ငြိမ်းချမ်းရေးကော်မရှင်နဲ့ AA ၊ TNLA ၊ MNDAA တို့ ကူမင်းမှာ တွေ့မည်


2018.10.29
fpncc-622.jpg FPNCC အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းတို့ တရုတ်ပြည် ကူမင်းမြို့မှာ ၂ဝ၁၈ မေလ ၁၈ ရက်နေ့က တွေ့ဆုံစဉ်
Photo: FPNCC - facebook

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ AA TNLA MNDAA တို့ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တို့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~

ငြိမ်းချမ်းရေးခရီးမှာ အတူပါဝင်လာနိုင်ရေး အောင်မြင်စွာနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ကြပါစေဆိုပြီး အောက်တိုဘာလ ၂၄ ရက် နေ့စွဲနဲ့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ကို ဖိတ်ကြားလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တစ်ကြိမ်တွေ့ဆုံခဲ့ပြီး အောက်တိုဘာလမှာ နောက်တစ်ကြိမ်တွေ့ဆုံဖို့အတွက် နှစ်ဖက်သဘောတူထားပြီးတာကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံပွဲကို မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဒုတိယဥက္ကဌ ဦးသိန်းဇော် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင်ကြမှာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ဝ အထူးဒေသ ၂ နဲ့ KIA က ကိုယ်စားလှယ်အဖွဲ့တို့ကိုလည်း ဖိတ်ကြားထား ပါတယ်။

AA အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ယူလာမယ့် အကြောင်းအရာတွေအပေါ် မူတည်မယ်လို့ ပြောပါတယ်။

‘’ဒီလာမယ့် ၃၁ ရက်နေ့မှာတွေ့ဖိုတော့ ဖိတ်စာရထားပြီးပါပြီ၊ ကျနော်တို့ဘက်ကတော့ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီးတော့ တက်ရောက်မှာဖြစ်ပါတယ်၊ လွန်ခဲ့တဲ့စက်တင်ဘာလ ၅ ရက် တွေ့ဆုံအစည်းအဝေးရဲ့ နောက်ဆက်တွဲဆိုရင်လည်းပြောလို့ရတာပေါ့၊ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဘာပြောလာမလဲဆိုတာမူတည်ပြီးတော့ ကျွန်တော်တို့ဘက်က ဆွေးနွေးသွားဖို့တော့ရှိတာပေါ့၊ ကျနော်တို့ဘက်ကတော့ FPNCC ရဲ့ ချမှတ်ထားတဲ့မူဝါဒတွေ ULA AA က ချမှတ်ထားတဲ့မူဝါဒတွေအပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးသွားဖို့ရှိပါတယ်’’

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ စားပွဲဝိုင်းမှာ ဆွေးနွေးပြောဆိုညှိနှိုင်းနေကြပေမယ့်လည်း အောင်ခြေမြေပြင်လက်တွေ့မှာတော့ တိုက်ပွဲတွေကရှိနေတုန်းပဲလို့ ခိုင်သုခက ပြောပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ ဆွေးနွေးခဲ့စဉ်က တိကျတဲ့သဘောတူညီချက်တွေ မရခဲ့ပေမဲ့ ဒီတစ်ကြိမ် ဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ဘယ်လောက် ဖြစ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက နေပြည်တော်မှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုး ၁၀ ဖွဲ့ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတွေကနေရရှိထားတဲ့ ပြည်ထောင်စုကနေခွဲမထွက်ရေး၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးဆိုတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေး ဖွယ်ရှိလိမ့်မယ်လို့လည်း ယူဆနေကြပါတယ်။

ငြိမ်းချမ်းရေးလေ့လာသူတစ်ဦးဖြစ်တဲ့ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်က အခုလိုပြောပါတယ်။

‘’ထိပ်သီးအစည်းအဝေးပွဲတုန်းက လက်မှတ်မထိုးရသေးအဖွဲ့တွေ မတက်နိုင်တာ စိတ်မကောင်းစရာပေါ့၊ ဆုံးဖြတ်ချင်တဲ့ကိစ္စကို လက်မှတ်ထိုးတဲ့အဖွဲ့ကနေပြီးတော့ ကျန်တဲ့အဖွဲ့တွေပြန်ပြီးတော့ ကြာသွားတဲ့ အနေအထားလည်းတွေ့ရတယ်လေ၊ ဒီထိပ်သီးပေါ့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့သူက သူတို့ကိုယ်စားလှယ်ပါဝါရှိတဲ့သူက တကယ်တိတိကျကျမြေပြင်အခြေအနေတွေကိုပါ သုံးသပ်ဆွေးနွေးပြီးတော့ ထိရောက်လုံလောက်တဲ့ ဆုံးဖြတ်ချက်မျိုးတော့ရှိစေချင်တာပါပဲ၊ ကျနော်လ့လာသူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီမြေပြင်က အခြေအနေအားလုံး ပြည်တွင်းပြည်ပ ဒီအခြေအနေတွေအားလုံး သုံးသပ်ပြီးတော့ဗျာ ဒီကိစ္စတစ်ခုဟာ မြန်မြန် ဆန်ဆန် အဆုံးသတ်ပြီးတော့ မြန်မြန်ဆန်ဆန်ရှေ့ဆက်နိုင်ဖို့လိုပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လုပ်စရာ လုပ်ငန်းတွေက အများကြီးကျန်နေသေးတာဆိုတော့ ပဋိပက္ခဖြေရှင်းတယ်၊ ငြိမ်းချမ်းမှုကို တည်ဆောက်တယ် ဆိုတော့ လုပ်ငန်းစဉ်တွေက တစ်ခုနဲ့တစ်ခုအများကြီးရှိသေးတယ်ဗျ၊ ကြာနေရင် ကျနော်တို့အတွက် မကောင်းဘူးဗျ၊ အဲတော့ကျနော်တို့ကတော့ မြန်မြန်ပြီးစေချင်ပါတယ် မြန်မြန်ကို သဘောတူစေချင်ပါတယ် ’’

TNLA ခေါင်းဆောင်တွေဆီ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အစည်းအဝေးရှိနေတာကြောင့် သူတို့ရဲ့ သဘောထားကိုတော့ မေးမြန်းခွင့်မရခဲ့ပါဘူး။

လက်ရှိအစိုးရသက်တမ်း မပြီးဆုံးခင်ကာလအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ပါ့မလားလို့လည်း နိုင်ငံရေးလေ့လာသူတွေက မေးခွန်းထုတ်နေကြပါတယ်။

ကူမင်းဆွေးနွေးပွဲမှာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိမှသာ အောင်မြင်မယ့်လမ်းစရနိုင်မယ်လို့လည်း သုံးသပ်ကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။