ဒေါ်အောင်ဆန်းစုကြည် လူထုယုံကြည်မှု ပိုရလာကြောင်း စစ်တမ်းတခုမှာတွေ့ရ

ဖြူဖြူခိုင်
2020.10.08

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ စစ်တမ်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံယုံကြည်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် တိုးလာနေ တယ်ဆိုတာ ဖော်ပြထားပါတယ်။

အထွေထွေရွေးကောက်ပွဲအပေါ် သိနားလည်မှု၊ မဲပေးလိုစိတ်၊ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတနဲ့ အစိုးရအဖွဲ့အပေါ်  ယုံကြည်မှု စတာတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ သြဂုတ် လအတွင်း ကောက်ယူခဲ့တဲ့စစ်တမ်းကိုအခြေခံပြီး   ရွေးကောက်ပွဲကျင်းပဖို့ ၃၁ ရက်အလို အောက်တိုဘာ ၅ ရက် နေ့မှာ  PACE အဖွဲ့က ကနဦး အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ထောက်ခံယုံကြည်မှုဟာ ပြီးခဲ့တဲ့နှစ် ကောက်ခံမှုမှာ ၇၀ ရာခိုင်နှုန်းရှိခဲ့ပြီး ရွေးကောက်ပွဲကျင်းပမယ့် ဒီနှစ်မှာတော့ ၇၉ ရာခိုင်နှုန်းထိ တိုးတက်လာတယ်လို့ တွေ့ဆုံမေးမြန်း ချက်ပေါင်း ၂၅၇၇ ခုကို အခြေခံတဲ့ PACE အဖွဲ့ရဲ့ ရွေးကောက်ပွဲအကြိုစစ်တမ်းမှာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ဒုတိယယုံကြည်မှုခံရသူကတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပါ။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဘာသာရေး ခေါင်းဆောင်နဲ့ အရပ်ဘက်အဖွဲ့စတဲ့ အဖွဲ့အစည်းတွေအပေါ်  မနှစ်ကထက်  ထောက်ခံမှု တိုးလာတယ်လို့လည်း ဖော်ပြပါရှိပါတယ်။ တပ်မတော်အပေါ်  ယုံကြည်မှုမှာတော့ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ၁ ရာခိုင်နှုန်းကျသွားတယ်လို့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က  ကပ်ဘေးကာလ ကန့်သတ်ချက်တွေနဲ့ လုံခြုံရေးအခြေ အနေအရ ကချင်၊ ရခိုင်၊ ရှမ်းက နေရာတချို့မှာတော့ စီစဉ်ထားတဲ့အတိုင်း တွေ့ဆုံမေးမြန်းတာတွေ မလုပ်နိုင် ခဲ့တဲ့အတွက် အဲဒီဒေသတွေက ပြည်သူတွေရဲ့  သဘောထားကိုတော့ အပြည့်အ၀ ထင်ဟပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်တယ်။ ပြည်နယ်တိုင်း ၁၄ ခုလုံးမှာ ကျွန်တော်တို့ ကောက်တယ်။ ရခိုင်နဲ့ ကချင်ပြည်နယ်မှာတော့ သွားလို့မရတဲ့နေရာတွေရှိခဲ့တယ်။ အဲဒါကြောင့်မို့ အဲဒီမှာ ရှိတဲ့သူတွေရဲ့ အချက်အလက်နဲ့ ပတ်သက်ရင်တော့ ကိုယ်စားပြုမှုကတော့ နည်းကောင်းနည်းနိုင်တယ်။ ဒါပေမဲ့ ရခိုင်နဲ့ရှမ်းကို ဖယ်လိုက်ရင်တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ခဲ့တယ်လို့ ပြောလို့ရတယ်။"


တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်မမှာ ထောက်ခံယုံကြည်မှု များတာမှန်နိုင်ပေမယ့် ပြည်နယ်တွေမှာတော့ ထောက်ခံမှုကျဆင်းနေတယ်လို့ သုံးသပ်ပါတယ်။

