စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် NUG နဲ့ EAO တွေ ဘုံသဘောတူညီချက်ထုတ်ပြန်

RFA Burmese
2024.01.31
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် NUG နဲ့ EAO တွေ ဘုံသဘောတူညီချက်ထုတ်ပြန် ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်။
RFA

စစ်တပ်နိုင်ငံရေးမှာပါဝင်နေတာကို အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး ဦးတည်ချက်တွေ ပါဝင်တဲ့ ဘုံသဘောတူညီချက်တစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေ ပူးပေါင်းပြီး ဇန်နဝါရီ ၃၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

NUG နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF တို့ ပူးတွဲထုတ်ပြန်တဲ့ အဲဒီဘုံသဘောတူညီချက်မှာ ဦးတည်ချက် ခြောက်ရပ်၊ ရပ်တည်ချက် ကိုးချက်၊ အဆင့်ဆင့်လုပ်ငန်းစဉ် ခြောက်ချက်ဆိုပြီး ဖော်ပြထားပါတယ်။

စစ်တပ်နိုင်ငံရေးမှာပါဝင်နေတာကို အဆုံးသတ်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးပါဝင်တဲ့ အဓိကဦးတည်ချက် ခြောက်ရပ်ကို စစ်ကောင်စီဘက်က လက်ခံမယ်ဆိုရင် စစ်အာဏာသိမ်းမှု အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေး ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဆွေးနွေးတိုင်ပင်သွားမယ်လို့ ဆိုပါတယ်။

"စစ်ကောင်စီနဲ့ စကားပြောတာ၊ မပြောတာက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ ကျွန်တော်တို့ အဓိကတာဝန်ရှိသူတွေကြားထဲမှာ ထပ်ပြီးဆွေးရမယ့်အချက် ဖြစ်တာပေါ့”

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ဒီလို ဦးတည်ချက်တွေ ရှိတယ်ဆိုတာကို ပထမအဆင့်ချပြတာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ဒါကတော့ ကျွန်တော်တို့ ပထမဆင့်အနေနဲ့ တော်လှန်ရေးအင်အားစုတွေကြားထဲမှာပေါ့နော် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်ကိုပဲ ဒီနိုင်ငံရေး ဦးတည်ချက်တွေရှိတယ်၊ ရပ်တည်ချက်တွေရှိတယ်၊ လုပ်ငန်းစဉ်အဆင့်ဆင့်ဆိုပြီးတော့မှ ချထားတာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ အဓိကတာဝန်ရှိသူတွေကြားထဲမှာ ညှိနှိုင်းပြီးတော့မှ သွားရမယ့်လုပ်ငန်းစဉ်တွေ ဖြစ်တယ်။ စစ်ကောင်စီနဲ့ စကားပြောတာ၊ မပြောတာက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ ကျွန်တော်တို့ အဓိကတာဝန်ရှိသူတွေကြားထဲမှာ ထပ်ပြီးဆွေးရမယ့်အချက် ဖြစ်တာပေါ့”

လက်ရှိအခြေအနေရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ နိုင်ငံရေးဘုံသဘောတူညီချက် ရရှိခဲ့ပြီး ဒီသဘောတူညီချက်တွေကို နောက်ထပ်တော်လှန်ရေးအင်အားစုတွေ လက်ခံလာဖို့ ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က လက်ခံလာအောင်လည်း စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအရ ဖိအားပေးရမယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး က ပြောပါတယ်။

“လက်ခံလာအောင် ကျွန်တော်တို့ ဝိုင်းကြိုးစားဖို့လိုတာပေါ့နော်။ သူကတော့ ပိုနေမြဲ၊ ကျားနေမြဲပဲ ဆက်သွားလို့ရအောင် ကြိုးစားနေတာပဲ။ ဒီကိစ္စက လွယ်တဲ့ကိစ္စ မဟုတ်သလို အားလုံးပါဝင်ဖို့ လိုအပ်တယ်။ သံတမန်ရေး နည်းလမ်းတို့ စစ်ရေးအရ ကျွန်တော်တို့ ဆက်ပြီးတော့ ဖိအားပေးရမယ့်ကိစ္စတွေ၊ ပြည်သူလူထုကလည်း ဆက်ပြီးတော့ ပုံစံအမျိုးမျိုးနဲ့ တိုက်ပွဲဝင်ရမယ်။ ပုံစံအမျိုးမျိုးပေါ့၊ ပိတ်ဆို့မှုတွေ လုပ်ရမယ်။ နောက်ပြီးတော့ စီးပွားအရ ပိတ်ဆို့မှုတွေလုပ်ဖို့ အားမြှင့်ဆောင်ရွက်ဖို့လိုတယ် စသဖြင့်ပေါ့လေ”

