အလည်အပတ် ပတ်စ်ပို့နဲ့ ပြည်ပထွက်သူတွေကိုပါ စစ်ကောင်စီ တင်းကျပ်နေ

RFA Burmese
2024.08.23
အလည်အပတ် ပတ်စ်ပို့နဲ့ ပြည်ပထွက်သူတွေကိုပါ စစ်ကောင်စီ တင်းကျပ်နေ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။
Photo: RFA

အလည်အပတ် နိုင်ငံကူးလက်မှတ် PV (Passport for Visit) နဲ့ရော အလုပ်သမား နိုင်ငံကူးလက်မှတ် PJ (Passport for Job) နဲ့ပါ ပြည်ပထွက်မဲ့သူတွေကို စစ်ကောင်စီဘက်က တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး လေယာဉ်ပေါ်တက်ခွင့်မပေးတာပါ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ပြန်အလွှတ်ခံရတဲ့ လူငယ်တွေက ပြောပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ကစလို့ (PJ) ပတ်စ်ပို့နဲ့ အထောက်အထား အပြည့်အစုံပါပေမဲ့လည်း အသက် ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကိုတော့ ရန်ကုန်လေဆိပ်မှာ စိစစ်ပြီး ပြန်လွှတ်ခဲ့တာလို့ ဆိုပါတယ်။

"အသက် ၂၀ နဲ့ ၃၀ ကြား လောက်ပေါ့နော်။ ကျွန်တော်တို့ PV နဲ့ သွားတဲ့လူငယ်တွေကို လုံး၀မလွှတ်ဘူးဆိုတာ တွေ့ရတယ်"

ဒါ့အပြင် အလည်အပတ် ပတ်စ်ပို့ (PV) ကိုင်ဆောင်ထားသူတွေကိုပါ တင်းကျပ်လာတယ်လို့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကိုရောက်ခဲ့တဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

"အဓိကကတော့ PV ဆိုရင် အရင်က သွားဖူးလား၊ ခရီးသွားရာဇဝင်ကြည့်တယ်။ တစ်ခါမှ ပြည်ပမထွက်ဖူးဘူး၊ ပတ်စ်ပို့ကလည်း ဒီနှစ်ထဲမှာပဲ ရထားတာ PV ဆိုပေမဲ့ အထုပ်ကြီး အထုပ်ငယ်နဲ့ အလုပ်လုပ်မဲ့ပုံစံဆို ပြန်လွှတ်တာ၊ လူငယ်အများစု ပြန်လွှတ်ခံရတာ များတယ်။ ကျွန်တော်သွားတဲ့နေ့ကဆို ငါးဆယ်ကျော် ပြန်လွှတ်တာ တွေ့တယ်"

အမည်မဖော်လိုတဲ့ လေဆိပ်ကပြန်လွှတ်ခံခဲ့ရသူ လူငယ်တစ်ဦးကတော့ အလည်အပတ် ပတ်စ်ပို့ (PV) မှာ ခရီးသွားရာဇ၀င်ရှိပြီး အထောက်အထားပြည့်စုံရင်လည်း လူငယ်ဆိုတာနဲ့ ပြန်လွှတ်တယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ သူငယ်ချင်းလေးယောက်နဲ့ သွားကြတာ၊ Show money လည်းပါတယ်၊ ဟိုတယ် booking လည်း ပါတယ်၊ အပြန်လက်မှတ်လည်းပါတယ်။ သူတို့ တောင်းတဲ့စာရွက်စာတမ်း အကုန်လုံးပါတယ်၊ ဒါပေမဲ့ လူငယ်တွေကို မလွှတ်ဘူးပေါ့နော်။ အားလုံးကိုတော့ ပြန်လှည့်ခိုင်းတာမဟုတ်ဘူး၊ အသက် ၂၀ နဲ့ ၃၀ ကြား လောက်ပေါ့နော်။ ကျွန်တော်တို့ PV နဲ့ သွားတဲ့လူငယ်တွေကို လုံး၀မလွှတ်ဘူးဆိုတာ တွေ့ရတယ်"

အခုလို ပြန်အလွှတ်ခံခဲ့ရတာကြောင့် စင်ကာပူနိုင်ငံကိုသွားဖို့ စီစဉ်ထားပြီးမှ လေယာဉ်အသွားအပြန်လက်မှတ်ခနဲ့ ဟိုတယ်ခပါ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်လေဆိပ်ဝန်ထမ်းတစ်ဦးကတော့ PV ပတ်စ်ပို့ကိုင်ထားသူတွေကို အလုပ် ထွက်လုပ်တာဟုတ် မဟုတ် အဓိကစစ်ဆေးပြီး ပြန်လွှတ်နေတာလို့ RFA ကို ပြောပါတယ်။