“ပြည်နယ် ခုနှစ်ခုမှ အနည်းဆုံး ငါးခုကနေ ခြောက်ခုအထိကတော့ ကျမယ်ထင်တယ်။ ကျွန်တော်ထင်တာ ကတော့ ရှမ်း၊ ရခိုင်၊ ကချင်၊ ချင်းနဲ့ ကယားပေါ့ ဒီ ငါးခုမှာကျမယ်။ မွန်မှာလည်း အနည်းဆုံး တစ်ဝက်လောက် ကျမယ်ထင်တယ်။ ကရင်မှာတော့ NLD အားကောင်းနေဆဲလို့ မြေပြင်သတင်းတွေကတော့ အဲလိုရတယ်။ အဲဒီမှာကောက်ခံရင်တော့ ကျမယ်ထင်တယ်။"

NLD ရဲ့ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေဟာ ထိရောက်ခဲ့တယ်၊ တိုင်းရင်းသားဒေသတွေမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်  ထောက်ခံမှု နည်းလာတယ်ဆိုတဲ့ စစ်တမ်းတွေ့ရှိချက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံရိပ်တွေက လူထုကြားထဲမှာ ပြန့်နှံ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ထောက်ခံချက်များတယ်ဆိုတာ သိသာတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားဒေသတွေကို အများကြီးရောက်ခဲ့တယ်။ ဒေသခံပြည်သူတွေနဲ့လည်း တော်တော်လေး နွေးနွေး ထွေးထွေး ဆက်ဆံတယ်။ ဒီဒေသခံတွေကလည်း ဒေါ်စုအပေါ်မှာ တော်တော်လေး လှိုက်လှိုက်လှဲလှဲနဲ့ လက်ခံတာကို တွေ့ရတဲ့အတွက် အခုကောက်ခံထားတဲ့စာရင်းကတော့ မသေချာဘူးလို့ပဲပြောပါရစေ"

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် ကလည်း ကချင်လူထုကြားမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ထောက်ခံမှု အားကောင်းနေသေးတယ်လို့ ပြောပါတယ်။

"ကချင်မှာဆိုရင် ကချင်ပါတီတွေကတော့ နည်းနည်းယုံကြည်မှုတော့လျော့သွားတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ တိုင်းရင်းသားအရေးကို လက်တွဲလို့မရတာတွေ၊ တိုင်းရင်းသားအရေးကို သိပ်ပြီး စိုက်မတ်မတ်မရှိ တာတွေ တွေ့ရတော့ သူ့အပေါ်မှာ ပါတီအနေနဲ့ကြည့်ရင်တော့ သူ့အပေါ် ထောက်ခံမှု အားနည်းတယ်။ ဒါပေမဲ့ လူထုအနေနဲ့ကြည့်မယ်ဆိုရင်တော့ လူထုရဲ့ထောက်ခံမှု ရှိနေသေးတာကို တွေ့ရတယ်"

ရခိုင်ပြည်နယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုရာခိုင်နှုန်း အလွန်နည်းနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က သုံးသပ်ပါတယ်။

"ရခိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှု ရာခိုင်နှုန်း တော်တော်နည်းမယ်နဲ့တူတယ်။ ဘာလို့လဲ ဆိုတော့ ရခိုင်ပြည်နယ်မှာ ဘာစက်ရုံ ဘာအလုပ်အကိုင်မှမရှိဘူး။ အသက်မွေးဝမ်းကျောင်းအတွက် အစိုးရက တာဝန်ခံ တာဝန်ယူပြီးတော့လုပ်ထားတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းကိုင်ငန်းတွေဟာ တောက်လျှောက် ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာလည်း မရှိဘူး။ ဦးသိန်းစိန်တုန်းကတော့ ရခိုင်ပြည်နယ်ကိုလာပြီး လူထုနဲ့တွေ့တာတွေ ရှိသေးတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုနဲ့တွေ့တာ မာန်အောင်မှာ ဆိုလာပြားတွေလာပြီးတော့ လုပ်ပေးတာ ကလွဲလို့ ရခိုင်ပြည်နယ်မှာ ဒီလောက်ပြဿနာတွေ တောက်လျှောက်ဖြစ်တဲ့ကိစ္စမှာတခါမှ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူလူထုနဲ့တွေ့တာလည်း မရှိဘူး။ ရခိုင်အမျိုးသားပါတီနဲ့ ဘယ်တုန်းကမှ ခေါ်ယူခြင်း ကမ်းလှမ်းခြင်း ဆွေးနွေးခြင်းလဲမရှိဘူး"

၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်နယ်ဒေသတွေက တိုင်းရင်သားပါတီတွေနဲ့ ဆက်ဆံရေး ဝေးကွာလာတဲ့အပေါ် ဝေဖန်ခံနေရပြီး ဒါဟာ တိုင်းရင်းသားဒေသတွေမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်  ထောက်ခံမှုကျလာတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ တချို့က ယူဆပါတယ်။   

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့က ကိုရဲမျိုးဟိန်းကတော့ ပြည်နယ်တချို့မှာ ဒေသခံတွေနဲ့ ဗဟိုအစိုးရ မူဝါဒကြား သဘောထားကွဲမှု သိသိသာသာ ဖြစ်ခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုအပေါ် သက်ရောက်မှု ဖြစ်ခဲ့တယ်လို့ သုံးသပ်ပါတယ်။

“ပြည်မမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ထောက်ခံမှု အားကောင်းတယ်။ ဒါပေမဲ့ တိုင်းရင်းသား ပြည်နယ်တွေမှာတော့ ပြည်မလောက်တော့ ထောက်ခံမှု အားကောင်းတဲ့ အနေအထားလောက်မရှိဘူးလို့ မြင်တယ်။ အဓိကတော့ အကြောင်းပေါင်းများစွာရှိမယ်။ နိုင်ငံရေးအရ ပြည်နယ်နဲ့တိုင်းတွေမှာ နိုင်ငံရေးအမြင် အယူအဆ ကွာခြားမှုတွေ အရင်ကတည်းက ရှိခဲ့တယ်။ ပြည်နယ်တွေမှာလည်း သူတို့နိုင်ငံရေး ခေါင်းဆောင် တွေရှိတယ်။ အထူးသဖြင့်   ပြီးခဲ့တဲ့နှစ်ကာလပိုင်းတုန်းက NLD အစိုးရအနေနဲ့ ပြည်နယ်မှာရှိတဲ့ အရေးကိစ္စ တွေနဲ့ ပတ်သက်ပြီး ပြည်နယ်သားတွေနဲ့ ဗဟိုအစိုးရ မူဝါဒတွေကြားထဲမှာ နည်းနည်းကွာဟချက်တွေ ရှိတဲ့အခါ ဒါတွေက အဓိက အခြေခံမယ်လို့မြင်တယ်”

PACE အဖွဲ့ရဲ့ စစ်တမ်းအရ လူထုဆန္ဒကို အများဆုံးကိုယ်စားပြုနိုင်တဲ့ ပါတီအဖြစ် အကောင်းမြင်ခံရတဲ့ပါတီတွေ ကို ရွေးချယ်ကြတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့နှစ်မှာ ၃၃ ရာခိုင်နှုန်းရှိရာကနေ ဒီနှစ်မှာ ၃၉ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပါတယ်။ ဒုတိယအများဆုံးကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကတော့ ဒီစစ်တမ်းရလဒ်အပေါ် မေးခွန်းထုတ်လိုက်ပါတယ်။

“ဒီစစ်တမ်းက ဘယ်လိုဧရိယာမျိုးမှာ ဘယ်လိုစံနှုန်းမျိုးနဲ့ ကောက်ထားသလဲဆိုတာ နားလည်ဖို့ခက်ပါတယ်။ ၁၁ လပိုင်း ၈ ရက်နေ့မှာ ပြည်သူလူထု အဆုံးအဖြတ်က မကြာခင် အဖြေထွက်တော့မှာဖြစ်တဲ့အတွက် အဲဒီစစ်တမ်းက မှန်သလား မှားသလားဆိုတာ ၈ ရက်နေ့မှာ အဖြေထုတ်နိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထု စားဝတ်နေရေးအခြေအနေ ဘယ်လိုရှိသလဲ၊ အမျိုးသားအကျိုးစီးပွားအတွက်ကို အခုလက်ရှိပုဂ္ဂိုလ်တွေက ဘယ်လောက်အထိ ကာကွယ်နိုင်လို့ ဘယ်လိုထောက်ခံမှုတွေရသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပေါ် မြေပြင်မှာ လူထုထောက်ခံမှုက ကျမသွားဘူးလို့လည်း သူက ဆိုပါတယ်။

ဒီစစ်တမ်းအရ နိုင်ငံရေးမှာ လူထုစိတ်ပါဝင်စားမှုဟာ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ကျဆင်းနေပေမယ့် ဖြေကြားထား သူတွေရဲ့ ထက်ဝက်လောက်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆန္ဒရှိနေကြတာ တွေ့ရပါတယ်။

----------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။