တွေ့ဆုံဆွေးနွေးရေးမဖြစ်နိုင်သလို ပြည်ပမှလက်နက်အကူအညီရဖို့မဖြစ်နိုင်သေးကြောင်း‌ လေ့လာသူတွေပြော

RFA Burmese
2022.12.12
တွေ့ဆုံဆွေးနွေးရေးမဖြစ်နိုင်သလို ပြည်ပမှလက်နက်အကူအညီရဖို့မဖြစ်နိုင်သေးကြောင်း‌ လေ့လာသူတွေပြော မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ကို တွေ့ရစဉ်။
Myaung Special People's Defense Force - MSPDF

အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂကနေ ယူကရိန်းကို စစ်လက်နက်ထောက်ပံ့သလိုမျိုး မြန်မာနိုင်ငံက တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ကူညီပေးဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာလ ၃၀ ကနေ ဒီဇင်ဘာ ၁ ရက် နေ့အထိ Reuters သတင်းဌာနကြီးက ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ တောင်းဆိုထား ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တီထွင်ဖန်တီးသူတွေနဲ့ မူဝါဒရေးဆွဲသူတွေအပါအဝင် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့တာပါ။ အဲဒီဆွေးနွေးပွဲရဲ့ အမေးအဖြေအစီအစဉ်မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာနိုင်ငံက ပြည်သူတွေ သတ်ဖြတ်ခံနေရတဲ့ ဆင်းရဲဒုက္ခတွေကို အမြန်ဆုံး ချုပ်ငြိမ်းစေဖို့အတွက် အခုလို တောင်းဆိုရတာလို့ ပြောပါတယ်။

"တကယ်လို့များသာ ယူကရိန်းကို အမေရိကန်နဲ့ အီးယူတွေ ထောက်ပံ့သလိုသာ ထောက်ပံ့နိုင်မယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်သူလူထုရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ဆင်းရဲဒုက္ ခတွေဟာ အမြန်ဆုံး ပြေငြိမ်းသွားမယ်လို့ ကျနော်တို့ ခုနကလည်း ပြောထားပြီး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အင်မတန်အားကောင်းတဲ့ လက်နက်တွေနဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေနဲ့ ပြည်သူလူထုကို သတ်ဖြတ်ပြီးတော့ ရွာစဉ်လှည့်ပြီး မီးရှို့နေတာကို ကျနော်တို့ အမြန်ဆုံး ရပ်ဆိုင်းချင်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ က ကိုယ်ချင်းစာနာစိတ်ရှိတဲ့ မိတ်ဆွေများအနေနဲ့ အမြန်ဆုံး တစ်ဦးချင်းသော် လည်းကောင်း၊ နိုင်ငံအလိုက်သော် လည်းကောင်း ကူညီမယ်ဆိုရင် အရမ်း ကျေးဇူး တင်ပါတယ်"

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒီတောင်းဆိုချက်ကို ကြားရတာ ဟာသတစ်ပုဒ်လို ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

"ပြောရင်တော့ ဟာသကြီးပါပဲ။ ဟာသကြီးဆိုတာက လက်ရှိဖြစ်နေတဲ့အခြေအနေကို နိုင်ငံတကာက ဘယ်နေရာမှာသွားပြီးတော့ သူ့ရဲ့အကျိုးစီးပွားပေါ့၊ ဒီအကျိုးစီးပွား၊ ဘယ်နားမှာ ဦးတည်နေလဲ။ တကယ့်အကျိုးစီးပွားက ဘာလဲ၊ ဘာကိုဦးတည်နေလဲ သိတတ်ဖို့လိုတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်မှာတောင်မှ NUG ရုံးခန်း သွားဖွင့်တယ်ဆိုပေမယ့် တရားဝင် ခွင့်ပြုတာမဟုတ်ဘူးလို့ ကြေညာထားတယ် မဟုတ်လား၊ အဲလိုပါပဲ။ ပြောရရင် NUG ရဲ့ အနာဂတ်ကိုပြောရရင် အနောက်နိုင်ငံက သူတို့ကို ကူညီမယ်ဆိုတာ လေနဲ့ပဲ ရှိကောင်းရှိလိမ့်မယ်”

