ဆင်းရဲတဲ့ လယ်သမားတွေအတွက် ဘိန်းစိုက်ပျိုးရေးက မက်လုံးဖြစ်နေ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအပြီး ဘိန်းထွက်ရှိမှု ၃၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။

၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းတစ်ခုတွင် တွေ့ရသည့် ဘိန်းစိုက်တောင်သူတစ်ဦး။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့အပြီး ပထမဘိန်းစိုက်ရာသီအတွင်း ဘိန်းအထွက် ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ အခုလိုမြင့်တက်လာတာဟာ ဘိန်းစိုက်ပျိုးပုံနည်းလမ်းတွေ တိုးတက်ပြောင်းလဲလာတာ၊ ဘိန်းစိုက်ပျိုးမှုက ရတဲ့ အကျိုးစီးပွား အဆမတန်ကြီးမားလာနေတာကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ အကြမ်းဖက်မှု၊ စီးပွားရေး ကသောင်းကနင်းဖြစ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ နိုင်ငံ့လူဦးရေအများစုက ဆင်းရဲတဲ့ဒဏ်ခံနေရပြီး လယ်ယာစိုက်ပျိုးရေးအပေါ်မှာသာ မှီခိုအားပြုနေကြရတာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုကပ်ရောဂါနဲ့အတူ နိုင်ငံ့ကျန်းမာရေးစနစ်က ပြိုလဲနေသလို ငတ်မွတ်ခေါင်းပါးမှု၊ အဓမ္မ နေရာပြောင်းရွှေ့ရတာတွေကြောင့် ဆင်းရဲတဲ့လယ်သမားတွေအတွက် ဘိန်းစိုက်ပျိုးတာက ကြီးမားတဲ့မက်လုံး ဖြစ်နေပါတယ်။

ချင်းပြည်နယ် မြောက်ဖျားပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရွှေတြိဂံနယ်မြေလို့ ခေါ်ကြတဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေဟာ ကမ္ဘာ့မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းရဲ့ အချက်အချာနေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစီးပွားရေးဟာ အမေရိကန်ဒေါ်လာ သန်း ၆၆၀ ကနေ နှစ်ဘီလီယံအထိ ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဘိန်းစိုက်စားရတဲ့ ဘိန်းတောင်သူတွေအတွက် ဘိန်းဟာ သူတို့ရဲ့စီးပွားရေးဖြစ်လို့ ဘိန်းခင်းတွေ ဖျက်ဆီးတာကလည်း ဆင်းရဲဒုက္ခကို ပိုမိုကြီးထွားလာစေကြောင်း၊ စီးပွားရေးတည်ငြိမ်မှုနဲ့ တခြားရွေးချယ်စရာတွေ မရှိဘူးဆိုရင် ဘိန်းစိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးဟာ ဆက်လက်ကျယ်ပြန့်နေမှာဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး UNODC ဒေသဆိုင်ရာကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။

လက်ရှိရာသီမှာ ဘိန်းတောင်သူတွေဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကထက် ဘိန်းရောင်းရငွေ နှစ်ဆရရှိခဲ့ကြောင်း အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။ ဘိန်းရောင်းချငွေ တန်ဖိုးက တစ်ကီလိုဂရမ်ကို ၇၀ ရာနှုန်း မြင့်တက် သွားခဲ့ပြီး အမေရိကန် ၁၆၆ ဒေါ်လာကနေ ၂၈၁ ဒေါ်လာအထိ မြင့်တက်သွားခဲ့ကြောင်း အစီရင်ခံစာတစ်ရပ်က ဖော်ပြပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်းတစ်ခုတွင် ဘိန်းစေးခြစ်နေသည်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်က တွေ့ရစဉ်။ (Photo: RFA)

ဒါ့ပြင် ပုံမှန်အားဖြင့်ကတော့ မြန်မာနိုင်ငံက ဘိန်းခင်းတွေက သေးငယ်ပြီး စနစ်တကျလည်း မရှိ၊ ကျေးရွာတွေ၊ လမ်းပန်း ဆက်သွယ်ရေးတွေနဲ့လည်း ဝေးကွာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီနှစ်အတွက် ခန့်မှန်းချက်က ဘိန်းခင်း တစ်ဟက်တာကနေ ပျမ်းမျှ ဘိန်း ၁၉.၈ ကီလိုဂရမ် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အမြင့်ဆုံးထွက်ရှိနိုင်တဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကထက် စိုက်ပျိုးဧက ပမာဏ ၃၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့တွေအားလုံး ထိတွေ့ဆက်ဆံဆွေးနွေးမှုတွေ အရှိန်မြှင့်ဆောင်ရွက်ကြဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံတောင်းဆိုခဲ့ကြပါတယ်။

မြန်မာ့ပြည်တွင်းရေးပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်ဘက်အစိုးရကို စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး နိုင်ငံဟာ ရှေ့ကို မရောက်နိုင်ဘဲ ဖြစ်နေရတာ အချိန်ကာလ နှစ်နှစ်ကျော် ရှိနေပါပြီ။ အခု အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာကျင်းပတဲ့ ၃၂ ကြိမ်မြောက် အာဆီယံချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး စည်းဝေးပွဲနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာလည်း မြန်မာကိစ္စကို ထပ်လောင်းပြောဆိုခဲ့ကြပါတယ်။

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် ၃၂ ကြိမ်မြောက် အာဆီယံ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး။ (Photo: AFP)

ဆွေးနွေးပွဲမှာ အာဆီယံဝန်ကြီးတွေက အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက် အကောင်အထည်ဖော်ရေးနိုင်ငံခြားရေးဆိုင်ရာ သုံးသပ်ချက်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ဖေဖော်ဝါရီ ၃-၄ ရက် ဆွေးနွေးပွဲ ရလဒ်တွေအတိုင်း အချက်ငါးချက်ပါ သဘောတူညီချက်အကောင်အထည်ဖော်ရေးသုံးသပ်ဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တွေ မပါဝင်ခဲ့ပါဘူး။ နိုင်ငံရေးဆိုင်ရာရှုပ်ထွေးခက်ခဲမှုတွေကြောင့်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်မှုတွေ ရပ်တန့်ထားပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ရေရှည်ငြိမ်းချမ်းရေး၊ သက်ဆိုင်သူတွေကြား ယုံကြည်မှု အမြန်တည်ဆောက်ရေး တွေဟာ လုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်ကြောင်း အာဆီယံပဋိညာဉ်နဲ့အညီ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ အဆင်ပြေပြေချောချောမွေ့မွေ့ ထိတွေ့ဆက်ဆံကြရမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org