စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် မိုဘိုင်းငွေကြေးကို ပြည်သူတွေ မယုံကြည်တော့

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ အခုစက်တင်ဘာလတွေမှာ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်လာပြီး နောက် မိုဘိုင်းငွေကြေး စနစ်အပေါ် ယုံကြည်မှု လျော့နည်းလာပြီလို့ အသုံးပြုသူတွေနဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။
ငွေလွှဲ၊ ငွေထုတ်လုပ်သူတွေရဲ့ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတွေ ယူထားဖို့နဲ့ လုံခြုံရေး ကင်မရာကဖြစ်ဖြစ် လျှို့ဝှက်ဓာတ်ပုံဖြစ်ဖြစ် ရိုက်ယူထားဖို့ဆိုပြီး စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားခဲ့တာပါ။
"အကောင့်ထဲမှာ ထောင်ဂဏန်းတောင် မထားတော့ဘူး"
အခုနောက်ဆုံး မိုဘိုင်း ငွေကြေးအကောင့်တွေ အပိတ်ခံရတာကြောင့် သုံးစွဲသူတွေ မယုံကြည်မှုတွေ ပိုဖြစ်လာတယ်လို့ ရန်ကုန်မြို့မှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အထုတ်များတာကတော့ အဓိက K pay ပေါ့။ ပိတ်မိခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီးနောက်ပိုင်းမှာ ဖြစ်တာပေါ့။ အကောင့်ထဲမှာ ထောင်ဂဏန်းတောင် မထား တော့ဘူး။ ဇီးရိုးကျပ် ဆိုပြီးတော့ပဲ ထားတယ်။ လူတွေက ယုံကြည်မှု နည်းလာကြ တာပေါ့။ မိုဘိုင်း( Money) ငွေကြေးဝန်ဆောင်မှုကဏ္ဍက အရှိန်အဟုန်နဲ့ တိုးတက် လာခဲ့တဲ့ အချိန်မှာ လုံးဝရိုက်ချိုးခံလိုက်ရသလို ဖြစ်သွားတာ”
အရင်က ငွေလွှဲ၊ ငွေထုတ်မယ့်သူတွေအတွက် မှတ်ပုံတင်စနစ်တစ်ခုသာ သတ်မှတ်ထား ပေမယ့် အခုနောက်ပိုင်း အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အကြိမ်ကြိမ် မှတ်တမ်း ပြန်ယူနေရတာကြောင့် လုပ်ငန်းနှောင့်နှေးမှုရှိလာနိုင်တယ်လို့လည်း သူက ဆက်ပြောပါ တယ်။
ပြီးခဲ့တဲ့ တစ်ပတ်တည်းမှာပဲ လူအများဆုံးသုံးကြတဲ့ Wave Money နဲ့ KBZ Pay အသုံးပြုသူ တွေရဲ့ ရာနဲ့ချီတဲ့ အကောင့်တွေ အပိတ်ခံရပြီးနောက် ဆက်သုံးဖို့ မယုံကြည်တော့ဘူးလို့ မိုဘိုင်းငွေကြေး အကောင့်ပိတ်ခံရသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်က အဆင့် ၂ (Level – 2) ကို ဘဏ်မှာ သွားတင်ထားတာ။ ဘဏ်စာအုပ်နဲ့ လည်း ချိတ်ထားတယ်။ ဘဏ်ကတ်လည်း လုပ်ထားတယ်။ တကယ့် အထောက်အထား နဲ့ လုပ်ထားတယ်။ အခုက ဘယ်ဟာမှ မသုံးရဲဘူးဖြစ်သွားတယ်။ K pay ရော Wave money ရော အပိတ်ခံရတယ်။ နှစ်ကောင့်စလုံး အဆင့် - ၂ တွေပဲ။ ရုံးကလည်း အများဆုံးသုံးတာက K pay ပေါ့။ Wave ကျတော့ ဖုန်းဘေလ် ဖြည့်တာလောက်သုံး တယ်။ ယုံကြည်မှု မရှိတော့တာ။ လျော့သွားတာ မဟုတ်ဘူး။ စိတ်ကုန်လို့ ဆော့ဝဲလ် (Software) တွေပါ ဖျက်ပစ်လိုက်တာ”
