ရွှေတြိဂံဒေသရဲ့ ဘိန်းဘုရင်မ

အော်လစ်ယန်းနဲ့ အမေရိကန် စီအိုင်အေ ဗဟိုထောက်လှမ်းရေးအဖွဲ့ ဆက်နွယ်မှု၊ မိဘစီမံရာကို တော်လှန် သူပုန်ဘဝကို ခံယူ၊ ရွှေဘုံလည်းစံ ထောင်နန်းလည်းစံဖူးတဲ့ ဘဝအစုံစုံကို တင်ပြထားပါတယ်။

အော်လစ်ယန်းနှင့် တပ်ဖွဲ့ဝင်များကို ၁၉၅၆ ခုနှစ်တွင် တွေ့ရစဉ်။ Courtesy of the Yang family

၂၀၀၉ ခုနစ်က Myanmar Times မှာ လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနဲ့ ထိုင်းမှာ ခြောက်နှစ်ကြာ နေထိုင်ခဲ့ဖူးတဲ့ အမေရိကန် သတင်းစာဆရာမ Gabrielle Paluch က ကိုးကန့်စော်ဘွားနွယ် Olive Yang အကြောင်းရေးသားတဲ့ The Opium Queen ဘိန်းဘုရင်မ စာအုပ်ကို ဒီနှစ် ဧပြီမှာ ထုတ်ဝေပါတယ်။ ရွှေတြိဂံဒေသကို အုပ်ချုပ်ခဲ့တဲ့ သူပုန်မရဲ့ မဖွင့်ဟသေးတဲ့ ဇာတ်လမ်းလို့ ဆိုပါတယ်။

အော်လစ်ယန်းနဲ့ အမေရိကန် စီအိုင်အေ ဗဟိုထောက်လှမ်းရေးအဖွဲ့ ဆက်နွယ်မှု၊ မိဘစီမံရာကို တော်လှန် သူပုန်ဘဝကို ခံယူ၊ ရွှေဘုံလည်းစံ ထောင်နန်းလည်းစံဖူးတဲ့ ဘဝအစုံစုံ ဖြတ်သန်းခဲ့ရတာတွေ တင်ပြထားပါတယ်။

အမေရိကန်အခြေစိုက် ပညာရပ်ဆိုင်ရာနဲ့ အခန့်ချုပ်စာအုပ်တွေ ထုတ်ဝေတဲ့ Rowman & Littlefield စာအုပ်တိုက်က ဖြန့်ချိတာဖြစ်ပြီး စာစုစာရင်းအပါအဝင် စာမျက်နှာ ၂၀၀ ကျော်နဲ့ စာအုပ်မှာ အခန်း ၁၃ ခန်း ပါရှိပါတယ်။

၁၉၂၇ ခုနှစ်ဖွား အော်လစ်ယန်းရဲ့ ထူးထွေ ဆန်းကြယ်လှတဲ့ ဘဝအထွေထွေကို ဘက်စုံထောင်စုံ တင်ပြထားတာလည်း ဖြစ်ပါတယ်။ ဘိန်းရာဇာ လော်စစ်ဟန် ရိုကျိုးရတဲ့ ဘိန်းဘုရင်မ အော်လစ်ယန်း မူဆယ်မှာ ၂၀၁၇ ဇူလိုင်က မကွယ်လွန်ခင် သတင်းစာဆရာမကိုယ်တိုင် ၂၀၁၅ တုန်းက သွားတွေ့ပါတယ်။

သန်တုန်းမြန်တုန်း ငယ်ရွယ်တုန်းက သေနတ်နှစ်လက်ခါးကြားထိုး မြင်းဖြူစီးပြီး တပ်ဖွဲ့ဝင် ၁၀၀၀ ကို ဦးစီးခဲ့ဖူးတဲ့ အော်လစ်ယန်းကို ကျောက်စိမ်းပုတီးဆွဲလျက်၊ စီးကရက် ခဲလျက်သားနဲ့ တွေ့ရပေမဲ့ ဇရာထောင်းနေပြီ ဖြစ်ပြီး ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရပါပြီ။