NUG ယာယီသမ္မတ ဒူဝါလရှီးလက Reuters NEXT ကမ္ဘာ့ဖိုရမ်ရဲ့ အမေးအဖြေအစီအစဉ် မှာ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်းပြောဆိုခဲ့ ပါတယ်။

ဒီအတွက် လက်ရှိအခြေအနေမှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NUG တို့အကြား စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်လာမလားဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိလာပါတယ်။

NUG နဲ့ ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် စစ်တပ်က နိုင်ငံရေးမှာ လုံး၀မပါဝင်ရဆိုတဲ့အချက် အပါအဝင် အဓိက အချက်လေးချက်ကို သဘောတူဖို့လိုအပ်တယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က ပြောပါတယ်။

"ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒကတော့ စစ်တပ်က နိုင်ငံရေးနဲ့မဆိုင်ဘူး။ နိုင်ငံရေးက ထွက်ကို ထွက်ရမယ်။ အရပ်သားအစိုးရ ဒီမိုကရေစီအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ရှိကိုရှိရမယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့အတွက် ဒီ ၂၀၀၈ မတရားတဲ့ ခြေဥကို ဖျက်သိမ်းမယ်။ နောက် ကျနော်တို့ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိရဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့သူတွေက တာဝန်ယူရမယ်၊ တာဝန်ခံရမယ်။ နောက်တစ်ခုက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတွေ ဖြစ်ဖို့အတွက် ကျနော်တို့အစိုးရ လူထုရဲ့လိုလားချက်အတိုင်း ဆောင်ရွက်မယ်ဆိုတာ ထပ်လောင်း ပြောကြားချင်ပါတယ်"

စစ်ကောင်စီဘက်ကလည်း လတ်တလော ဆွေးနွေးဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်ရ၊ စစ်ကောင်စီကို မဖျက်သိမ်းရ၊ အစားမထိုးရဆိုတဲ့ အချက်တွေကို ဆုပ်ကိုင်ထားတာကြောင့် NUG နဲ့ စစ်ကောင်စီကြား နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းဖို့ဆိုတာဟာ လတ်တလောမှာ ဖြစ်နိုင်ဖို့ ခဲယဉ်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နှစ်ဖက်တောင်းဆိုချက်တွေဟာ မနီးစပ်ဘဲ ကွာဟလွန်းတယ်လို့ Prak Sokhonn က ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း လက်ရှိ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ အလှမ်းဝေးနေဆဲလို့ ပြောပါတယ်။

"နံပါတ် တစ်က နိုင်ငံရေးက စွန့်ခွာဖို့၊ နံပါတ် နှစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့၊ အဲဒီနှစ်ချက်လုံးကို သူ (စစ်ကောင်စီ) က လိုက်လျောမှာ မဟုတ်ဘူး။ သူက သေတဲ့အထိ အဲဒါကို ခုခံကာကွယ်သွားမှာ။ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ရေး ဆိုတာကတော့ လက်ရှိအခြေအနေမှာ မြင်သာတဲ့အကွာအဝေးတစ်ခုအထိ မရှိသေးဘူး"

တွေ့ဆုံဆွေးနွေးရေး အလှမ်းဝေးနေဆဲဖြစ်သလို NUG တောင်းခံနေတဲ့ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂကနေ စစ်လက်နက် တိုက်ရိုက်ထောက်ပံ့ ကူညီပေးဖို့ဆိုတာဟာလည်း မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

"စစ်ရေးအားဖြင့်ကူညီရလောက်အောင် အရေးပါတဲ့အနေအထားမှာရှိမနေတဲ့အတွက်ကြောင့် အကူအညီရဖို့အတွက် မဖြစ်နိုင်သလောက်နည်းပါတယ်"

မြန်မာနိုင်ငံဟာ ပထဝီအနေအထားနဲ့ စစ်ရေးအရ အနောက်နိုင်ငံတွေအတွက် အရေးပါတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုကျော်စောဟန်က သုံးသပ်ပါတယ်။

