ရခိုင်နဲ့ ချင်းဒေသမှာ တိုက်ပွဲဆက်ဖြစ်၊ အရပ်သားများဒဏ်ရာရ
2019.11.06
မနေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးဝရွာ နောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် ရဟတ်ယာဉ် နှစ်စီး လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်း ထုတ်ပြန်ထားပါတယ်။
ဘူးသီးတောင်မြို့နယ် စေတီတောင်ရွာအနီးကို လာရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ သရက်ပြင်ရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့မှာလည်း ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်မှုရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
"ကျောက်တော်မြို့နယ် မိချောင်းတဲရွာရဲ့ အရှေ့ဘက် ၁.၃ ကီလိုမီတာလောက်အကွာမှာ နေ့လယ် ၁၁ နာရီက စပြီးတော့ အဲဒီမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်။ နောက်တစ်နေရာကတော့ ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာအနီးမှာ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ အဲဒီတိုက်ပွဲမှာတော့ ရန်သူဘက်နေ တစ်ဦးသေပြီးတော့ နှစ်ဦးဒဏ်ရာရတာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း အဲဒီတိုက်ပွဲမှာ တစ်ဦး ဒဏ်ရာရတာ ရှိတယ်ဗျ"
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က ကြာညိုပြင်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ ဒီကနေ့ အခြေအနေကိုတော့ သတင်းတွေ တက်မလာသေးလို့ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေဆိုးချောင်းရွာ ဗျူဟာကုန်းအနီးမှာ မနေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားတဲ့ နေရာနားရှိနေတဲ့ ရေစိုးချောင်းရွာဒေသခံ ဦးအောင်ထွန်းမြဆိုသူ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒေသခံတွေက သူ့ကိုရှာဖွေဖို့ တပ်မတော်ဗျူဟာကုန်းကို သွားရောက် အကြောင်းကြားခဲ့ရာမှာ တပ်က တိုက်ပွဲဖြစ်နေချိန် ရွာထဲမှာပဲနေကြဖို့ ပြောဆိုတာကြောင့် လောလောဆယ် ရှာဖွေဖို့ အခြေအနေမပေးဘူးလို့ သူ့ရဲ့ ယောက်ဖဖြစ်သူ ဦးစိုးသိန်းထွန်းက ပြောပါတယ်။
"ဗျူဟာကို သွားတိုင်တယ်၊ တိုင်တော့ သူတို့က မနေ့က တိုက်ပွဲဖြစ်တယ်။ အဲဒီဘက်ကို မသွားနဲ့ဆိုပြီး တားထားတယ်။ အဲဒါကြောင့် သူ့ကို ရှာလို့မရဖြစ်နေတယ်။ ရှာလို့မရတဲ့အတွက် စိုးရိမ်နေတာ တစ်ခုပဲရှိတယ်"
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒေသခံ အရပ်သား ပျောက်ဆုံးတာ မသိရကြောင်း၊ ရေစိုးချောင်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာတော့ မှန်ကန်ကြောင်း ပြောပါတယ်။
"အရပ်သားတွေ ပျောက်တာ ဘာညာတော့ ကျွန်တော် ဘာမှအသံမကြားဘူး။ တိုက်ပွဲဖြစ်တာကတော့ မှန်တယ်။ ရန်သူဘက်က အလောင်း နှစ်လောင်းရတာပေါ့ဗျာ၊ အဲဒီရေစိုးချောင်းနားမှာ ဖြစ်တဲ့ဟာ"
ဒီနယ်မြေမှာ လေကြောင်းကနေ ကင်းထောက်နေတယ်၊ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ကျဆုံးတာ မရှိဘဲ ထိခိုက်ဒဏ်ရာရတာတော့ရှိတယ်လို့ ဆက်ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာအနီးမှာလည်း မနေ့ကတည်းက တစ်နေကုန် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ ကြာညိုပြင်ရွာရဲ့ ရခိုင်ရွာနဲ့ မွတ်စလင်ရွာတွေကို လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ မွတ်စလင်ရွာက သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားတယ်၊ ရခိုင်ရွာဘက်မှာတော့ နေအိမ် လေးလုံး မီးလောင်သွားတယ်၊ သရက်ပြင်ရွာလည်း လက်နက်ကြီးဒဏ် ခံနေရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
"ဒီနေ့ နှစ်နာရီလောက်က စဖြစ်တာ၊ လက်နက်ကြီးတွေနဲ့ထုတယ် လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ရွာမှာ မီးလောင်နေတယ်၊ မွတ်စလင်ရွာရော၊ ရခိုင်ရွာရော တစ်ရွာလုံးတော့ မဟုတ်ဘူး။ မွတ်စလင်ရွာက ယောက်ျားတစ်ယောက် ပေါင်မှာထိတယ်၊ မိန်းမတစ်ယောက်တော့ ဂုတ်ပေါ်မှာထိတယ်၊ ကလေးတစ်ယောက်ကတော့ ဘယ်နားမှာထိလဲ ကျွန်မတို့လည်း မသိသေးဘူး။ သူတို့က ဘူးသီးတောင်ဆေးရုံရောက်သွားပြီ"
ဒီရက်ပိုင်းအတွင်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာပါ။
ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း လက်နက်ကျည်၊ မိုင်း စတာတွေကြောင့် အရပ်သားတွေထဲ သေဆုံးသူ ၉၀ ကျော်ရှိနေပြီး ဒဏ်ရာရသူကတော့ ၁၃၀ ကျော်အထိ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။