရောက်တဲ့ အမျိုးသားတွေ ပြည်ပထွက်ခွင့် မပေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ အဲဒီလို လုပ်လိုက်တဲ့ဟာက စစ်မှုထမ်းဥပဒေကို ကောင်ထည်ဖော်တဲ့အခါမှာ အခက်အခဲရှိနေလို့ အကျပ်တည်းရိုက်နေလို့ ဒီလိုလုပ်တာလို့ သုံးသပ်ပါတယ်”
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် (၁၃) မှာ လူတိုင်း မိမိနိုင်ငံ နယ်နမိတ်အတွင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မိမိနေထိုင်ရာ တိုင်းပြည်မှဖြစ်စေ၊ အခြားတိုင်းပြည်တစ်ခုခုမှဖြစ်စေ လွတ်လပ်စွာထွက်ခွာခွင့်၊ ပြန်လာခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ အာဏာအသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာတော့ ပြည်တွင်း လွတ်လပ်စွာသွားလာခွင့်သာမက ပြည်ပထွက်ခွာခွင့်ကိုပါ ကန့်သတ် ပိတ်ပင်ခံထားရပါတယ်။