ကချင်မှာ လေကြောင်းနဲ့ပါ တိုက်နေလို့ ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရ
ကချင်ပြည်နယ်ထဲက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်စခန်းတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဇူလိုင်လဆန်းလောက်ကစပြီး လေကြောင်းနဲ့ လက်နက်ကြီးကို အဓိကအသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံ သုံးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေ ကချင်ပြည်နယ်မှာ နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ဖို့အတွက် အခုလိုတိုက်နေတာလို့ KIA အပါအဝင် ဒေသခံတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
- 2022-09-01
-
-
-
ကချင်ပြည်နယ်ထဲက ဖားကန့်၊ တနိုင်း၊ ဝိုင်းမော်နဲ့ ရွေကူမြို့နယ်တွေမှာရှိတဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) တပ်စခန်းတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် အဖွဲ့တွေ ပြီးခဲ့တဲ့ ဇူလိုင်လဆန်း လောက်ကစပြီး လက်နက်ကြီးတွေအပြင် လေကြာင်းနဲ့ပါ အဓိက အသုံးပြုတိုက်ခိုက်နေတယ်လို့ KIA နဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ နယ်မြေတို့ချဲ့ ထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"စစ်ကောင်စီဘက်ကနေ ရွှေမင်းပြည်သူ့စစ်တွေကို နေရာချထားဖို့ ကျနော်တို့ရှိတဲ့ နေရာဘက်မှာ သူတို့က ထိုးစစ်ဆင်လို့ ကျနော်တို့ ခုခံတိုက်ပွဲဖြစ်တဲ့ အနေအထား ဖြစ်ပါတယ်။ ဆယ်ဇင်းဘက်မှာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီဘက်ကတော့ လေကြောင်းကနေ တိုက်ခိုက်တာလည်း ရှိခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ကချင်ပြည်နယ် တစ်ခုလုံးမှာ ပြည်သူ့စစ်ရှိတဲ့နေရာမှာ ပိုပြီးမှ တိုက်ပွဲဖြစ်တာကို ကျနော်တို့ တွေ့ရပါတယ်"
KIA တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ ဝိုင်းမော်မြို့နယ်၊ နန့်ဇော်ယာန်ရွာနားက စခန်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ မှာ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာလို့ ဆိုပါတယ်။
"ကချင်ပြည်နယ် တစ်ခုလုံးမှာ ပြည်သူ့စစ်ရှိတဲ့နေရာမှာ ပိုပြီးမှ တိုက်ပွဲဖြစ်တာကို ကျနော်တို့ တွေ့ရပါတယ်"
အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်း တိုက်ခိုက်မှုပါ အသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့နဲ့ ၉ ရက်နေ့ကလည်း ဖားကန့်မြို့ ဆယ်ဇင်းရွာမှာ စစ်ကောင်စီ တပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အိမ်ခြေ လေးရာကျော် မီးရှို့ ခံခဲ့ရသလို ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။
စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တာကြောင့် ပြည်သူနဲ့ စစ်ကောင်စီကြားမှာ ရန်ငါပြတ်သွားပြီလို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ဆယ်ဇင်းရွာခံ စစ်ဘေး ဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။
"သေချာတာ တစ်ခုက ဘယ်လိုပဲဖြစ်ဖြစ် အခုခြေအနေမှာ အဲဒီအပြုအမူတွေကြောင့်ပဲ ဒီနေ့အချိန်အထိ သူတို့ကို ထောက်ခံနေတဲ့သူတွေတောင်မှ သူတို့အိမ်တွေပါသွားတော့ အားလုံးက ပြည်သူနဲ့ သူတို့ကြားမှာက ရှင်းရှင်းပြောရရင် ရန်ငါပြတ်သွားတာပေါ့။ ဒီလူတွေ ရှိနေသရွေ့ကတော့ အကုန်လုံးက အရှို့ခံနေကြရဦးမှာပဲ။ ကျနော်တို့ ဒေသ တစ်ခုပဲ မဟုတ်ဘူး အားလုံး အရှို့ခံနေရဦးမှာပဲ"
ဆယ်ဇင်းရွာမှာ လက်ရှိအချိန်အထိ လက်နက်ကိုင်တွေ ဝင်ထွက်သွားလာနေတာကြောင့် နေရပ်ပြန်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ဆယ်ဇင်းဒုက္ခသည်တွေက ပြောပါတယ်။
ဝိုင်းမော်မြို့နယ် အင်ဝမ်ကောင်ရွာက ဒေသခံ ၁၂၀ နီးပါးလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ် ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်နက်စွမ်းအားကိုသာ အားထားနေရတာကြောင့် လေကြောင်းသုံး တိုက်ခိုက်တာကို အဓိကလုပ်လာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင်က RFA ကို ပြောပါတယ်။