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းထားမှုနဲ့ စစ်ကောင်စီကို အပြီးသတ်ဖယ်ရှားပြီးရင် ဖက်ဒရယ်အဆင့်ဆင့်အတွက် ပြည်နယ်/ ဖက်ဒရယ်ယူနစ်အစိုးရတွေ ဖွဲ့စည်းပြီး T-NUG လို့ အတိုကောက်အမည်ပေးထားတဲ့ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နယ်နိမိတ်ပိုင်းခြားရေးကိစ္စကို ငြိမ်းချမ်းစွာ ဆွေးနွေးသွားမယ်၊ နိုင်ငံသစ်ကို ပြန်လည်တည်ဆောက်မယ်လို့ ဖော်ပြ ထားပါတယ်။

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဦးတည်ချက်တွေကို စစ်ကောင်စီဘက်က လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“အရင်းခံသဘောတရားကတော့ စစ်တပ်က နိုင်ငံရေးကနေ ထွက်ခွာဖို့ဆိုတဲ့ကိစ္စဟာ စစ်ကောင်စီက ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ အဲဒါဟာ စစ်တပ်ရဲ့ ကျဆုံးခန်း၊ စစ်အာဏာရှင်စနစ် မြေမြှုပ်သင်္ဂြိုဟ်ခံရမယ့် လမ်းကြောင်းဖြစ်တဲ့အတွက် ဒီအဆိုပြုချက်တွေကိုလည်း စစ်ကောင်စီက လက်ခံစဉ်းစားလိမ့်မယ်လို့ ကျွန်တော်ကတော့ ဘယ်တော့မှ မယူဆပါဘူး”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဥပဒေပြင်ပကနေ တောင်းဆိုနေတယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက် စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နိုင်ငံရေးအရ ဆွေးနွေးဖို့လိုအပ်ပြီး၊ လွှတ်တော်ကနေ အတည်ပြုချက်လိုတယ်၊ ဒါကြောင့် ပီအာစနစ်နဲ့ ရွေးကောက်ပွဲလုပ်ရမယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်နက်ကိုင် လမ်းစဉ်နဲ့ တောင်းဆိုလို့မရနိုင်ဘူးလို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်လာဖို့ဆိုရင် စစ်တပ်ရဲ့ ဦးဆောင်မှုကို နာခံရမယ်၊ လက်နက်ကိုင်တိုက်နေတာကို အသိအမှတ်မပြုဘူးဆိုတာကို စစ်ကောင်စီဥက္ကဋ္ဌက အသိပေးလိုက်တာလို့ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“သဘောကတော့ဗျာ အားလုံးက ငြိမ်းချမ်းရေးလမ်းကြောင်းကို ပြန်ရောက်သွားပြီးတော့ တပ်မတော်ရဲ့ လက်ရှိ အခုအနေအထားမှာ ဒီမိုကရေစီအစိုးရတစ်ခုပေါ်ပေါက်လာဖို့အတွက် တပ်ရဲ့ ဦးဆောင်မှုကို နာခံမယ်။ နာခံပြီးလို့ရှိရင် ပေါ်လာမယ့်လွှတ်တော်မှာ ပြောပါဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလို လက်နက်ကိုင် တိုက်နေလို့ကတော့ ခင်ဗျားတို့ကို အသိအမှတ်မပြုဘူးဆိုတဲ့ သဘောပဲခင်ဗျာ”

CRPH က ၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်နေ့က ပယ်ဖျက်ကြောင်း ကြေညာပြီးနောက် ဧပြီ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က ပြည်သူတချို့  ၂၀၀၈ စာအုပ်ကို  မီးရှို့နေစဉ်။   (Photo: Citizen Journalist)
CRPH က ၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်နေ့က ပယ်ဖျက်ကြောင်း ကြေညာပြီးနောက် ဧပြီ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က ပြည်သူတချို့ ၂၀၀၈ စာအုပ်ကို မီးရှို့နေစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေပဲ ဆွေးနွေးဖို့ ပြောနေတာကြောင့် ဒီမိုကရေစီအစိုးရပေါ်လာရေးအတွက် စစ်တပ်ဦးဆောင်မှုကို နာခံရမယ်ဆိုတဲ့ အချက်က ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ပုံစံက ၂၀၀၈ အခြေခံဥပဒေအောက်မှာသွားတဲ့ ဆွေးနွေးမှုပုံစံ ဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေအောက်ကသွားရင် ၂၀၀၈ အခြေခံဥပဒေသည် တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုသွားတဲ့ လမ်းကြောင်းကို ဘယ်လိုမှ ဖွင့်မပေးတဲ့လမ်းကြောင်း ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးအတွက် ရေးဆွဲထားတာဖြစ်တယ်။ ၂၀၀၈ အောက်ကနေ ဆွေးနွေးရင် ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး”

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရမယ်၊ စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအောက်မှာပဲ ရှိရမယ်၊ စစ်တပ်နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ရမယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ တော်လှန်ရေးအောင်မြင်ဖို့နဲ့ စနစ်ပြောင်းနိုင်ငံရေးအတွက် အသုံးချဖို့ဖြစ်ပြီး တော်လှန်ရေးအလွန် ကာလမှာတော့ တော်လှန်ရေးမှာပါဝင်ခဲ့သူအားလုံးရဲ့ စုပေါင်းဦးဆောင်မှုနဲ့ နိုင်ငံသစ်ကို တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။