“နင်တို့အလုပ်သွားလုပ်မှာ မဟုတ်လားဆိုတဲ့ ဟာမျိုးပဲပေါ့။ အဓိက ကတော့။ အလုပ်လုပ်မယ်လို့ ဟိုပုံပေါက် တယ်ဆိုရင် သူတို့မေးတယ်။ စစ်တယ်။ ပြီးသွားလို့ရှိရင် Show Money လည်းစစ်တယ်။ Show Money လည်း ပါတယ်။ အပြန်လက်မှတ် အကုန်လုံးပါကြတာပေါ့ဗျာ။ ပါရဲ့သားနဲ့ တချို့ဆို အပြန်လက်မှတ်က အသစ်တွေပေါ့။ အသစ်တွေဝယ်ထားရဲ့သားနဲ့တောင် ပြန်ပြီးတော့ကျလာတယ်။ ဘာမှလုပ်လို့မရဘူး”

ပြည်ပထွက်ခွင့်မရတဲ့ လူငယ်အရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အလည်အပတ် ပတ်စ်ပို့ (PV) ကိုင်ဆောင်ထားသူတွေကို ခရီးသွားရာဇဝင်နဲ့ အထောက်အထားပြည့်စုံမှုရှိမရှိ၊ အသက်အရွယ်၊ ဗီဇာအမျိုးအစားနဲ့ အလုပ်ထွက်လုပ်တာလား ဆိုတာတွေကို အဓိကစစ်နေတာလို့ ရန်ကန်လေဆိပ်က ဝန်ထမ်းအချို့နဲ့ လေဆိပ်ကပြန်အလွှတ်ခံရသူတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကတော့ ဘယ်ပတ်စ်ပို့နဲ့ပဲ သွားသွား မသင်္ကာတာနဲ့ ပြန်လွှတ်နေတာလို့ RFA ကို ပြောပါတယ်။

“အလုပ်ဗီဇာနဲ့သွားကြလို့ပဲဖြစ်တာပဲ အခုဟာကလေ။ သူတို့အမှန်ဆို အလည်ဗီဇာပုံစံမျိုးနဲ့ထွက်ရင်တော့ သိပ်ပြီးတော့ ဒါပေမဲ့လည်း သူတို့မသင်္ကာရင် ပြန်လွှတ်တာပါပဲ။ ဘာမှတော့ မထူးပါဘူး။ မသင်္ကာဘူးဆိုပြီးတော့ သူတို့မေးတဲ့အချိန်မှာ ကလေးတွေကပြောတဲ့အချိန်မှာ သူတို့မသင်္ကာရင် မသင်္ကာသလို ပြန်လွှတ်နေတယ်။ လေယာဉ်ပေးမတက်ဘူးပေါ့ ”

စစ်ကောင်စီဘက်က အခုလိုတင်းကျပ်ပြီး ပြည်ပထွက်ခွင့်မပေးတာကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် ဆုံးရှုံးမှုတွေရှိပေမဲ့ ဘယ်သူကမှ တာဝန်မယူဘူးလို့ လေဆိပ်ကနေပြန်အလွှတ်ခံရသူတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီက လူငယ်တွေ ပြည်ပထွက်ခွာမှုကို ထပ်မံတင်းကျပ်

ပြည်ပထွက်ခွင့် ပိုတင်းကျပ်လာတာကြောင့် လူငယ်တွေ ပြည်ပအလုပ်အကိုင်ရဖို့ ခက်ခဲနေ

ပြည်ပရောက် အလုပ်သမားတွေရဲ့ အချက်အလက် စစ်ကောင်စီ ဖိအားပေးတောင်းယူ


ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဌေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံ ဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကတော့ အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) နဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရယူပြီးမှ တရားဝင်အလုပ်သွားလုပ်ကြဖို့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက် ထွက်လာပြီးနောက်ပိုင်း အလုပ်သမားပတ်စ်ပို့စ် (PJ) နဲ့ရော အလည်အပတ် ပတ်စ်ပို့ (PV) နဲ့ပါ ပြည်ပထွက်ခွာမဲ့သူတွေကို လေဆိပ်မှာ ပိုပြီးတင်းကျပ်လာတာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။