သတင်းစာဆရာမ ပြောတာကို ဆံပင်ရှည်ရှည်နဲ့ လှပတဲ့ သူနာပြုဆရာမက နားလေးနေပြီဖြစ်တဲ့ အော်လစ်ယန်းနား ကပ်ပြောကြရင်း သူဟာ အမေရိကန် သတင်းစာဆရာမပါ၊ အော်လစ်ယန်း အကြောင်းရေးချင်ပါတယ်လို့ ပြောတဲ့အခါ သူ့အကြောင်း လူတွေ အတော်ရေးကြတယ်။ ဘာပြောစေချင်တာလဲလို့ ပြန်မေးပါတယ်။

သတင်းစာဆရာမက ပြောရမယ့် စကားလုံးရှာရင်း ရိုသေသမှုနဲ့ ကျွန်မက ဘယ်လိုခေါ်ရပါမလဲ မေးတဲ့အခါ ဦးလေးလို့ ခေါ်လို့ အော်လစ်ယန်းက ပြောပါတယ်။ ဒီအချိန်မှာ အော်လစ်ယန်းနားဝိုင်းရံနေတဲ့ သူ့ ကိုယ်ရံတော်တွေက တော်လောက်ပြီ နောက်ပြန်မလာတော့နဲ့ဆိုတာနဲ့ သူ တပ်ခေါက်ပြန်ခဲ့ရတယ်လို့ ရေးထားပါတယ်။

Investigative journalist စုံစမ်းစူးစမ်းလေ့လာ သုတေသနလုပ်တဲ့ သတင်းသမားကတော့ စာအုပ်စာတမ်းပေါင်းစုံ ဖတ်၊ လူတွေ့မေးမြန်း သုတေသန လုပ်တာမို့ စာအုပ်က ပီပီပြင်ပြင် ထွက်လာတာပဲ ဖြစ်ပါတယ်။

အော်လစ်ယန်းနဲ့ အနီးစပ်ဆုံး အငယ်ဆုံးညီမ ရန်ကုန် စမ်းချောင်းမှာနေတဲ့ Judy ဆီ နေ့တိုင်းလိုလိုသွား မေးခွန်းတွေ တသီကြီးမေးတဲ့အထဲ အောလစ်ယန်း ဘယ်သူ့ကို အမုန်းဆုံးလဲဆိုတဲ့ မေးခွန်းလည်း ပါပါတယ်။ သူ့ယောကျ်ားလျာအစ်မက ကွန်မြူနစ်တွေနဲ့ လူကြီးတွေစီမံလို့ ယူခဲ့ရတဲ့ သူ့ခင်ပွန်းကို အမုန်းဆုံးပဲဆိုတဲ့ အဖြေရခဲ့ပါတယ်။

ဗမာပြည်က Robin Hood ဆိုပြီး တင်စားတဲ့ တောပုန်းကြီး ဗိုလ်စံဖဲ ဝင်စားတယ်လို့ တချို့ကယူဆတဲ့ အော်လစ်ယန်းကို သူ့မိခင်က သူတို့တရုတ်လူမျိုးထုံးစံ လူဂုဏ်ထံမိန်းမဆို ခြေသေးရမယ်ဆိုထုံးနဲ့ ခြေထောက်ကို စည်းနှောင်တဲ့အခါ အမေကို ပစ္စတိုချိန် ကန့်ကွက်ခဲ့တဲ့ အာဂ သမီးဖြစ်ပါတယ်။ 