"နိုင်ငံတကာကပေါ့နော် NUG ကို ယူကရိန်းကို ကူညီပေးသလိုမျိုးပေါ့နော်၊ စစ်ရေး အကူအညီ ပေးဖို့ဆိုတာတော့ ကျနော်တို့ ဘယ်လိုမှဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးပေါ့နော်။ ယူကရိန်းမှာ အကူအညီရတယ်ဆိုတာက သူ့ဒေသတွင်း ပထဝီနိုင်ငံရေးနဲ့ နေတိုးကိစ္စတွေ ကြောင့် ရတာပေါ့နော်။ မြန်မာနိုင်ငံက အဲလောက်ထိအရေးပါတဲ့ အနောက်နိုင်ငံတွေ အတွက်အရေးပါတဲ့အနေအထားမှာ ရှိမနေဘူးပေါ့နော်။ စစ်ရေးအားဖြင့် ကူညီရလောက် အောင် အရေးပါတဲ့ အနေအထားရှိမနေဘူးပေါ့နော်။ စစ်ရေးအားဖြင့်ကူညီရလောက်အောင် အရေးပါတဲ့အနေအထားမှာရှိမနေတဲ့ အတွက်ကြောင့် အကူအညီရဖို့အတွက်မဖြစ်နိုင်သလောက်နည်းပါတယ်"

လတ်တလော အနေအထားနဲ့ အခက်အခဲမျိုးစုံကြောင့် တွေ့ဆုံဆွေးနွေးရေးဟာ အလှမ်း ဝေးနေပေမယ့်လည်း မြန်မာ့နိုင်ငံရေးမှာ လက်ရှိ ပြည်တွင်းပဋိပက္ခတွေကို အဆုံးသတ်နိုင် တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးညှိနှိုင်းတာကသာ အကောင်းဆုံး အဖြေပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က မှတ်ချက်ပေးပါတယ်။

"ဒီပြဿနာကို ပြေပြေလည်လည်နဲ့ အေးအေးချမ်းချမ်း ဖြစ်သွားချင်တယ်ဆိုရင် စစ်ကောင်စီအနေနဲ့ NUG နဲ့ဆွေးနွေးတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးတာ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အရင် သူ့သမိုင်းကြောင်းမှာလည်း လက်နက်ကိုင်တိုက်ပွဲနဲ့ အဖြေရှာတာကို တစ်လျှောက်လုံး ဆန့်ကျင်ခဲ့တယ်၊ မလုပ်ခဲ့ဘူး။ မထောက်ခံဘူးပေါ့နော်။ ဆိုတော့ သူ့ကိုဆွေးနွေးနိုင်ရင် အထူးပြောချင်တာကတော့ စစ်ကောင်စီ အခုလုပ်မယ့်ရွေးကောက်ပွဲတွေမှာ ပါဝင်လာအောင် စည်းရုံးနိုင်မယ် ဆိုရင်တော့ ဒီပြဿနာတွေ ပြေလည်နိုင်တာပေါ့နော်"

အဲဒီလိုမှ မဆွေးနိုင်ဘူးဆိုရင်တော့ လက်ရှိ ပြည်တွင်း ပဋိပက္ခတွေ ပိုဆိုးလာပြီး တိုင်းပြည်နဲ့ လူထုပဲ ထိခိုက်နစ်နာလိမ့်မယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

burned-paunghlekone-village.jpg
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပေါင်းလှဲကုန်းကျေးရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၇,၀၀၀ ကျော်အထိ ရှိလာပြီး၊ မီးရှိ့ဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံ လေးသောင်းနီးပါး ရှိပါတယ်။ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကရင်နဲ့ ကရင်နီ ဒေသအပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည်အသစ် တစ်သန်းခုနစ်သိန်း နီးပါး တိုးလာပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ National Defense Authorization Act (NDAA) မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို နည်းပညာအထောက်အပံ့ပေးမယ်လို့ ဖော်ပြထားပါတယ်။

ဖက်ဒရယ်စနစ်ခိုင်မာစေဖို့အတွက် လုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအပါအဝင် ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို လက်နက်မဟုတ်တဲ့ နည်းပညာနဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် အကူအညီတွေ ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။