အကောင့် အပိတ်ခံရတဲ့အခါ သက်ဆိုင်ရာ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဗဟိုဘဏ်ကိုပဲ အကြောင်းကြားဖို့ ပြန်ပြောတာမျိုးပဲ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ ဒုတိယ လူသုံးအများဆုံးဖြစ်တဲ့ K pay အကောင့်ပိတ်ခံရတာတွေဟာ ဗဟိုဘဏ်ရဲ့ ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင် ခဲ့တာဖြစ်ပြီး ဗဟိုဘဏ်ကို တိုက်ရိုက်တင်ပြနိုင်တယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မိုဘိုင်းငွေကြေးအကောင့်တွေမှာ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စတာတွေ အတိ အကျ ဖြည့်သွင်းပြီး လူပုံစံ မှတ်တမ်းယူတဲ့စနစ်နဲ့ အဆင့်မြှင့်တင်တာလုပ်ဖို့ အဲဒီလိုမလုပ် တဲ့အကောင့်တွေကို ပိတ်သိမ်းမယ်လို့ ဗဟိုဘဏ်က အခု စက်တင်ဘာလထဲမှာပဲ ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ မှတ်ပုံတင်၊ နေရပ်လိပ်စာ အတိအကျဖြည့်သွင်းထားတဲ့ အကောင့်တွေပါ အပိတ်ခံ နေရတာလို့ သုံးစွဲနေသူတွေက ပြောပါတယ်။
အသေးစားနဲ့အလတ်စား လုပ်ငန်းတွေရဲ့ မိုဘိုင်းငွေကြေး အကောင့်တွေပါ အပိတ်ခံနေရ တာကြောင့် သိန်းနဲ့ချီ ငွေကြေးဆုံးရှံးနေတယ်လို့ အွန်လိုင်းပေါ်ကနေ အရောင်းအဝယ် လုပ်နေသူ တစ်ဦးက ပြောပါတယ်။
“ကျနော့် ငွေလွှဲ (transaction) တစ်ခုက မသင်္ကာစရာရှိတယ် ဆိုပြီးတော့ အကောင့်ကို ပိတ်ချလိုက်တာ။ အကောင့်ကို ပိတ်တယ်။ ဆင်းမ်ကတ်ကို ပိတ်တယ်။ K pay ရော၊ Wave ရော နှစ်ခုစလုံးပိတ်တာ။ ကျနော် လှမ်းအကြောင်းကြားတော့ သူတို့က ဗဟိုဘဏ် ကခိုင်းလို့ ဗဟိုဘဏ်ကို တိုင်ကြားဖို့ (complain) လုပ်ပါဆိုပြီး ပြောတော့။ ဗဟိုဘဏ် ကို တိုင်ကြားဖို့လုပ်တယ်။ နောက်တစ်ခုက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးပေါ့ အဲက ကျနော့်ကို ပိတ်ခိုင်းတယ်ဆိုလို့ အဲဒီကိုလည်း စာပို့တယ်၊။ သို့ပေမဲ့လည်း ဘာမှမထူးဘူး။ K pay ထဲမှာ လေးသိန်းလောက်ပါတယ်။ Wave ထဲမှာ နှစ်သိန်းလောက် ပါသွားတယ် ဆိုတော့ ခြောက်သိန်းလောက်ပေါ့”
လုပ်ငန်းအကောင့်တွေပါ ပိတ်သိမ်းခံလာရလို့ အွန်လိုင်း ဈေးရောင်းလုပ်ငန်းတွေမှာ မိုဘိုင်း ငွေပေးချေမှုစနစ်ကို ရပ်နားထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးစ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ အရှိန်တန့်သွား စေပြီး တရားမဝင်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ရှိလာနိုင်တယ်လို့ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဘဏ်တွေဆီကနေ လွှဲပြောင်းရတဲ့လုပ်ငန်းက တော်တော်ရှုပ်ထွေးတဲ့ အခါကျတော့ လူတွေတော်တော် များများက K pay တို့ Wave pay တို့ကို အွန်လိုင်းအရောင်းအဝယ် ဖောက်ကားမှုမှာ သုံးလာကြတာပေါ့။ အဲဒီဟာတွေက လူတွေယုံကြည်မှု ပျက်သွားတဲ့ အခါကျတော့ ဒီလုပ်ငန်း (အွန်းလိုင်းအရောင်းအဝယ်) တွေမှာပါ အများကြီး ထိခိုက်တာ ပေါ့။ ဒီဟာပေါ်မှာ သုံးစွဲရတာ အဆင်မပြေဖြစ်လာရင် လူတွေက တခြားနည်းလမ်း သုံးကြမှာပေါ့။ တခြားနည်းလမ်းဆိုတာ တရားမဝင်ငွေလွှဲလုပ်ငန်း (Hundi) လိုဟာမျိုး သုံးရမယ်ဆိုရင်တောင် နိုင်ငံခြား အလုပ်သွားလုပ်နေတဲ့သူက သူ့မိသားစုကို ဟွန်ဒီနဲ့ လွှဲပေးတယ်ဆိုရင် ရန်ကုန်ရုံးကနေ ကျေးလက်က သူ့မိသားစုဆီကို K pay တို့ဘာတို့နဲ့ ပြန်လွှဲပေးတာ။ သို့သော် အဲလိုသုံးစွဲလို့ မရတော့ဘူးဆိုရင် သူတို့အနေနဲ့ ငွေထုတ်တဲ့ နေရာကို သီးခြားလာနေရရင် အပိုကုန်ကျစရိတ်တွေက ကြီးကြီးမားမားကို ဆုံးရှုံးသွား နိုင်တာပေါ့”