၁၀ နှစ် သမီးမှာ လားရှိုးက ကက်သလစ်ကျောင်းသွားတက်တဲ့အခါ သူ့ကို အနိုင်ကျင့်တဲ့ လူနဲ့ ကတောက်ကဆ ဖြစ်ပြီး ကျောပိုးအိတ်ထဲက ပစ္စတိုထုတ်ပြမှုနဲ့ ကျောင်းထုတ်ခံရပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှာ ကျောင်းသွားတက်ပေမဲ့ ဂျပန်က ဗုံးကြဲချိန်နဲ့ ကြုံလို့ ကျောင်းက ပိတ်သွားပါတယ်။

ယောကျ်ားလေးလိုဝတ်၊ မိန်းကလေးချင်း ရည်ငံ စိတ်မထင်ရင် မထင်သလို ပစ္စတိုနဲ့ ချိန်တတ်ပေမဲ့ အော်လစ်ယန်းဟာ လူကြီးတွေ စီမံတာကိုတော့ လက်မခံချင်ဘဲ အိမ်ထောင်ပြုခဲ့ရပြီး Jeep ဆိုတဲ့ သားတစ်ယောက်မွေးပါတယ်။ သူနှစ်သက်တဲ့ ဂျစ်ကားကို အစွဲပြုပြီး သားကို ဂျစ်လို့ ခေါ်တာပါ။

အဲဒီနောက် မိန်းမလည်းမဆန်၊ မိန်းကလေးချင်းရည်ငံ၊ သေနတ်လည်းချစ်တဲ့ အောလစ်ယန်းဟာ ခင်ပွန်းရော မိသားစုပါ ထားခဲ့ပြီး သူပုန်လုပ် ဘိန်းကုန်ကူးသူဖြစ်လာပါတယ်။ သူအမုန်းဆုံးလို့ပြောတဲ့ ခင်ပွန်းသည်ကို သူ့သဘောနဲ့သူ ကွာရှင်းကြောင်းလည်း ကြေညာပါတယ်။

နောက် သူမုန်းတဲ့ ကွန်မြူနစ်အကြောင်းပြောရရင် တရုတ်ကွန်မြူနစ်ကို မလိုလားတဲ့ တရုတ်ဖြူနဲ့ စီအိုင်အေတို့ရဲ့ ၁၉၅၀ နှစ်ပိုင်းက Operation Paper လျှို့ဝှက်စာတမ်းက တွဲပါလာပါတယ်။

တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်တွေကို အရေးနိမ့်တဲ့ ကူမင်တန် တရုတ်ဖြူတွေကို သမ္မတ ထရူးမင်းလက်ထက်မှာ အမေရိကန်က လက်နက်ပံ့ပိုးတဲ့ အထူးလျှို့ဝှက်စာတမ်းမို့ ပင်တဂွန် စစ်ဌာနချုပ် စာရွက်စာတမ်းတွေမှာ ဒီအကြောင်း အသေးစိတ်မသိရဘူးလို့ ဆိုပါတယ်။

လက်နက်တွေက အောလစ်ယန်းဆီရောက်လာပြီး ကူမင်တန်တွေဆီပို့ပေး၊ တစ်ဖက်မှာလည်း ဘိန်းကုန်ကူးပြီး သူ့တပ်အတွက် ရန်ပုံငွေရှာပါတယ်။ တောအထပ်ထပ်တောင်အသွယ်သွယ်ဖြတ်ပြီး ထိုင်းအရောက် ကုန်ကူးတဲ့ သူစခဲ့တဲ့ လမ်းကြောင်းဟာ နောက်ပိုင်းမှာ ရွှေတြိဂံဒေသ မူးယစ်ဆေး မှောင်ခိုလမ်းကြောင်း ဖြစ်လာပါတယ်။ တရုတ်ကွန်မြူနစ်ကို စစ်ရှုံးပြီး မြန်မာနိုင်ငံမှာ ခိုလှုံနေတဲ့ ကူမင်တန်တွေနဲ့ သူ ပူးပေါင်းနေတာကို မြန်မာအာဏာပိုင်တွေက မနှစ်သက်ပါဘူး။