"စစ်ကောင်စီစစ်တပ်ရဲ့ လက်ရှိ တိုက်ခိုက်နိုင်စွမ်းအားဟာ လက်နက်စွမ်းအားပေါ်မှာပဲ မှီတည်နေရတဲ့ အနေထားပါ။ စစ်ကောင်စီ အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုရင်လည်း အင်မတန်မှကို လျော့ရဲနေပြီ။ ဒါကြောင့်မို့ သူတို့မှာသုံးနိုင်တဲ့ အားသာချက် ဆိုလို့ ဒီနိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို နည်းလမ်းပေါင်းစုံနဲ့ ရယူပြီးတော့ အားဖြည့် ထားတဲ့ လက်နက်စွမ်းအားတွေပဲ ရှိတော့ ဒါကြောင့်မို့ လေယာဉ်သုံး တိုက်ခိုက်မှုတွေကို အဓိကထားပြီး ပြုလုပ်လာတဲ့ သဘောမှာ ရှိပါတယ်ဗျ"
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကတော့ ကချင်ပြည်နယ် မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ မသိဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ ဆယ်ဇင်းက ထွက်ပြေးလာတဲ့ စစ်ဘေး ဒုက္ခသည်တွေကို တောက်လျှောက် ထောက်ပံ့ပေးနေတယ်လို့ RFA ကို ပြောပါတယ်။
"ကချင်ပြည်နယ် အစိုးရအဖွဲ့က လောလောဆယ် သိန်းတစ်ရာ လှူထားပြီ။ နောက်ထပ် လည်း လှူဖို့လုပ်နေတယ်။ သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့ နောက် လူမှုဝန်ထမ်းအဖွဲ့ နောက်ပြီး ကလေးတွေ၊ သက်ကြီးတဲ့ လူကြီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မသန်စွမ်း တဲ့ ပုဂ္ဂိုလ်တွေကို တောက်လျှောက်ထောက်ပံ့ဖို့ လုပ်နေပါတယ်"
သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒဆိုင်ရာလေ့လာရေးဌာန (ISP – Myanmar) အဖွဲ့ရဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ ဇူလိုင်လအတွင်းမှာတင် စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပေါင်း အနည်းဆုံး (၁၃) ကြိမ် ဖြစ်ခဲ့ပြီး (၆) ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို တိုက်ခိုက်လာတာတွေဟာ KIA နဲ့ PDF ကြားက ဆက်စပ်မှုကို ဖြတ်တောက်ချင်လို့ ဖြစ်နိုင်တယ်လို့ ISP Myanmar ရဲ့ အကြီးတန်း သုတေသနအရာရှိ ကိုကျော်ထက်အောင်က သုံးသပ်ပါတယ်။
"မန္တလေးနဲ့ မြစ်ကြီးနား မီးရထားလမ်း တောက်လျှောက်ပေါ့။ မြို့တွေ၊ ရွာတွေ၊ မြို့နယ် မှာရှိတဲ့ နေရာတွေကို သူတို့ပိုပြီး ထိုးစစ်ဆင်တာတွေ လုပ်လာတယ်။ ထိုးစစ်ဆင်တယ် ဆိုတာကလည်း လက်နက်ကြီး ပစ်ကူပေးတာတွေ၊ လေကြောင်းကနေ ပစ်ကူပေးပြီး တော့ မြေပြင်မှာ ပိုပြီးထိန်းချုပ်မှုရအောင် လုပ်လာတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဒါကလည်း သူတို့ရဲ့ ထောက်ပို့လမ်းကြောင်းတွေဖြစ်တဲ့ ရထားလမ်းလိုဟာမျိုးကို သူတို့ လုံခြုံရေးအရ ပိုပြီးလုပ်လာတာမျိုး ကျနော်တို့ တွေ့ရတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင် ပြည်နယ်ရဲ့ ကြားထဲမှာ KIA နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အဆက်အစပ် ကို ဖြတ်တောက်ချင်တဲ့အတွက် အဲနေရာကို ပိုပြီးဖိလာတယ်လို့ ယူဆလို့ရမယ် ထင်ပါတယ်ဗျ"
လေကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်ပြီးပြင်းထန်လာရင် အရပ်သား ထိခိုက် သေဆုံးတာနဲ့ စစ်ဘေးဒုက္ခသည်တွေ ပိုများလာနိုင်ပြီး ပဋိပက္ခတွေ ပိုကျယ်ပြန့် လာနိုင်တယ်လို့ သူက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင်လကုန်အထိ ကချင်ပြည်နယ်မှာ တိုက်ပွဲပေါင်း (၁၉၁) ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ISP Myanmar ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်အခြေစိုက် အဖွဲ့အစည်းတွေရဲ့ စာရင်းအရ ကချင်ပြည်နယ်မှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်အထိ ဒုက္ခသည် စခန်းပေါင်း (၁၆၀) ကျော်ရှိပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲနီးပါး ရှိပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုးလာတဲ့ အတွက် ကချင်ပြည်နယ် တစ်ခုလုံးမှာ ဒုက္ခသည်စုစုပေါင်း တစ်သိန်းခြောက်သောင်းကျော် အထိ ရှိနေပါတယ်။