စစ်ကောင်စီဟာ အာဏာတည်မြဲရေး တစ်ခုတည်းပဲလုပ်နေပြီး ပြည်သူတွေရဲ့ အခက်အခဲ တွေကို မကြည့်ဘူးဆိုရင် နိုင်ငံ့စီးပွားရေးက ဆိုရွားတဲ့အခြေအနေ ရောက်လာမယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်အထိ အပိတ်ခံရတဲ့ မိုဘိုင်းငွေကြေးအကောင့် အရေအတွက်နဲ့ သိမ်းဆည်းခံ ထားရတဲ့ ငွေကြေးပမာဏ အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုလို တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်တာဟာ ငွေကြေးလိမ်လည်မှုတွေနဲ့ အကြမ်းဖက်မှု တားဆီးဖို့ဖြစ်တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့ နေပြည်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောခဲ့ ပါတယ်။
“ဒါတွေ လုပ်ဆောင်နေရတဲ့ အကြောင်းရင်းကလည်း နိုင်ငံတော် ပြည်သူလူထုရဲ့ ငွေရေးကြေးရေးဆိုင်ရာ လုံခြုံမှုတွေ၊ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုံခြုံမှုတွေ၊ ပြီးရင် ကျနော်တို့ အကြမ်းဖက်မှု နှိမ်နင်းတားဆီးရေးအတွက် ရည်ရွယ်ချက်တွေနဲ့ ဖြစ်တယ်လို့ ဒီနေရာကနေ အသိပေးပြောကြားလိုပါတယ်”
စစ်ကောင်စီဟာ (NUG)၊ (PDF) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်တွင်းကနေ ထောက်ပံ့မှု ကန့်သတ်ချင်တာကြောင့် အခုလိုလုပ်နေတာလို့ ပြည်သူအများစုက ပြောကြပါတယ်။

စစ်ကောင်စီက အခုလို တင်းကျပ်နေပေမယ့် ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေ လျော့ကျသွား မှာ မဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။
“ပြည်သူတွေရဲ့ ထောက်ပံ့မှုအားက လျော့သွားစရာအကြောင်း မရှိဘူး။ ပြည်သူတွေက ဘာလိုချင်လဲဆိုတော့ မြန်မာနိုင်ငံပေါ်ကနေ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်တိုက်ဖျက် ဖို့။ သူတို့ အဲဒီလို လုပ်လေလေ ပြည်သူတွေရဲ့ ထောက်ခံမှုအားက ပိုပြင်းလားလေလေ။ စစ်အာဏာရှင်စနစ် မရှိဖို့ဆိုတာ ပြည်သူတွေအားလုံးက လက်ခံနားလည်ထားပြီးသား ဖြစ်တဲ့အတွက် ပိုပြီးတော့ အရှိန်အဟုန် မြင့်လာမယ်ဆိုတာ ပြောနိုင်ပါတယ်”
တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရက လက်ရှိ NUG Pay တွေအပြင် ပြည်သူ တွေ ဘေးကင်းလုံခြုံမယ့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဆက်လက်လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်း က ဗဟိုဘဏ်က ခွင့်ပြုပေးထားပြီး Wave Money၊ M-Pitesan (အမ် - ပတ်ဆံ)၊ OK ဒေါ်လာ၊ Mytel Pay နဲ့ MPT Pay တွေအပြင် ပြင်တွင်း ပုဂ္ဂလိကဘဏ်တွေရဲ့ KBZ Pay၊ AYA Pay နဲ့ CB Pay တို့လို့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုနေတာက Wave Money နဲ့ KBZ Pay တို့ဖြစ်ပြီး RFA က သီးသန့်ပြုစုထားတဲ့ အချက်အလက်အရ အဲဒီ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုနှစ်ခုကို အသုံးပြုနေသူ သန်း ၃၀ ကျော် ရှိနေပါတယ်။