စာမျက်နှာ ၁၁၄ မှာ ၁၉၅၂ ခုနစ် အောက်တိုဘာ တစ်ရက်မှာ ဂျစ်ကားစီးလာချိန် ခါတိုင်းလို နယ်စပ်အစောင့်မတွေ့ရဘဲ တရုတ်တာဝန်ရှိသူတွေက နယ်စပ်ကို ပိတ်ထားတာနဲ့ကြုံပြီး ဖမ်းဆီးခံရတာ ဖော်ပြပါတယ်။

ဒီလိုနဲ့ မန္တလေးထောင်ရောက်၊ လက်နက်ပေးပို့မှုနဲ့ ပထမဆုံးအကြိမ် ထောင်နန်းစံရပါတယ်။ ထောင်ထဲမှာ ဝါဒါ ဒေါ်ဌေးဌေးနဲ့ ငြိစွန်းပြီး ပိုးကြေးပန်းကြေးအဖြစ် စည်းစိမ်ဥစ္စာတွေ ပုံအောပေးခဲ့ဖူးတဲ့ ရုပ်ရှင်မင်းသမီး အကယ်ဒမီ ဝါဝါဝင်းရွှေနဲ့ ရည်ငံတဲ့ သတင်းကလည်း လူသိများပါတယ်။ ရွှေမင်းသမီးနဲ့ အော်လစ်ယန်း တစ်ချိန်က အတူနေခဲ့ပြီး အသစ်ထပ်ဆောက်ထားတဲ့ အိမ်ကို သတင်းစာဆရာမက ရောက်ခဲ့ချိန်မှာ ဟိုဟို ဒီဒီမေးတဲ့အခါ အော်လစ်ယန်းနာမည် မဟရင်ကောင်းမယ်ဆိုတဲ့ သဘောမျိုး မင်းသမီးက ပြောပါတယ်။

မယ်ဗမာနှစ်ထပ်ကွမ်း KNU တပ်မဟာ ၅ က နော်လီဇာဘင်ဆင်ကိုလည်း အော်လစ်ယန်းက စိတ်ဝင်စားတယ်လို့လည်း ဆိုပါတယ်။ နောက်ပိုင်း မူဆယ်မှာပဲ ဇာတ်မြှုပ်ပြီး သက်တော်စောင့်တွေနဲ့ နေထိုင်ရင်း အသက် ၉၁နှစ်အရွယ်မှာ ခင်ပွန်းဘက်က သားအိမ်မှာ ၂၀၁၇ ခုနစ် ဇူလိုင် ၁၂ ရက်မှာ ကွယ်လွန်သွားပါတယ်။

ခမ်းခမ်းနားနား ကျင်းပတဲ့ အော်လစ်ယန်း ဈာပနကို နာမကျန်းဖြစ်နေတဲ့ ညီမအငယ်ဆုံး မတက်ရောက်နိုင်ဘဲ တစ်နေကုန်ငိုကြွေးနေတယ်လို့ ဆိုပါတယ်။ သူ့အစ်မဖြစ်ရပ်မှန်ကို ဖော်ထုတ်ရေးသားတဲ့အတွက် ကျေးဇူးတင်ကြောင်း သတင်းစာဆရာမကို ပြောတဲ့ Judy ဟာ သူနဲ့နောက်ဆုံးတွေ့ပြီး နောက်တစ်လအကြာမှာ အိပ်နေရင်း ကွယ်လွန်သွားတဲ့ အကြောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်မှာ နေထိုင်နေတဲ့ သူ့သား Jeep ကတော့ အမေဆုံးပါးတဲ့နေ့မှာ ပုံမှန်အတိုင်း အလုပ်ဆင်းပြီး သူ့ကိုခေါ်တဲ့ တယ်လီဖုန်းလည်း မကိုင်တဲ့အကြောင်း စာအုပ် နောက်ဆုံး အခန်း ၁၃ မှာ ရေးသားထားပါတယ်။
 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org